သတင်းဆောင်းပါး - သောင်းကေတု
ရန်ကုန်-မန္တလေးအမြန်ရထားသည် တောင်ငူဘူတာမှ မန္တလေးဘက်သို့ ဆက်လက်ထွက်ခွာလာပါသည်။ ဘူတာမှအထွက် လက်ယာဘက်တွင် နီညိုရောင်မှိုင်းနေသော အုတ်နံရံကြီးတစ်ခုကို တွေ့ရပါသည်။ ကေတုမတီတောင်ငူမြို့၏မြို့ရိုးကြီးဟု ထင်မှတ်ပေလိမ့်မည် မဟုတ်ပါ။ အင်္ဂလိပ်တို့ တည်ဆောက်ခဲ့သော တောင်ငူခံတပ်၏မြောက်ဘက် အုတ်နံရံကြီးဖြစ်ပါသည်။ ၁၈၅၂ ခုနှစ် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးတွင် တောင်ငူနယ် ရေနီအထိ အင်္ဂလိပ်တို့ သိမ်းယူခဲ့သည်။ ဧရာဝတီမြစ်ဝှမ်းတွင် သရက်၊ အောင်လံအထိ အောက်မြန်မာပြည် ကျဆုံးခဲ့ရသည်။ မြန်မာဘုရင်၏ပြန်လှန်တိုက်ခိုက်မှုကို ကာကွယ်ရန်သရက်နှင့် တောင်ငူမြို့ တို့တွင် ခံတပ်များဆောက်ခဲ့သည်။ ဘူတာလမ်းအတိုင်းသွားပါက ကေတုမတီ ရဲရိပ်သာရှေ့တွင် သာရမဉ္ဇူ မြို့ထောင့်စေတီ ဆိုင်းဘုတ်ကိုတွေ့ပါမည်။ ထိုလမ်းမှ ဝင်သွားပါက ညောင်မြစ်များ တွယ်ကပ်ပေါက်ရောက် နေသော ရှေးဟောင်း အုတ်တံတိုင်းကြီးနှင့် ခံတပ်အဝင်ပေါက်ကို ရောက်ပါပြီ။
နောက်ခံသမိုင်း
အေဒီ ၁၅၃၀ ပြည့်နှစ်တွင် မဟာသီရိဇေယျသူရ မင်းကြီးညိုသည် ကေတုမတီမြို့တော်သစ်ကို တည်သည်။ လက်ရှိစံမြန်းနေသော ဒွါရာဝတီမြို့တော်မှာ စစ်တောင်း မြစ်နှင့် ခပေါင်းချောင်းဆုံရာအရပ်တွင် တည်ရှိကာ ကြီးထွားလာသော လူသူစစ်သည်ဆင်မြင်းတို့နှင့် နေရာ ကျဉ်းမြောင်းလာသည်။ ထို့ကြောင့် ဒွါရာဝတီမြို့တော်၏ နောက်မြောက်ဘက်စစ်တောင်းမြစ် အနောက်ဘက် ကမ်း မြေပြန့်သောနေရာတွင် သဘာဝကြာအင်းကို မြို့ အတွင်းသို့ ထည့်သွင်းပြီး ကေတုမတီမြို့တော်သစ်ကို တည်သည်။ ရှေ့နောက် တာ ၇၈၊ တောင်မြောက် တာ ၅၀၊ မြို့ တံခါး ၂၀၊ သိမ် ၂၀ မြို့ ထောင့်စေတီလေးဆူ၊ ရေခဲကျိုးနှစ်ထပ် ကာရံထားသည်။ သားတော် တပင်ရွှေထီး၊ သက်တော် ဘုရင့်နေခင်တို့လက်ထက် တွင် ဟံသာဝတီသို့ပြောင်းရွှေ့နန်းစိုက်သည်။ ညောင်ရမ်း ခေတ်၊ ကုန်းဘောင်ခေတ်တို့တွင် တောင်သည် ဘုရင်ခံ၊ မြို့ ဝန်တို့ အုပ်ချုပ်ရာ မြို့ကြီးတစ်ခုဖြစ်ခဲ့သည်။ တောင်ငူ ၅၂ မြို့ကို တောင်ငူ မြို့မှ စီမံအုပ်ချုပ်သည်။
ကိုလိုနီခေတ် ၁၈၆၄ ခုနှစ်တွင် တောင်ငူခံတပ်ကို ဆောက်လုပ်သည်။ မင်းကြီးညို တည်ခဲ့သော အရှေ့မျက်နှာ တံခါးငါးခုအနက် တောင်ဘက်အစွန်ဆုံး ကျောက်ရင်း တံခါးသည် ခံတပ်၏ အဓိကဝင်ပေါက်ဖြစ်သည်။ သာရမဉ္ဇူ မြို့ထောင့်စေတီကို ဖြိုဖျက်ကာ ခံတပ်ကြီး တည်ဆောက်ခဲ့ကြသည်။
၁၈၅၂ ဒုတိယစစ်ပွဲအပြီးတွင် မြန်မာဘုရင်၏ ရန်မှ ကာကွယ်ရန် ဘတီနှင့် စစ်တောင်းမြစ်ကမ်းပေါ်တွင် ခံတပ်များ ဆောက်လုပ်သည်။ သရက်နှင့် တောင်ငူမြို့ များတွင် ခံတပ်များ ဆောက်လုပ်သည်။ မိက ရေကြောင်းလမ်းဖြစ်သော ရောဝတီမြစ်၏အနေခက်ဘက် ကမ်းတွင် တည်ရှိသော သရက်ခံတပ်မှာ အလျား ကိုက် ၅၀၀၊ အနံ ကိုက် ၂၅၀ ရှိပြီး ပိုမိုကြီးမားခိုင်ခံ့သည်။
