သောင်းကေတု

 

ကွန်းအုံရွာ
ကွန်းအုံသူကြီး ငကျော်မြို့ (အသက် ၂၆)ကို မေးသော် ‘‘ကွန်းအုံရွာကို ကျွန်တော်ဘေး ငသက်ရှည် ကြီးစိုးသည်။ မရှိလျှင် သားငကျော်လှမှ၊ မရှိလျှင် သားအောင်စံရွှန်း ကြီးစိုးသည်။ အိုမစွမ်း၍ သားကျွန်တော် ငကျော်မြို့ ဆက်ခံသည်။ ကွန်းအုံရွာသည် ရှေ့ကို တာတသောင်းကွာ ကျောက်တံခါးထိ၊ တဘက် ဇင်းမယ်မြေနှင့် ကျောခိုင်း အရှေ့တောင်ကို ၅ တိုင်ကွာ သစ်နံ့သာချောင်းအထိ၊ တဘက် ကန္နီမြေနှင့် ကျောခိုင်းတောင်ကို ၂ တိုင် ၅၀၀ တွင်းကွာ လိတ်ကြယ်ဝအထိ၊ တဘက် ကဲလင်းမြေနှင့် ကျောခိုင်း နောက်ကို တတိုင် ၅၀၀ တွင်းကွာ ဝက်ကစာ အင်းထိ၊ တဘက် ဆွာမြေနှင့် ကျောခိုင်း အနောက်မြောက် ကို ၅ တိုင်ကွာ မိထွားကုန်းထိ၊ တဘက် ဆွာမြေနှင့် ကျောခိုင်း အနောက်မြောက်ကို ၂ တိုင် ၅၀၀ တွင်းကွာ ခွေးသဲချောင်းအထိ၊ တဘက်မြောင်ဆူးမြေနှင့် ကျောခိုင်း အရှေ့မြောက်ကို ၃ တိုင် ၅၀၀ တွင်းကွာ ခွေးသဲချောင်းဖျား တောင်နီအထိ၊ မကြီးရွှေမြတ်ထွန်းထိ၊ တဘက် ဇင်းမယ် မြေနှင့် ကျောခိုင်း ဤနယ်အတွင်း ထောက်ကြန့်- ပေါက် အင်း-ညောင်ကျိုးအင်း၊ မိမိအင်း အင်းပေါင်း သုံးခု ရှိပါ သည်။ အင်းလုပ်သူတို့မှာ အိုးစားကြီးကိုချ၍ တကိုယ်လျှင် ခွန်မ ငွေရွက်နီ ၂ဝ ကျွဲတရှဉ်း စပါး ၁၀ တင်း အခွန်ပေးရ သည်။ တောင်ငူမြို့ရုံးတော်သို့ ပေးသွင်းရသည်။ စစ်လက် နက်ကိုင် မင်းမှုမင်းခင်း ပေါ်ရှိသည်များကို တောင်ငူက ခန့်ထားရာ နာခံထမ်းရွက်ကြောင်း" တောင်ငူမြို့စစ်တမ်းတွင် ထွက်ဆိုပါသည်။

(ထွက်ဆိုချက်များမှာ တောင်ငူမြို့စစ်တမ်း(၁၁၄၆ ခုနှစ်)မှ မူရင်းသတ်ပုံများအတိုင်း ဖြစ်သည်။)


ကဲလင်းရွာ
ရွာသူကြီး ငဘဖြူ (၅၂ နှစ်) က ထွက်ဆိုရာတွင် "အရှေ့ကို သစ်နံ့သာချောင်း ကောက်ကောက်စင်းစင်း တောင်ခြေ ရင်းထိ၊ တဘက် ခရင်းမြေနှင့် ကျောခိုင်း အရှေ့တောင် ၃ တိုင် ၅၀၀ တွင်းကွာ မဝါပေါက်ထိ၊ တဘက် ကန္နီမြေနှင့် ကျောခိုင်း တောင်ကို ၃ တိုင် ၅၀၀ တွင်းကွာ လယ်တော်ကြီး ကတွက်ပေါက်အထိ၊ တဘက် ဘာနှောင်းမြေနှင့် ကျောခိုင်း အနောက်တောင်ကို ၃ တိုင်ကွာ မြိုင်းအိပ် အောင်တောက်အထိ၊ တဘက် စည်ပင်မြေနှင့် ကျောခိုင်း အနောက်ကို တာတသောင်းကွာ ကုန်းခေါင်ရိုးမ အထိ၊ တဘက် စည်ပင်မြေနှင့် ကျောခိုင်း အနောက်မြောက်ကို တာတသောင်းကွာ လွှစင်အထိ၊ တဘက် ဆွာမြေနှင့် ကျောခိုင်း၊ မြောက်ကို ၃ တိုင်ကွာ နဂါးအိုရှောထိ၊ တဘက် ကွန်းအုံမြေနှင့် ကျောခိုင်း၊ အရှေ့မြောက်ကို ၃ တိုင်ကွာ တောင်ကျွန်းပေါက်ထိ၊ တဘက် ကွန်းအုံမြေနှင့် ကျောခိုင်း" ဟု စစ်တမ်းတွင် ဖော်ပြထားသည်။


