နေပြည်တော် အောက်တိုဘာ ၁
(၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တောင်ကြီးမြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ရဲတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့၏ လုပ်ပိုင်ခွင့်များ၊ လုပ်ငန်းကျွမ်းကျင်မှုများနှင့် အတူ ဥပဒေကို ကိုင်တွယ်အသုံးပြုရာတွင် ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုပြုနိုင်သည့် ရဲတပ်ဖွဲ့ကောင်းများဖြစ်ရန် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဖြောင့်မတ်တည်ကြည်မှန်ကန်စွာ အဂတိကင်းအောင် အလေးထားဆောင်ရွက်သွားကြရန်၊ ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာတွင် ရဲလုပ်ငန်းကျွမ်းကျင်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သမာသမတ်ရှိမှုနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးကို ရည်မှန်းပြီး နိုင်ငံတော်နှင့် ပြည်သူကို အကျိုးပြုရသည့် မိမိအလုပ်ကို တန်ဖိုးထားဂုဏ်ယူစွာ ကြိုးပမ်း လုပ်ဆောင်သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ရဲတပ်ဖွဲ့မှူးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်က ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။
လှည့်လည်ကြည့်ရှု
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တစ်ဆင့်မြင့်ရာထူးတိုးမြှင့်ခြင်းခံရသူ တပ်ဖွဲ့ဝင်များ၊ အမှုထမ်းကောင်း လက်မှတ်ရရှိသူ တပ်ဖွဲ့ဝင်များနှင့် ရဲချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာ ရရှိသူ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကို ဂုဏ်ပြုဆုများ၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့နှင့် သီးခြားတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် ပြခန်းများအားလှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


