နေပြည်တော် ၂ ဇန်နဝါရီ
တောင်ကြီးမြို့နယ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များအဖြစ် အယောင်ဆောင်၍ လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ အဝေရာမီးပုံးပျံကွင်းအတွင်း၌ စိုင်းကျော်လင်းပါ(၄)ဦး တို့သည် ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းက ၎င်းပိုင် Honda Fit အမျိုးအစား မော်တော်ယာဉ်ပေါ်တွင် ထိုင်နေစဉ် အရပ်ဝတ်ဖြင့် အမျိုးသား ၃ ဦးမှာ Surf အမျိုးအစား မော်တော်ယာဉ်ဖြင့် ရောက်ရှိလာခဲ့ပြီး မူးယစ်တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ပြောဆိုကာ လက်ထိပ်ပြ၍ မူးယစ်ဆေးဝါးရှာဖွေခဲ့ရာ တစ်စုံတစ်ရာ တွေ့ရှိခြင်းမရှိဘဲ ရဲစခန်းသို့ လိုက်ခဲ့ရန်ပြောဆိုခဲ့ပြီး တောင်ကြီး-ဟိုပုံး ကားလမ်းအတိုင်း ခေါ်ဆောင်သွားကာ တောင်ကြီးတက္ကသိုလ်မီးပွိုင့်လမ်းဆုံအနီး ကညနရုံးရှေ့အရောက်တွင် ကားပေါ်မှ ဆင်းခိုင်းခဲ့ပြီးနောက်လက်ကိုင်ဖုန်း(၂)လုံးနှင့် မော်တော်ယာဉ်တို့အား မောင်းနှင်ထွက်ပြေးသွားသည်။
၎င်းတို့အား တောင်ကြီးမြို့မရဲစခန်းသို့ တိုင်ကြားသဖြင့် ပူးပေါင်းအဖွဲ့မှ ဝိုင်းဝန်းပိတ်ဆို့ရှာဖွေ ဖမ်းဆီးခဲ့ရာ ဇန်နဝါရီ ၁ ရက် မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့၊ စူဠာမုနိဘုရားအဆင်းကားလမ်း၌ နောင်နောင်ထွန်း(၃၀)နှစ်၊ ဝေယံငြိမ်း(၃၆)နှစ်၊ အောင်နိုင်စိုး(၂၄) နှစ်တို့(၃)ဦးအား လုယူသွားသည့် Honda Fit အမျိုးအစားမော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်၍ မွန်းလွဲ ၂ နာရီခွဲတွင် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဖရဲမြို့ ငွေတောင်လမ်း၊ နယ်မြေ(၁၁)ရှိ ဝေယံငြိမ်း၏ နေအိမ်မှ အခင်းဖြစ်ချိန်၌ အသုံးပြုခဲ့သည့် Surf အမျိုးအစား မော်တော်ယာဉ်အားသိမ်းဆည်းရမိခဲ့သဖြင့် ပြည်သူ့ဝန်ထမ်းအယောင်ဆောင်၍ လုယက်မှု ကျူးလွန်သူများအား တောင်ကြီးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)


