၄ မတ်
တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်းတွင် ဓာတုစက်ရုံတစ်ရုံ ယနေ့ ပေါက်ကွဲမှုဖြစ်ပွားသဖြင့် လူ ၃၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်အာဏာပိုင်များပြောကြားချက်ကို ကိုးကားပြီး ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြထားသည်။
ထိုစက်ရုံမှုပေါက်ကွဲမှုသည် ချောင်ချောင်ပြည်နယ် တောင်ပိုင်း စီရိုစန်မြို့ အနောက်တောင်ပိုင်းရှိ လိုတီ ရေနံဓာတုပစ္စည်းစက်ရုံတစ်ရုံတွင် မနက် ၂ နာရီ ၅၉ မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပွားကာ နှစ်နာရီကြာ မီးငြှိမ်းသတ်ခဲ့ရသည်။
ထိုစက်ရုံအနီးရှိ ရွာသားများနှင့် စက်ရုံအလုပ်သမားများ အပါအဝင် လူ ၃၆ ဦး ဒဏ်ရာရရှိခဲ့သည်။
၎င်းဒဏ်ရာရရှိသူများ အနက် နှစ်ဦးမှာ အခြေအနေစိုးရိမ်ရသည်။
လောင်စာမှ ရေနံဓာတုပစ္စည်း ထုတ်လုပ်ရန် ကွန်ပရက်စာ ပိုက် ယိုစိမ့်မှုဖြစ်ပွားရာမှ ယင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ယူဆရသည်။
ထိုပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။
၎င်းပေါက်ကွဲမှုကြောင့် အချို့သောအဆောက်အအုံများ၏ အပြင်ဘက်နံရံများနှင့် ပြတင်းပေါက်များ ပျက်စီးကာ ထိုစက်ရုံအနီးရှိ ဈေးဝယ်စင်တာများနှင့် နေအိမ်များ ထိခိုက်ခဲ့သည်ဟု ထိုထုတ်ပြန်ချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


