၃ မတ်

 

တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ် 19 ဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၄၇၇ ဦးရှိကြောင်း အင်္ဂါနေ့မှာ ထုတ်ပြန်ရာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ စုစုပေါင်း ၄၈၁၂ ဦး ရှိလာကြောင်း သိရပါတယ်။ နှစ်ဦးထပ်မံ သေဆုံးတဲ့အတွက် သေဆုံးသူ စုစုပေါင်း ၂၈ ဦး ရှိပြီဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေး အဖွဲ့ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ကိုဗစ် 19 ဗိုင်းရပ်စ်ကူးစက်ခံရသူ များပြားလာတဲ့အတွက် K-pop ဖျော်ဖြေရေး၊ ရာသီအလိုက်ကျင်းပတဲ့ အားကစားပွဲများကို ဖျက်သိမ်းခြင်း သို့မဟုတ် ရွေ့ဆိုင်းခြင်းတွေ လုပ်ဆောင်နေသလို တစ်နိုင်ငံလုံးရှိ မူကြိုကျောင်းများနဲ့ ကျောင်းများကိုလည်း ကျောင်းပိတ်ချိန် သီတင်းသုံးပတ် တိုးမြှင့်ပြီး ပိတ်လိုက်ကြောင်း သိရပါတယ်။

 

နိုင်ငံ့တောင်ပိုင်းရှိ ဒေဂူးမြို့က ရှင်ချန်ဂျီးခရစ်ယာန်ဘုရားကျောင်းအဖွဲ့ဝင် အသက် ၆၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဟာ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ကိုယ်အပူချိန်ရှိခဲ့ပေမယ့် ဘုရားကျောင်းကို အနည်းဆုံး လေးရက်တိတိ လာရောက်ခဲ့ကြောင်း သိရပါတယ်။ အဲဒီဘုရားကျောင်းကနေ ကိုဗစ် 19 ဗိုင်းရပ်စ်ပိုးပျံ့နှံ့တယ်လို့ ပစ်တင်နေတဲ့အတွက် ဘုရားကျောင်းရဲ့ ဦးဆောင်သူ အသက် ၈၈ နှစ်အရွယ် လီမန်ဟီး က မနေ့က ရုပ်မြင်သံကြားကနေ ဒူးထောက် တောင်းပန်သွားတာကို တွေ့ရပါတယ်။

 

မြို့တော်ဆိုလ် မှ တာဝန်ရှိသူများက ရှင်ချန်ဂျီးခရစ်ယာန်ဘုရားကျောင်းမှ တာဝန်ရှိသူ လီမန်ဟီးနဲ့ တခြားအဖွဲ့ဝင်များကို လူသတ်မှုအပါအဝင် တခြားစွဲချက်တွေနဲ့ တရားစွဲထားကြောင်း သိရပါတယ်။

 

အင်္ဂါနေ့သတင်း ထုတ်ပြန်ချက်အရ ကိုဗစ် 19 ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၄၈၁၂ ဉီးရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးဟာ ဒေဂူးမြို့က ဖြစ်ပါတယ်။

 

MDN

ကိုးကား -AFP