စည်ပင်ရွာ
စည်ပင်ရွာသူကြီး ငချမ်းသာ(၂၆ နှစ်)က ထွက်ဆိုသည်မှာ "စည်ပင်ကျေးရွာ သူကြီးရိုး မပေါ်မရှိ ပြတ်လပ်၍ နောင်တော် ဆင်ဖြူရှင်ဘုရားလက်ထက် ကျွန်တော် အကို ငနိုး ရပ်ရွာပြုစု ကြီးစိုးစီရင်သည်။ ငနိုး တောင်ငူမြို့ ကျေးရွာရှိ ငွေခွန်ကို မှူးကြီးအုပ်ချုပ်စီရင် လျှင် အကိုငနိုး အရာကို ကျွန်တော် ကြီးစိုးစီရင်သည်။ စည်ပင်နယ်သည် အရှေ့ကို တတိုင်ကွာ သရက်ဝက်ခေါက် ပင်အထိ၊ တဘက် ရေကြည်မြေနှင့် ကျောခိုင်းအရှေ့တောင်ကို တတိုင်ခန့်အကွာ ရွှေကျောင်းအုတ်ပလ္လင် ညောင်ပင်တပင်တိုင် နတ်စင်အထိ၊ တောင်လယ်လှမြေ၊ ဘာနှောင်းမြေနှင့် ကျောခိုင်း၊ တောင်ကို တတိုင်ကွာ လှည်းကတ်မဆိပ် ကိုရံနောင်း၊ တဘက်လယ်လှမြေနှင့် ကျောခိုင်း အနောက် တောင်ကို ၂ တိုင်ကွာ အိမ်တော်ရာ၊ ကြက်ကြီး၊ လဟဇာ၊ ထန်းတပင်၊ တလိုင်းကုန်း၊ သစ်ကတိုး ချောင်းအထိ၊ တဘက်မြို့ကြီးမြေနှင့် ကျောခိုင်း အနောက်ကို ၂ တိုင်ကွာသစ် ကတိုးချောင်းများ ကြို့နှစ်ရောင် ကုန်စင်ရိုး ဝမှဲချောင်းအထိ၊ တဘက်ရွာသစ်ကြီး ကရင်မြေနှင့် ကျောခိုင်း၊ အနောက်မြောက်ကို ၆ တိုင်ကွာ အင်ကြင်းချောင်းများ စမိုးအထိ၊ တဘက်ဆွာမြေနှင့် ကျောခိုင်း မြောက်ကို တတိုင်ကွာ ချောင်းဖြူချောင်းအထိ၊ တဘက် ရေကြည်မြေနှင့် ကျောခိုင်း အရှေ့မြောက်ကို တတိုင်ကွာ မင်းရွာချောင်းအထိ၊ တဘက် ရေကြည်မြေနှင့် ကျောခိုင်း နယ်ရှစ်ရပ်အတွင်း ဆည်မြောင်းဆုံး အင်းအိုင်ကိုင်းယာမရှိ၊ လယ်လုပ်သူတို့ ဆက်သွင်းရိုး ကျွဲ တရှဉ်းလျှင် စပါး ၁၀ တင်း၊ တရားကွမ်းဘိုး အကောက် အစား စီရင်ရသည်များကို တောင်ငူရုံးတော်သို့ ဆက်သွင်းရကြောင်း" ထွက်ဆိုပါသည်။


