တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အဆောက်အအုံများတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးလေ့ကျင့်ခန်းများ ဆောင်ရွက်

ဆိုးလ်၊ မတ် ၇

တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်ရှိ အဓိက အဆောက်အအုံများတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး လေ့ကျင့်ခန်းများကို တောင်ကိုရီးယားတပ်ဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း ယနေ့အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

ကေဘီအက်စ် ရုပ်မြင်သံကြားဌာနအား အကြမ်းဖက်သမားများ ဝင်ရောက်စီးနင်းမှုကို တုံ့ပြန်ချေမှုန်းသည့် လေ့ကျင့်ခန်းကို တောင်ကိုရီးယား ကြည်းတပ် တပ်ဖွဲ့ဝင်များက သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။ တပ်ဖွဲ့ဝင်များသည် ယင်းရုပ်မြင်သံကြားဌာန၏ ဝင်ပေါက်နှင့် အဆောက်အအုံ ခေါင်မိုးပေါ်မှ စီးနင်းဝင်ရောက်ကာ အကြမ်းဖက်သမားများအား ချေမှုန်းခြင်းကို လေ့ကျင့်ခဲ့ကြသည်။

အဆိုပါ လေ့ကျင့်မှုအတွင်း ရုပ်မြင်သံကြားဌာန၌ ဗုံးကဲ့သို့သော ဖောက်ခွဲရေးပစ္စည်းများ ရှင်းလင်းဖယ်ရှားခြင်းနှင့် ထိတွေ့မှု ဖြစ်စဉ်အတွင်း ဒဏ်ရာရသူများအား ဘေးလွတ်ရာသို့ကယ်ဆယ်ခြင်းလုပ်ငန်းများ လေ့ကျင့်ခဲ့ ကြသည်။

မတ် ၅ ရက်ကလည်း ဆိုးလ်မြို့ရှိ ဘေ့စ်ဘောကစားကွင်းတွင် အလားတူလေ့ကျင့်ခန်းကို လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။ တောင်ကိုရီးယားတပ်ဖွဲ့သည် ပြည်သူများ အဓိက သွားလာနေသည့် အဆောက်အအုံများတွင် အကြမ်းဖက်မှုများမဖြစ် ပွားစေရေးအတွက် ၎င်းလေ့ကျင့်ခန်းကို ဆောင်ရွက်ခြင်းဖြစ်သည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-စိုးသူရ