နေပြည်တော်    အောက်တိုဘာ    ၆

 

တောင်သူများ ပူးပေါင်းပါဝင်သော စပါးမျိုးများ ရွေးချယ်ခြင်းနှင့် စပါးမျိုးသစ်မိတ်ဆက်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ အပင်ဇီဝနည်းပညာဗဟိုဌာန သုတေသနစိုက်ကွင်း၌ ကျင်းပသည်။

 

မိတ်ဆက်ပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မျိုးဆက်သက်တမ်းကာလတစ်ခုတွင် အရည်အသွေး ကျဆင်းလာနိုင်သော စပါးသီးနှံ၏ သဘောသဘာဝအရ သုတေသီများ၊ ပညာရှင်များက အရည်အသွေးကောင်း စပါးမျိုးများ မျိုးကူးစပ်ပွားများထုတ်လုပ်ပေးပြီး မျိုးမြှင့်ခြင်းလုပ်ငန်းဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ တစ်ချိန်တည်းတွင် ခေတ်မီစိုက်ပျိုးထုတ်လုပ်မှု နည်းပညာများကို တောင်သူ့လက်ဝယ်သို့ အလျင်အမြန်ရောက်ရှိနိုင်ရေးအတွက် ဆွေးနွေးပွဲများ၊ ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ခြင်းနှင့်အတူ ICT နည်းပညာ အသုံးပြုပြီး လူမှုမီဒီယာများမှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း။

 

အလားတူ အရည်အသွေးကောင်း မျိုးစေ့ထုတ်လုပ်နိုင်ရေး၊ သွင်းအားစုများ အရည်အသွေး ပြည့်မီစေရေးအတွက် ဥပဒေ၊ နည်းဥပဒေများဖြင့် စီမံကြီးကြပ်ခြင်း၊ ဇီဝနည်းပညာအသုံးပြုပြီး မူလမြန်မာစပါးမျိုးရင်းများအား အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုမိတ်ဆက်ပေးမည့် စပါးမျိုးများ၏ ဇီဝသွင်ပြင်၊ အထွက်၊ ရင့်မှည့်ချိန်၊ ဆန်အရည်အသွေး စသည်တို့ကို တောင်သူလယ်သမားများကိုယ်တိုင် လက်တွေ့စိစစ်သုံးသပ်ကာ မဲပေးရွေးချယ်ခြင်းဖြင့် တောင်သူများပူးပေါင်းပါဝင်သော စပါးမျိုးရွေးချယ်ခြင်းကို တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက တောင်သူများ ပူးပေါင်းပါဝင်သော စပါးမျိုးများ ရွေးချယ်ခြင်းနှင့် စပါးမျိုးသစ်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာကြသော တောင်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး သုတေသနစိုက်ကွင်းအတွင်း စိုက်ပျိုးပြသထားသော စပါးခင်းများ၊ “ဇီဝနည်းပညာအသုံးပြုပြီး စပါးမျိုးများအဆင့်မြှင့်တင်ခြင်း” ပြခန်းများကို ကြည့်ရှုကာ အပင်ဇီဝနည်းပညာဗဟိုဌာန Biosafety Level-2 ဓာတ်ခွဲခန်းကို ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ တောင်သူများက တောင်ပျံစပါး (ရာသီစပါး) မျိုးကို ရာသီမရွေးစိုက်နိုင်ရန် မျိုးပြုပြင်ထားသည့် သက်တမ်းတောင်ပျံစပါးမျိုးနှင့် ဓာတ်တိုးဆန့်ကျင်သည့် သတ္တိရှိပြီး ကိုလက်စထရော ပါဝင်မှုနည်းပါးသော အရောင်ပါစပါးမျိုးသစ်အား မျိုးရွေးချယ်ခြင်း၊ အပင်ဇီဝနည်းပညာဗဟိုဌာနမှ ထုတ်လုပ်ထားသည့် သက်တမ်းပေါ်ဆန်းစပါး၊ မနောသုခ-၂၊ ဧရာတိုး စပါးမျိုးများအား လက်တွေ့ကြည့်ရှုလေ့လာခြင်း၊ ဆန်အရည်အသွေး စစ်ဆေးရန်ထမင်းများ လက်တွေ့စားသုံးခြင်း၊ မျိုးရွေးချယ်မဲပေးခြင်း၊ တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်