ရေကြည်
ရေကြည်မြို့သည် တောင်ငူမြို့နယ် ကျွန်းကုန်းအနောက်ဘက်တွင် တည်ရှိသည်။ ၁၁၄၆ ခုနှစ် တောင်ငူ စစ်တမ်းတွင် ရေကြည်မြေတိုင် ငကျော်ရှန်း(၅၈ နှစ်)က "ရေကြည်ရွာ မြေတိုင်းသူကြီးရိုး မပေါ်မရှိ၍ ခမည်းတော် ဘုရား လက်ထက်တော်တွင် ကျွန်တော် တိုင်ဆော် ကြီးစိုးသည်။ ရေကြည်နယ်သည် အရှေ့ကို တတိုင်ကွာ မဝါချောင်း အထိ၊ တဘက် ဘာနှောင်းမြေနှင့်ကျောခိုင်း အရှေ့တောင် ကို ၅၀၀ တွင်းကွာ မင်းလမ်းအထိ၊ ဘာနှောင်းမြေနှင့် ကျောခိုင်း တောင်ကို ၁ တိုင်ကွာ မင်းရွာချောင်းအထိ၊ တဘက် ဘာနှောင်းမြေနှင့် ကျောခိုင်း အရှေ့တောင်ကို ၅၀၀ တွင်းကွာ မင်းလမ်းအထိ၊ ဘာနှောင်းမြေနှင့် ကျောခိုင်း အနောက်တောင်ကို ၁ တိုင်ကွာ သရက်ဝက်ခေါက်ပင်ကြီး အထိ၊ တဘက် စည်ပင်မြေနှင့်ကျောခိုင်း မြောက်ကို တတိုင်ကွာ ချောင်းဖြူချောင်းအထိ၊ တဘက် ကဲလင်းမြေ နှင့် ကျောခိုင်း အရှေ့မြောက်ကို တတိုင်ကွာ မဝါချောင်းအထိ၊ တဘက် ဘာနှောင်းမြေနှင့် ကျောခိုင်း နယ်ရှစ်ရပ် အတွင်း စည်းခုံဘုရားကို ရှေးမင်းတို့လူသည်။ ဝတ်မြေ မျိုးဝင် ၂၀ တင်းကျဲ။ ၎င်းမြေလုပ်သားတို့မှာ ကျွဲတရှဉ်းလျှင် စပါး၁၀တင်းထမ်း မြေတိုင်က ကောက်ခံ၍ ဘုရားရှင် ကို ပြင်လုပ်ရသည်။ မင်းမြေလုပ်သားမှာ ကျွဲတရှဉ်းလျှင် စပါး ၁၀ တင်း၊ သစ္စေထိုး လုပ်သားတို့မှာ အထက်ထိုး ၁ ကျပ်၊ အောက်ထိုး ၅ မူး အခွန်တော်ကို တောင်ငူ ကျီတော်၊ ရုံးတော်သို့ ဆက်သွင်းရသည်။ တရားကွမ်းဘိုး ကောက်စား စီရင်ရသည်များကို တောင်ငူရုံးတော်သို့ သွင်းရသည်။ စစ်လက်နက်ကိုင် မင်းမှုမင်းခင်း ပေါ်ရှိသည်များကို တောင်ငူရုံးကခန့်ထားရာ နာခံထမ်းရွက်ရသည်" ဟု ထွက်ဆိုသည်။


စည်းခုံစေတီမှာ ကျွန်းကုန်း-နေပူကုန်း လမ်း၏ မြောက်ဘက်တွင် တည်ရှိသည်။ အသစ် ပြန်လည်ပြုပြင်ထား၍ မူလလက်ရာ မရှိတော့ပါ။ ထိုစေတီကို မင်းစည်သူ (မင်းကြီးညို၏ ဦးရီးတော်)က တည်ထားခဲ့သည်။


