နေပြည်တော် ၂၁ မတ်

တောရိုင်းတိရစ္ဆာန်များ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံ ဝန်ကြီးများအဆင့် အထူးအစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ယနေ့ကျင်းပခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ကြသည်။

အဆိုပါ အစည်းအဝေးကို နိုင်ငံတကာနှင့် အာဆီယံဒေသအတွင်း၌ ကြီးမားကျယ်ပြန့်လာသည့် တောရိုင်းတိရစ္ဆာန်များနှင့် ယင်းတို့၏ အစိတ်အပိုင်းများအား တရားမဝင် ကုန်သွယ်မှုဆိုင်ရာ ဈေးကွက်များနှင့် ကျူးလွန်လုပ်ဆောင်လာမှုများအား ပူးပေါင်းတားဆီးနှိမ်နှင်းရေး လုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံအချင်းချင်း လက်ရှိဆောင်ရွက်နေမှုများ ရှေ့ဆက်ပြီး ပေါင်းစပ်ဆောင်ရွက်မည့် လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးဖော်ထုတ်ကာ ဒေသအဆင့် ကြေညာချက်တစ်ခုအား ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

ချင်းမိုင်မြို့၌ ကျင်းပသည့် အာဆီယံဝန်ကြီးများအဆင့် အထူးအစည်းအဝေးသို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံ သယံဇာတနှင့် ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာနမှ အိမ်ရှင်နိုင်ငံအဖြစ် ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ အာဆီယံနိုင်ငံများ၏ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် Mr. Dato Lim Jock Hoi ၊ ဗြိတိန်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့မှ ကိုယ်စားလှယ်များ၊ မျိုးဆက်ပျက်သုဉ်းလုဆဲ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်းအထွေထွေ အတွင်းရေးမှူးချုပ် Me. Ivonne Higuero နှင့် UNODC ၊ INTEROPOL ၊ IUCN တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးများ အဆင့် အထူးအစည်းအဝေးတွင် တရားမဝင်ကုန်သွယ်မှု လုပ်ငန်းများအား အဖွဲ့အစည်းများဖြင့် စုဖွဲ့ကျူးလွန် လုပ်ဆောင်နေမှုများအား အဓိကပြစ်မှုများအဖြစ် တားဆီးအရေးယူနိုင်ရေး၊ Cyber Crime အနေဖြင့် ဒေသတွင်း ကွန်ယက်ပြုလုပ် ကျူးလွန်နေမှုများအား တားဆီးနှိမ်နှင်းရေးနှင့် တရားမဝင်ကုန်သွယ်မှု ဈေးကွက်များ ပိတ်သိမ်းရေး၊ UN Sustainable Development Goals (SDG) နှင့် နိုင်ငံတကာသဘော တူညီချက်များ၊ ဒေသအတွင်း သဘောတူညီချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်သွားနိုင်ရေး စသည့်ဦးတည်ချက်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ဒေသအတွင်း တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ်မှုများ တားဆီးနှိမ်နှင်းရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပြီး ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းတို့ကို ဆွေးနွေးပြောကြားသည်။

အာဆီယံဝန်ကြီးများအဆင့် အထူးအစည်းအဝေး၌ နယ်စပ်ဖြတ်ကျော် တရားမဝင် ကုန်သွယ်နေသည့် တောရိုင်းတိရစ္ဆာန်မှုခင်းများ အဆုံးသတ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်၊ တရားဥပဒေစိုးမိုးရေး၊ တရားမဝင် ကူးသန်းရောင်းဝယ်နေမှုများ အဆုံးသတ်ရေး၊ ဈေးကွက်များ ပိတ်သိမ်းရေး၊ အင်တာနက်အသုံးပြု ရောင်းဝယ်ဖောက်ကားမှုများအား ပိတ်ပင်တားဆီးရေး၊ အသိပညာပေးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက်  ဗြိတိန်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂတို့မှ ကိုယ်စားလှယ်များနှင့် CITES Convention ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အာဆီယံဝန်ကြီးများအဆင့် အထူးအစည်းအဝေးအပြီးတွင် တောရိုင်းတိရစ္ဆာန်များ အာဆီယံဒေသအတွင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါကြေညာချက်တွင် အပြည်ပြည်ဆိုင်ရာနှင့် ဒေသအတွင်း တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုများ ဆိုင်ရာမူဝါဒများ ကိုက်ညီမှုရှိစေရေး၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ပိုမိုထိရောက် အားကောင်းလာစေရေး၊ အင်တာနက် အသုံးပြု၍ ကွန်ရက်များပြုလုပ်ကာ စုဖွဲ့ကျူးလွန် လုပ်ဆောင်နေမှုများကို ရာဇဝတ်ပြစ်မှုများအနေဖြင့် သတ်မှတ်ကာ တားဆီးနှိမ်နှင်းရေး၊ နယ်ပယ်ကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်ရေးနှင့် သုံးစွဲမှုနှင့် ဝယ်လိုအား လျှော့ချရေးတို့ကို ထည့်သွင်းထုတ်ပြန်ခဲ့ကြောင်းလည်း သိရသည်။

(သတင်းစဉ်)