ခံတပ်အရွယ်အစား
စစ်တောင်းမြစ်ကမ်းတွင် တည်ရှိသော တောင်ငူ ခံတပ်မှာ အရွယ်အစားသေးငယ်သည်။ အဓိကရည်ရွယ် ချက်မှာ ဗြိတိသျှစစ်တပ် စခန်းချရန်နှင့် စစ်ဖြစ်ပွားလာ ပါက ဥရောပတိုက်သားများ ခိုလှုံနိုင်ရန်ဖြစ်သည်။ မင်းကြီးညိုတည်ခဲ့သော ကေတုမတီမြို့ ၏ အရှေ့တောင် ထောင့်မြို့ရိုးပေါ်တွင် တည်ဆောက်သည့်ခံတပ်မှာ လေးထောင့် စတုဂံပုံသဏ္ဌာန်ရှိပြီး အရှေ့ဘက်နှင့် တောင်ဘက်မျက်နှာမှာ ပေ ၉၀၀ ရှည်လျားပြီး၊ မြောက်ဘက်နှင့် အနောက်ဘက် မျက်နှာ ပေ ၇၅၀ ရှည်လျားသည်။ ၁၈၆၄ ခုနှစ်တွင် ကာနယ်ဘရောင်းက တည်ဆောက်ခဲ့သည်။ အရှေ့ဘက်နှင့် တောင်ဘက်မှာ မြို့ရိုးဟောင်းပေါ်တွင် အုတ်တံတိုင်း ထပ်ဆင့်ပြီး မြောက်ဘက်နှင့် အနောက်ဘက်မှာ ၂၃ ပေ မြင့်သော အုတ်ရိုးအသစ် တည်ဆောက်ရသည်။ အရှေ့ဘက်နှင့် တောင်ဘက်မှာ ကျုံးများ ကာရံထားပြီး ကျန်နှစ်ဖက်မှာ ကျုံးမရှိပေ။ ၁၈၇၃ မြေပုံတွင် ယင်းကျန်နှစ်ဖက်ကို ပတ်၍ မြောင်းတူးထားသည်ကို တွေ့ရသည်။
၁၈၇၁ ခုနှစ် ဗိုလ်မှူးချုပ်နော်မန်၏ အစီရင်ခံစာအရ ခံတပ်တွင် ၁၂ ပေါင်ဒါ တောင်ပေါ်ပစ် ဟောင်ဝစ်ဇာ အမြောက် ၄ လက်၊ ၈ လက်မဟောင်ဝစ်ဇာ အမြောက် ( ၁ လက်၊ ကယ်ရီယာပါ ၉ ပေါင်ဒါအမြောက် ၉ လက် ရှိ ကြောင်း သိရသည်။ ခံတပ်တွင် အမြောက်တပ်ခွဲ တစ်ခွဲထားပြီး ဆင်ဖြင့် သယ်ဆောင်သော ၉ ပေါင်ဒါ အမြောက်တပ်ခွဲကို ၁၈၈၅ ခုနှစ်တွင် ထပ်မံတိုးချဲ့ထားသည်။ ထိုအချိန်က တောင်ငူသို့ ရထားလမ်းမပျောက်သေး ပါ။ ၁၈၇၃ ခုနှစ်မြေပုံတွင် ယခုဘူတာနေရာ၌ ရေအိုင်ကြီးသာ တွေ့ရသည်။ တောင်ဘက်မြို့ရိုးနှင့် အရှေ့ဘက်မြို့ရိုး များမှာလည်း အကောင်း ပကတိရှိသေးသည်။ ၁၈၈၅ ခုနှစ် ဇူလိုင်လတွင် တောင်ငူသို့ ရထားလမ်းဖောက်သောအခါမှ တောင်ဘက်မြို့ရိုး အရှေ့ဘက် မြို့ရိုးများကို ဖြိုချဖောက်လုပ်ခြင်းဖြစ်သည်။
မထိန်းသိမ်းပါက ပြိုကျနိုင်ခြေရှိ
မင်းကြီးညို မြို့တည်စဉ်က အရှေ့တောင်ထောင့်မြို့ ထောင့်စေတီသာရ မဉ္ဇူဘုရားမှာ ခံတပ်ဆောက်လုပ်စဉ်က ဖျက်ဆီးခံရသည်။ အရှေ့ဘက်မြို့ရိုး၏ တောင်ဘက်အစွန်ဆုံး ကျောက်ရင်းတံခါးမှာ ခံတပ်၏ တံခါးမကြီးအဖြစ် အုတ်ခုံးကြီးဖြင့် တည်ထားလာခဲ့သည်။ ယခုလူများက လိုဏ်ဂူဟုထင်နေသည်မှာ ကျောက်ရင်းတံခါးပေါက် ဂိတ်မကြီးဖြစ်သည်။ ယခုအခါတွင် ဘိုးဘွားရိပ်သာဆောက်လိုက်သဖြင့် ဂိတ်ပိတ်သွားသည်။ မြောက်ဘက် ရဲစခန်းဘက်မှ အဝင်ပေါက်မှာ ယခင်က မလွယ်ပေါက်ဖြစ်သည်။ ၂၃ ပေမြင့်သော အုတ်တံတိုင်း ကြီးမှာ ပျက်စီးယိုယွင်းစပြုလာပါ ပြီး၊ အရှေ့ဘက် မိန်းဂိတ်အပေါ်မှ လိုဏ်အမိုးမှာ အက်ကြောင်းများ ပေါ်လာပြီး ထိန်းသိမ်းမှုမပြုပါက မကြာမီနှစ်များအတွင်း ပြိုကျတော့မည်။ မြို့ရိုးတံတိုင်းဖြင့် သီးခြားတည်ရှိနေသော ခံတပ်ကို ဒေသခံများက မြို့လေးခံတပ် မြို့လေးဝင်းဟု ခေါ်ကြသည်။ ခေတ်အဆက်ဆက် စစ်တပ်။ အမြောက် တပ်များ နေခဲ့ကြသည်။ မြောက်ဘက်ဂိတ်မှ ဝင်ဝင်ချင်း တွင် အုတ်တံတိုင်း အနိမ့်လေး ကာရံထားသော အထိမ်းအမှတ်ကျောက်တိုင် တစ်ခုရှိသည်။ ၁၉၄၉ ခုနှစ်က သောင်းကျန်းသူများကို ခုခံရင်းကျဆုံးသွားသော ရဲတပ်ဖွဲ့ ဝင်များ အထိမ်းအမှတ် ကျောက် တိုင် ဖြစ်ပါသည်။ ၂၀၀၀ ပြည့်နှစ် တွင် ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထွန်းရီက သာရမဉ္ဇူမြို့ထောင့်စေတီကို မူလနေရာတွင် အသစ် ပြန်လည်တည်ထားခဲ့ပါသည်။ ဘုရားဖူးများ ဝင်ထွက်သွားလာရာတွင် လုံခြုံ ရေးအခြေအနေအရ ကန့်သတ်မှုများရှိသဖြင့် အခက်အခဲရှိပါသည်။
ခရီးသွားများအား ဆွဲဆောင်ထားနိုင်
ကမ္ဘာလှည့်ခရီးသည်များ စိတ်ပါဝင်စားသော ရှေးဟောင်းအဆောက်အအုံဖြစ်သဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ရှေးဟောင်းသုတေသနနှင့် ပြတိုက်ဦးစီးဌာနက လက်ခံထိန်းသိမ်းနိုင်လျှင် ပိုမို အဆင် | ပြေမည်ဖြစ်ပါသည်။ ယခုလည်း ပဲခူးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနဌာနမှ အသေးစားပြုပြင် မွမ်းမံရန် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ လွန်ခဲ့သည့် ၁၅၆ နှစ်ခန့်က ဆောက်လုပ်ခဲ့သော ဤခံတပ်ကြီးကို ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက် သင့်ပါသည်။ တစ်ချိန်က ဆုံးရှုံးခဲ့ရသော အချုပ်အခြာအာဏာကို ထပ်မံ မဆုံးရှုံးစေရန် တစ်နည်းအားဖြင့် သတိပေးနေသော သင်္ကေတ တစ်ခုလည်းဖြစ်ပါသည်။
ယခုအခါ ကေတုမတီမြို့၏ရှေးဟောင်းအမွေအနှစ် ကျုံးမြို့ရိုးများကို ဖော်ထုတ်ပြုပြင်နေပါသည်။ အုတ်ကြွပ် တန်းရပ်ရှိ သမိုင်းဝင် ယိုးဒယားပေါက်ကို ပြည်ထောင်စု ဘတ်ဂျက်ဖြင့် ဖော်ထုတ်ထိန်းသိမ်းပြီး ဖြစ်ပါသည်။ ပဲခူးတိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် မြောက်ဘက်မြို့ အဝင် ဘုရင့်နောင်ကြေးရုပ်မှ အရှေ့ဘက်ကျုံးပတ်လမ်း အတိုင်း ယိုးဒယားပေါက်အထိ ကျုံးပတ်လမ်းခင်းခြင်း၊ မြေယာရှုခင်းအလှဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက် ရှိပါသည်။ ဤမြို့လေးခံတပ်ကိုလည်း ပြုပြင်ထိန်းသိမ်းပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။
ကျမ်းကိုး - 20 = Century artillary Fortifi cation in Burma by fortress study group