ဘာနှောင်းကျေးရွာ
၂၀၁၈ ခုနှစ်က ဘာနှောင်းကျေးရွာသို့ သွားရောက်ခဲ့သည်။ အိမ်ခြေ ၁၀၀ ခန့်ရှိ သော ရွာငယ်တစ်ခုဖြစ်သည်။ တောင်ငူစစ်တမ်းတွင် စစ်တောင်းမြစ်၏ အနောက်ဘက်ကမ်း၌ တည်ရှိသည်ဟု ဖော်ပြထားသော်လည်း ယနေ့ ဘာနှောင်းရွာမှာ မြစ်၏ အရှေ့ဘက်ကမ်းသို့ ရောက်ရှိနေ သည်။ ရွာမှ သက်ကြီးရွယ်အိုများကို မေးကြည့်သောအခါ ဒုတိယကမ္ဘာစစ် မတိုင်မီကပင် မူလရွာဟောင်းမှာ စစ်တောင်းမြစ်ကမ်းပြိုရာတွင် ပါသွားကြောင်း၊ အုပ်ချုပ် ရေးမရှိသော ကာလဖြစ်၍ လူဆိုးဓားပြများ၏ရန်ကို ကြောက်ရွံ့သဖြင့် အရှေ့ဘက်ကမ်းရှိ ရွာများအနီးသို့ ပြောင်းခဲ့ကြောင်း ပြောပြသည်။


၁၁၄၆ ခုနှစ် တောင်ငူစစ်တမ်းတွင် ဘာနှောင်း မြေတိုင် ငလှခိုင်(အသက် ၇၀)က "ဘာနှောင်းရွာကို ကျွန်တော့်ဘ ငလုံး တိုင်ဆော်ကြီးစိုးသည်။ မရှိလျှင် သား ကျွန်တော် တိုင်ဆော် ကြီးစိုးသည်။ ဘာနှောင်းရွာ နယ် မြေသည် အရှေ့ကို ၃ တိုင်ကွာ ပေါင်းလောင်းမြစ်နှင့် ကျောခိုင်း တဘက် ကန္နီမြေနှင့် ကျောခိုင်း အရှေ့တောင် ၂ တိုင်ကွာ အသန့်ကျွန်းအထိ၊ တဘက် မင်းဆိပ်မြေနှင့် ကျောကိုင်း တောင်ကို ၂ တိုင်ကွာ တောင်ငူမြို့ကုန်းအထိ၊ တဘက် တောင်ငူမြေနှင့် ကျောကိုင်း၊ အနောက်တောင်ကို ၇၀၀ တွင်းကွာ အုတ်ပလ္လင်တည်ပင်အထိ၊ တဘက် လယ်လှမြေနှင့် ကျောကိုင်း အနောက်ကို ၆၀၀ တွင်းကွာ ဆတ်သွားသုံးစည်အထိ၊ တဘက် စည်ပင်မြေနှင့် ကျော ခိုင်း အနောက်မြောက်ကို ၇၀၀ တွင်းကွာ ပျဉ်းပင်အထိ၊ တဘက် ရေကြည်မြေနှင့် ကျောကိုင်း မြောက်ကို ၃ တိုင် ကွာ လယ်တော်ကြီး ကတွတ်အထိ၊ တဘက် ကဲလင်းမြေ နှင့် ကျောကိုင်း အရှေ့မြောက်ကို ၃ တိုင်ကွာ ကျွဲရိုင်းပြင် အထိ၊ တဘက် ကဲလင်းမြေနှင့် ကျောကိုင်း၊ ဤနယ်ရပ် အတွင်း မြစည်းခုံဘုရားဝတ်မြေ ပျိုးဝင် ၁၀ တင်းကျဲ သိမ်တော်ရဝတ်မြေ ပျိုးဝင် ၄၀ တင်းကျဲ ရှိပါသည်။ ၎င်းမြေလုပ်သားတို့မှာ ကျွဲတရှဉ်းလျှင် စပါး ၁၀ တင်း ကောက်ခံ၍ ဘုရားရှင်ကို ပြင်လုပ်ရသည်။ မင်းမြေလုပ်သား တို့မှာ ကျွဲတရှဉ်းလျှင် အခွန် ၁၀ တင်းဆက်ရသည်"ဟု ထွက်ဆိုသည်။


