တောင်ကိုရီးယားနိုင်ငံ၏ ဆန်စပါးအထွက်နှုန်း ၂၀၂၃ ခုနှစ်တွင် ၁ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်း

 

ဆိုးလ်၊ နိုဝင်ဘာ ၁၄

 

တောင်ကိုရီးယား နိုင်ငံ၌ စိုက်ပျိုးဧရိယာနည်းပါးခြင်းကြောင့် ယခုနှစ်ဆန်စပါး အထွက်နှုန်းမှာ ကျဆင်းခဲ့ကြောင်း တောင်ကိုရီးယား စာရင်းအင်းရုံးက နိုဝင်ဘာ ၁၄ ရက်တွင် ဖော်ပြခဲ့သည်။

 

ယခုနှစ်တွင် ဆန်ထုတ်လုပ်မှု စုစုပေါင်းတန်ချိန် ၃၇၀၂၀၀၀ ရှိခြင်းကြောင့် ယခင်နှစ်ကထက် ၁ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း တောင်ကိုရီးယား စာရင်းအင်းရုံးက ပြောကြားသည်။

 

တောင်ကိုရီးယားနိုင်ငံ၏ ဆန်စပါးအထွက်နှုန်းသည် ၂၀၂၁ ခုနှစ်တွင် ၁၀ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်မှုရှိခဲ့ပြီး နောက်နှစ်နှစ် ဆက်တိုက်ကျဆင်းခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် တောင်ကိုရီးယားနိုင်ငံ၏ ဆန်စပါးထုတ်လုပမှုသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ငါးနှစ် ဆက်တိုက် ကျဆင်းခဲ့သည်။

 

တောင်ကိုရီးယား နိုင်ငံ တစ်ဝန်း စပါးစိုက်ခင်းပမာဏသည် တစ်နှစ်ထက်တစ်နှစ် ၂ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းသွားပြီး ၂၀၂၃ ခုနှစ်တွင် ၇၀၈၀၁၂ ဟက်တာအထိ ကျဆင်းသွားကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်