ဇန်နဝါရီ ၁၉
တောင်အာဖရိက၊ မိုဇမ်ဘစ်နှင့် ဇင်ဘာဘွေအပါအဝင် တောင်အာဖရိကနိုင်ငံများစွာတွင် ရက်သတ္တပတ်များစွာ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ လူပေါင်း ၂၀၀ ကျော်သေဆုံးပြီး ပိုင်ဆိုင်မှုများစွာ ပျက်စီးဆုံးရှုံးခဲ့ရာဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ကြကြောင်းဖော်ပြထားသည်။
နိုင်ငံမြောက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိသဖြင့် အမျိုးသားဘေးအန္တရာယ်ဒေသအဖြစ် တောင်အာဖရိကအမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက ယမန်နေ့က ကြေညာခဲ့သည်။
ဒေသခံမီဒီယာများ၏ ဖော်ပြချက်အရ ဒီဇင်ဘာလနှောင်းပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လင်ပိုပိုပြည်နယ်တွင် ရေကြီးရေလျှံမှုများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ကလေးနှစ်ဦးအပါအဝင် လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့သည်။ Mpumalanga ပြည်နယ်တွင် ရေကြီးရေလျှံမှုနှင့်ဆက်စပ်သော ဖြစ်ရပ်များတွင် လူ ၂၀ ဦး သေဆုံးခဲ့ကြောင်း၊ Limpopo ဒေသတွင် အိမ်ခြေ ၁၆၀၀ ကျော်နှင့် စာသင်ကျောင်း ၃၁ ကျောင်း ထိခိုက်ခဲ့ပြီး Mpumalanga ရှိ အိမ်ခြေ ၁၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဖော်ပြထားသည်။
ရေကြီးမှုကြောင့် အာဖရိက၏ အကြီးဆုံး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောများအနက် တစ်ခုဖြစ်သည့် Kruger အမျိုးသားဥယျာဉ်ကိုလည်း တစ်စိတ်တစ်ပိုင်း ပိတ်ပစ်ခဲ့ရပြီး ရေမြင့်တက်လာမှုကြောင့် လမ်းများနှင့် စခန်းချရာနေရာများ ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
တောင်အာဖရိကအမျိုးသားကာကွယ်ရေးတပ်ဖွဲ့သည် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီရန်နှင့် ထိခိုက်မှုပြင်းထန်သော ဒေသများတွင် ပိတ်မိနေသော ဒေသခံများကို ရွှေ့ပြောင်းပေးရန် ရဟတ်ယာဉ်နှစ်စင်း စေလွှတ်ခဲ့သည်။
မိုဇမ်ဘစ်တွင် မိုးရာသီအတွင်းရာသီဉတုအလွန်ဆိုးရွားသဖြင့် လူ ၁၀၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် လူပေါင်း ၂၀၀၀၀၀ ကျော် ထိခိုက်ခံစားခဲ့ရသည်။ လယ်ယာမြေဧက ၁၇၃၀၀၀ ခန့် ရေလွှမ်းမိုးခံရပြီး စားနပ်ရိက္ခာဖူလုံရေးကို ခြိမ်းခြောက်လျက်ရှိသည်ဟု အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် အန္တရာယ်လျှော့ချရေးဌာနက ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သိရသည်။
ဇင်ဘာဘွေနိုင်ငံ၏ ပြည်သူ့ကာကွယ်ရေးဌာနက ဇန်နဝါရီလအစောပိုင်းမှစ၍ လူ ၇၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အိမ်ခြေ ၁၀၀၀ ကျော် ပျက်စီးကာ ကျောင်းများ၊ လမ်းများနှင့် တံတားများ ပျက်စီးခြင်း သို့မဟုတ် ရေကြီးရေလျှံမှုကြောင့် မျောပါသွားခဲ့ကြောင်း ပြောကြားခဲ့သည်။
မာဒါဂက်စကာ၊ မာလာဝီနှင့် ဇမ်ဘီယာအပါအဝင် အိမ်နီးချင်းနိုင်ငံများတွင်လည်း ရေကြီးရေလျှံမှုနှင့် ရာသီဥတုဆိုင်ရာ အနှောင့်အယှက်များ ဖြစ်ပွားခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
ဖြည်းဖြည်းချင်းရွေ့လျားနေသော လေဖိအားနည်းရပ်ဝန်းတစ်ခုကြောင့် တောင်အာဖရိကတစ်လွှားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့သည်။ အေဂျင်စီက လာမည့်ရက်များအတွင်း အထူးသဖြင့် တောင်အာဖရိက၊ မိုဇမ်ဘစ်နှင့် ဇင်ဘာဘွေတို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများ ထပ်မံဖြစ်ပွားနိုင်သည်ဟု သတိပေးပြောကြားခဲ့ရာ ရေကြီးရေလျှံမှုများထပ်မံဖြစ်ပွားမည်ကို စိုးရိမ်မှုများ မြင့်တက်လာသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


