တောင်ငူ ၂၆ မတ်
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၌ ၁၃၈၀ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင် လမ်လျှောက်သင်္ကြန် ထည့်သွင်းကျင်းပမည်ကြောင်း သိရသည်။
မဟာသင်္ကြန်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဘုရင်နောင်ခန်းမ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်သင်္ကြန်တွင် လမ်းလျှောက်သင်္ကြန်ကိုပါ ထည့်သွင်းကျင်းပသွားမည် ဖြစ်သည်။
လမ်းလျှောက်သင်္ကြန်အဖြစ် တောင်ငူမြို့ ဗိုလ်မှူးဖိုးကွန်းလမ်း၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့ လမ်းထောင့်မှ တပင်ရွေထီးလမ်းထိ လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်းကျင်းပမည်ဖြစ်ကာ ဗဟိုမဏ္ဍပ်တွင် ရိုးရာသံချပ်ထိုး ပြိုင်ပွဲများ၊ ယိမ်းအကများ၊ သင်္ကြန်အလှမယ်ပြိုင်ပွဲများ၊ ဖျော်ဖြေရေး အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးသို့ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ကျင်းပရေးဆပ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သူရ (တောင်ငူ)