ယခုအခါတွင် ဘာနှောင်းရွာသည် မူလနေရာတွင် မရှိတော့ဘဲ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းသို့ ပြောင်းရွှေ့ ထားသည်။ မြစည်းခုံဘုရားမှာ မြစ်အနောက်ဘက်ကမ်း တွင် ကျန်ရစ်သည်။ သိမ်တော်ရဘုရားမှာ ငါးဖယ်အင်းရွာ အရှေ့ဘက်တွင် တည်ရှိပြီး ယခုအခါ "သိန္ဓောရဘုရား" ဟုလည်း ခေါ်သည်။ မူလ ဘာနှောင်းရွာသည် စစ်တောင်း မြစ်ရေ တိုက်စားမှုကြောင့် ပျောက်ကွယ်ကာ အရှေ့ဘက် ကမ်းသို့ ရွှေ့ပြောင်းသွားသည်။ မြေစာရင်းဌာနတွင် ဘာနှောင်းကွင်းအမည်ဖြင့် ကျန်ရှိနေသည်။


ကမ်းနီ(ကန္နီ)
ကမ်းနီသည် တောင်ငူမြို့၏ အရှေ့မြောက်ဘက် ငါးမိုင်အကွာ၊ စစ်တောင်းမြစ်အတွင်းသို့ ကမ်းနီချောင်း ပေါင်းဆုံသည့်နေရာတွင် တည်ရှိသည်။ တောင်ငူသမိုင်း တွင် မြသိတင်စေတီခေါ် ကမ်းနီဘုရားမှာ ထင်ရှားသည်။ ပုဂံ နရပတိစည်သူမင်းကြီးသည် သရထည်ညီနောင် (မြတ်စောညီနောင်)ဘုရားများကို ပြုပြင်ပြီး ကမ်းနီ မြသိတင်စေတီကိုလည်း ပြင်ဆင်ခဲ့သည်။ နတ်ရှင်နောင် က ဘုရားတိုင်ရတုနှစ်ပုဒ် ရေးသားခဲ့သည်။


မင်းဇေယျရန္တမိတ်ကလည်း "မင်းရဲနရာဧချင်း"တွင် တောင်ငူရွှေနန်းတည်မင်း ကမ်းနီဘုရားသို့ ရေကြောင်းချီ ၍ ဘုရားဖူးထွက်သည့် အကြောင်းကို "ရေပေါ်ကြွားကြွား လှော်ကားရဲလှေ ထွေထွေရုပ်ဟန် သက္ကဒါန်ထက် လက်မြန် မြှောက်လှော် ဇင်ယော်သုတ်ဝဲ မစဲသီက ခွင့်ရေးချ၍၊ ပျံကြွဘနန်း ဆောင်တော်နန်းလည်း ကွန့်မြန့်မြူးရွှင် တိမ်ခွင် မိုးဆီ မဉ္ဇူချီ၍၊ ယဉ်သီတာထက် နားလှာသက်သို့ ဖက်စက် နေသွင် မြသီတင်ဟု မွေရှင်သိင်္ဂီ မြတ်ကမ်းနီသို့ ကုံးသီရှိဦး ကိုယ်တော်ဖူးသည် ပြိုင်ဖူးသည့်နှောင်းရှေးမမြင်သေး" ဟု ရေးသားဖွဲ့ဆိုခဲ့သည်။ ကမ်းနီဘုရားပွဲကို နှစ်စဉ် တန်ခူးလပြည့်တွင် ကျင်းပသည်။


