ဘားအံ စက်တင်ဘာ ၉
ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း၊ ကောက်စိုက်စက်နှင့် တွဲဖက်သုံး ၁၀ တန်းသွား မျိုးစေ့ချကိရိယာနှင့် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) အသုံးပြု၍ မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့ ရဲသာ(ကမော့ကစင်)ကျေးရွာအုပ်စု ကမော့ကစင် အရှေ့ကွင်းရှိ တောင်သူဒေါ်မူးဖေါင်ဆိန့်၏ လယ်မြေ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကားပြောကြားပြီး စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက မျိုးစေ့ချကိရိယာများ အသုံးပြုပုံနှင့် အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ရဲသာ(ကမော့ကစင်)၊ တော်ပုံ၊ လှိုင်ကမ္ဘာ၊ တရုတ်လှ၊ လှာကဒေါင်ကျေးရွာ တို့မှ တောင်သူများအတွက် လက်ဆွဲမျိုးစေ့ချ ကိရိယာများ အခမဲ့ပေးအပ်ကြသည်။
ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာန(ခွဲ)မှ တာဝန်ရှိသူများက မြေဆီဩဇာ တိုးတက်ကောင်းမွန်စေသော အီးအမ်ဘိုကာရှီ မြေဆွေးပြုလုပ်သုံးစွဲနည်းနှင့် ငါးအမိုင်နိုအက်စစ် ပြုလုပ်သုံးစွဲနည်းများကို လက်တွေ့ပြုလုပ်ပြသပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှန်တကယ် ပြန်လည် ပြုလုပ်သုံးစွဲကြမည့် တောင်သူများအတွက် အီးအမ် (အပြင်း)ရည်များနှင့် ပေါင်းသတ်ဆေးများကို အခမဲ့ဖြန့်ဝေပေးသည်။
ယင်းနောက် ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်နှင့် တွဲဖက်သုံး ၁၀ တန်းသွားမျိုးစေ့ချကိရိယာနှင့် လက်ဆွဲမျိုးစေ့ချ ကိရိယာ(Drum Seeder)အသုံးပြု၍ မိုးစပါးစိုက်ပျိုး ခြင်းတို့ကို ကွင်းသရုပ်ပြသကြသည်။
သရုပ်ပြပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဘားအံမြို့ လှာကမြင် ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် ပြည်နယ်ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံပေါင်းစုံ အမျိုးသားဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်ပြီး ဗိုလ်လုပွဲစဉ်အဖြစ် ဘားအံတက္ကသိုလ်အမျိုးသားဘောလုံးအသင်းနှင့် ဘားအံပညာရေးဒီဂရီကောလိပ် အမျိုးသားဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှု ကို ကြည့်ရှုအားပေးသည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက နေရာအလိုက် အကောင်းဆုံးဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆု ရရှိကြသူများ၊ ပူးတွဲတတိယဆုနှင့် ဒုတိယဆုရရှိသည့်အသင်းများကို တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို လည်းကောင်း၊ အနိုင်ရဗိုလ်စွဲသွားသည့် အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


