မော်လိုက် ၂၁ ဧပြီ         

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ တောင်းအင်ကျေးရွာ၌ ကျေးလက်နေ ပြည်သူများ အိမ်တွင်းမှု အတတ်ပညာလုပ်ငန်းဖြင့် မိသားစုဝင်ငွေရရှိရေးအတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းကာ အိမ်တွင်းမှုလုပ်ငန်း လက်ကိုင်အိတ်၊ လက်ကိုင်ခြင်း ပြုလုပ်နည်း သင်တန်းကို ယနေ့နံနက် ၈ နာရီက တောင်းအင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

 

သင်တန်းဖွင့်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ကေသီရွှေက သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသူများအတွက် သင်ထောက်ကူပစ္စည်းများအား ပေးအပ်ခဲ့ကြသည်။

 

အဆိုပါ အိမ်တွင်းမှုလုပ်ငန်းသင်တန်းသို့ တောင်းအင်ကျေးရွာ၊ သာနန်းတောကျေးရွာနှင့် ခါတွန်ကျေးရွာများမှ သင်တန်းသူ(၃၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလ တစ်ရက်ကြာ ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။

 

မော်လိုက်သားလေး