တောင်ငူမြို့စစ်တမ်းတွင် ကန္နီသူကြီးငရ(အသက် ၂၉) ကို မေးသော် "ကန္နီသူကြီးရိုး မပေါ်မရှိ၍ ခမည်းတော် ဘုရား (အလောင်းဘုရား)လက်ထက်တော် ကျွန်တော့် ဘ ဇေယျသူရိန်ကျော်သူ ကြီးစိုးစီရင်သည်။ မရှိလျှင် ကျွန်တော် သား ငရ ဆက်ခံသည်။ ကန္နီရွာနယ်သည် အရှေ့ကို တတိုင်ကွာ သရထည်ချောင်းအထိ၊ တဘက် မိုးဗြဲမြေနှင့် ကျောခိုင်း အရှေ့တောင်ကို တာတသောင်းကွာ ကျွဲဖြူတောင်အထိ၊ တဘက် စည်ပင်ကျေး ကရင်မြေနှင့် ကျောခိုင်း တောင်ကို ၃၀၀ တွင်းကွာ အလှည့်ချောင်းအထိ၊ တဘက် မြတ်စော ညီနောင်ဘုရား ဝတ်မြေနှင့် ကျောခိုင်း အနောက်တောင်ကို ၇၀၀ တွင်းကွာ ကျွဲကူး သနပ်ပင် ဆိပ်အထိ၊ တဘက် ဘာနှောင်းမြေနှင့် ကျောကိုင်း အနောက်ကို တာ ၂၀၀ ကွာ လှေဝန်းညောင်ပင်အထိ၊ တဘက် ဘာနှောင်းမြေနှင့် ကျောခိုင်း အနောက်မြောက်ကို ၅၀၀ တွင်းကွာ ရထား ဆိပ်ထိ၊ တဘက် ဘာနှောင်းမြေနှင့် ကျောခိုင်း မြောက်ကို ၂ တိုင်ကွာ ပင်းသီလာချောင်းအထိ၊ တဘက် ကွမ်းအုံမြေနှင့် ကျောခိုင်းအရှေ့ကို ကျွဲဖြူတောင် ကညောင် မောင်နှမအထိ၊ တောင်ကို ကျွဲကူးသနပ်ပင်အထိ၊ အနောက်ကို လှေဝန်းညောင်ပင်အထိ၊ မြောက်ကို ကြက်သမပဲအထိ နယ်သတ်၍ ရှေးမင်းတို့လှူသည့် မြေရှိသည်။ ၎င်းမြေကို လုပ်သားတို့မှာ တကိုယ်လျှင် ၂ မတ်ထမ်းကောက်ခံ၍ ဘုရားရှင်ကို ပြင်လုပ်ရသည်"ဟု ထွက်ဆိုသည်။


လယ်လှ
လယ်လှမြေတိုင် ငစံ(အသက် ၄၈ နှစ်)ကို စစ်မေးရာ "ကျွန်တော့ဘိုး ငအောင်စံရွှေ တိုင်ဆော်သည်၊ မရှိလျှင် သား ကျွန်တော့်ဘကြီး ငနေစံထွန်း၊ မရှိလျှင် သားငထွား က မဆက်ခံလိုလျှင် ကျွန်တော့်ကို လွှဲအပ်သည်။ လယ်လှ မြေနယ်သည် အရှေ့ကို ၁ တိုင် ၅၀၀ တွင်းကွာ ကံရိုးထိ၊ တဘက် ဘာနှောင်းမြေနှင့် ကျောခိုင်း အရှေ့တောင်ကို ၂ တိုင်ကွာ ခပေါင်းချောင်းအထိ၊ တဘက် ကင်းငယ်မြေနှင့် ကျောခိုင်း အနောက်တောင်ကို ၂ တိုင်ကွာ ကိုရံချောင်း ရွာဟောင်းအထိ၊ တဘက် မြို့ကြီးမြေနှင့် ကျောကိုင်း အနောက်မြောက်ကို တတိုင် ၅၀၀ တွင်းကွာ ဆင်းတပ် ကုတ်အထိ၊ တဘက် စည်ပင်မြေနှင့် ကျောခိုင်း မြောက်ကို ၂ တိုင်ကွာ ကတုတ်ချောင်းအထိ၊ တဘက် ဘာနှောင်း မြေနှင့် ကျောခိုင်း နယ်ရှည်ရပ်အတွင်း နာကြီးတကျောင်း ကို ရှေးမင်းတို့လှူသည့် ဝတ်မြေမျိုးဝင် ၂၀ တင်းကျဲ။ ၎င်း မြေလုပ်သားတို့မှာ ကျွဲတရှဉ်းလျှင် စပါး ၅ တင်း ထမ်း၊ မြေတိုင်းတို့က ကောက်ယူ၍ ကျောင်းကို လှူဒါန်း ရိုး၊ ယခု နာကြီးတကျောင်းဆက် မရှိလျှင် တောင်ငူမြို့ ငဖယ်အင်းကျောင်းကို လှူဒါန်းရသည်။ မင်းမြေလုပ်သား တို့မှာ အခြား ရွာများနည်းတူ ကျွဲတရှဉ်းလျှင် အခွန်စပါး ၁၀ တင်း ဆက်သွင်းရသည်"ဟု ထွက်ဆိုသည်။

ကိုးကား -
တောင်ငူမြို့စစ်တမ်း(၁၁၄၆ ခုနှစ်)