လားရှိုး   ၂၅  မတ်

 

တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းပင်များ ကာကွယ်စောင့်ရှောက်ရေး၊ တရားမဝင် ရောင်းဝယ်မှုများ ပပျောက်ရေး ဟောပြောပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက လားရှိုးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအာကာလင်းက ရှမ်းမြောက် လားရှိုးခရိုင်ဟာဆိုရင် တရုတ်နိုင်ငံနဲ့ ဆက်စပ်နေတဲ့ ပြည်ပထွက်ပေါက်တစ်ခုဖြစ်တဲ့ လမ်းကြောင်းတစ်ခုအပေါ်မှာ တည်ရှိနေတဲ့အတွက် သစ်နဲ့သစ်တောထွက်ပစ္စည်း၊ တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ တရားမဝင် သယ်ယူပို့ဆောင်ရေးမှာ အဓိကကျတဲ့ ထွက်ပေါက်တစ်ခု ဖြစ်နေတာကို တွေ့မြင်ရမှာဖြစ်ပြီး “တစ်ယောက်အားနဲ့ မစွမ်းသာ အများအားနဲ့ ထိန်းသိမ်းပါ” ဆိုတဲ့အတိုင်း ပြည်သူလူထုအားလုံးရဲ့အားနဲ့ ဝိုင်းဝန်းထိန်းသိမ်းကြမှသာ အောင်မြင်မှာဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် အမှတ်(၂) သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူး ကြီးမောင်မောင်ရွှေက သစ်တောထွက်ပစ္စည်းများနှင့် ပတ်သက်၍ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို power point ဖြင့် ရှင်းလင်းတင်ပြပြီး လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးမင်းဦးက သစ်တောဥပဒေနှင့် ပတ်သက်၍ သစ်တောထိန်းသိမ်းခြင်း လုပ်ငန်းများအကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။

 

အခမ်းအနားတွင် သားငှက်ထိန်းသိမ်းရေးအဖွဲ့ မြန်မာနိုင်ငံအစီအစဉ် (WSC)ဌာနအရာရှိ မြသီတာအောင်က သဘာဝ တောရိုင်းတိရစ္ဆာန်များ၏ နေထိုင်မှု ဘဝဖြစ်စဉ်များနှင့် ပတ်သက်၍ သတ်ဖြတ်ခြင်း၊ ရောင်းဝယ်ခြင်းဆိုင်ရာများကို ထိမ်းသိန်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုများကို တင်ပြပြီး ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရံပုံငွေအဖွဲ့ (WWF)ဌာန ဒေါက်တာ ဒေါ်စံပယ်မင်းက ရန်ပုံငွေထူထောင်ရခြင်း ရည်ရွယ်ချက် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စု (၁၀)အုပ်စု၊ လားရှိုးမြို့ရပ်ကွက် (၁၂)ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ CSO များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဟန်ဌေး(ခရိုင်ပြန်/ဆက်)

 

2