နေပြည်တော် ၇ အောက်တိုဘာ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ ည ၇ နာရီထုတ်ပြန်သည့် မိုးလေဝသ သတင်းအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့် အတင့်မှ အားကောင်းနေသည်။
ထူးခြားသည့်အခြေအနေမှာ ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီ တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်သည် ဗီယက်နမ်နိုင်ငံတောင်ပိုင်း ကမ်းခြေကို နာထရန်းမြို့ (Nha Trang) အနီးမှ ဖြတ်ကျော်လျက်ရှိပြီး၊ အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ အောက်တိုဘာ ၈ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံကို ဖြတ်ကျော်၍၊ ထိုင်းပင်လယ်ကွေ့သို့ ရောက်ရှိပြီး၊ ညပိုင်းတွင် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတောင်ပိုင်း ဒေသများကို လေဖိအားနည်းရပ်ဝန်းအဖြစ် ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အောက်တိုဘာ ၉ ရက်နေ့တွင် ကပ္ပလီပင်လယ်ပြင်သို့ ရောက်ရှိနိုင်သည်။
မနက်ဖြန်မွန်းတည့်ချိန်အထိ ခန့်မှန်းချက်မှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်သည်။
မြန်မာ့ပင်လယ်ပြင်တွင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅) မိုင်အထိ တိုက်ခတ်နိုင်သည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ခြောက်ပေမှ ကိုးပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လေးပေမှ ခြောက်ပေခန့် ရှိနိုင်သည်။
နောက်နှစ်ရက်အတွက် ခန့်မှန်းချက်မှာ မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် ထစ်ချုန်းမည့် အခြေအနေများ ဆက်လက်ဖြစ်ပေါ်နေမည်။
နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်မွန်းတည့်ချိန်အထိ ခန့်မှန်းချက်မှာ နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်သည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့ အနီးတစ်ဝိုက်အတွက် မနက်ဖြန်မွန်းတည့်ချိန်အထိ ခန့်မှန်းချက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။
#မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန


