မောင်သာ(ရှေးဟောင်းသုတေသန)

 

မြန်မာ့သမိုင်းတွင် စည်းလုံးညီညွတ်သော ဒုတိယမြန်မာနိုင်ငံတော်ကို အစပြုခဲ့သည့် တောင်ငူခေတ် ကေတုမတီမြို့တော်သည် ၂ဝ၂ဝ ပြည့်နှစ်တွင် သက်တမ်းနှစ် ၅၁ဝ ပြည့်မြောက်ပြီဖြစ်သည်။ တောင်ငူဘုရင်များသည် ခရစ်နှစ် ၁၂၇၈ ခုနှစ်မှစ၍ တောင်ငူဒေသတွင် တောင်ငူငယ်၊ တောင်ငူကြီး (ဓညဝတီ)၊ မြဝတီနှင့် ဒွါရာဝတီမြို့တို့ကို တည်ထောင်ခဲ့ပြီးနောက် ခရစ်နှစ် ၁၅၁၀ ပြည့်နှစ်တွင် တောင်ငူခေတ်၏ နောက်ဆုံးမြို့တော်ဖြစ်သည့် ကေတုမတီကို မင်းကြီးညိုက တည်ထောင်ခဲ့သည်။

 

ကေတုမတီ တောင်ငူ ငါးမြို့

 

တောင်ငူမြို့သည် ရန်ကုန်မြို့မှ မြောက်ဘက်သို့ ၂၇၇ ကီလိုမီတာနှင့် နေပြည်တော်မှ အရှေ့ တောင်ဘက် ယွန်းယွန်းသို့ ၁၃၉ ကီလိုမီတာကွာဝေး၍ မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၅၆ မိနစ်နှင့် ၁၈ ဒီဂရီ ၅၇ မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၂၅ မိနစ် နှင့် ၉၆ ဒီဂရီ ၂၇ မိနစ် အကြားတွင်တည်ရှိကာ ၆၆၃ ဒသမ ၁၅ စတုရန်းမိုင် ကျယ်ဝန်း၍ ပင်လယ်ရေ မျက်နှာပြင်အထက် ၁၆၂ ပေမြင့်သည်။

 

တောင်ငူမြို့နယ်၏ အရှေ့ဘက်တွင် ထန်းတပင်မြို့နယ်နှင့် သံတောင်မြို့နယ်၊ အနောက်ဘက်တွင် ပေါက်ခေါင်းမြို့နယ်၊ တောင်ဘက်တွင် အုတ်တွင်းမြို့နယ်နှင့် မြောက်ဘက်တွင် ရေတာရှည်မြို့နယ်တို့ တည်ရှိ၍ စစ်တောင်းမြစ်သည် တောင်ငူမြို့နယ်ကို ဖြတ်သန်းလျက် မြောက်မှ တောင်သို့ ၂၅ မိုင် စီးဆင်းနေသည်။ တောင်ငူမြို့သည် ခပေါင်းချောင်းဖျား၊ မင်းဝံတောင်၏ အငူနေရာ၌ တည်ထားသည့် မြို့ဖြစ်သောကြောင့် တောင်ငူဟု အမည်တွင်ခဲ့သည်။

 

တောင်ငူမင်းဆက်၏ ပထမဆုံးမြို့ဖြစ်သည့် တောင်ငူငယ်ကို သဝန်ကြီးနှင့် သဝန်ငယ်ညီနောင်က ၁၂၇၈ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၁၂၇၉ ခုနှစ်တွင် တောင်ငူကြီးကို ထပ်မံတည်ခဲ့ပြီး တောင်ငူကြီးတွင် သဝန်ကြီးက နန်းတက်ခဲ့သည်။ သဝန်ကြီးမှစ၍ တောင်ငူကြီးတွင် နန်းစိုက်ခဲ့သည့် မင်းများအနက် ၁၄၈၅ ခုနှစ်တွင် နန်းတက်ခဲ့သည့် ၂၉ ဆက်မြောက်မင်းဖြစ်သူ မင်းကြီးညို သည် ၁၄၈၆ ခုနှစ်တွင် တောင်ငူကြီးမှ မြောက်ဘက် တာ ၅၀၀ အကွာ၌ မြဝတီမြို့ကို တည်ထောင်၍ ငါးနှစ်နန်းစံခဲ့သည်။ ထို့နောက် ၁၄၉၁ ခုနှစ်တွင် ဒွါရာဝတီမြို့ကို တည်ထောင်၍ မြဝတီမှ ပြောင်းရွှေ့ခဲ့သည်။ ဒွါရာဝတီမြို့၌ မင်းကြီးညို အုပ်စိုးချိန်သည် အင်းဝ၌ ဒုတိယမင်းခေါင် (၁၄၈၁-၁၅၀၂) နန်းစံနေချိန်ဖြစ်၍ ယင်းကာလတွင် အင်းဝ၌ မငြိမ်သက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် အင်းဝသားများသည် အင်းဝကို စွန့်ခွာ၍ မင်းကြီးညိုလက်အောက်သို့ ရောက်ရှိလာခဲ့ကြသဖြင့် မင်းကြီးညိုထံမှောက်၌ လူသူဆင်မြင်း အင်အားတိုးပွားလာခဲ့သည်။ ထိုအချိန်တွင် ဒွါရာဝတီသည် တိုးပွားလာသည့် အင်အားအတွက် နေရာအကျယ်အဝန်း မလုံလောက်တော့သဖြင့် မင်းကြီးညိုသည် ဒွါရာဝတီမြို့၏ အထက်ပိုင်း၊ ပေါင်းလောင်းမြစ်၏ အနောက်ဘက်ရှိ ညီညာပြန့်ပြူးသည့် မြေနေရာ၌ ကေတုမတီနေပြည်တော်သစ်ကို ၁၅၁၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သည်။ ကေတုမတီမြို့သစ်သည် အရှေ့အနောက် တာ ၇၀၀ နှင့် တောင်မြောက်တာ ၅၀၀ ရှည်လျား၍ မြို့ရိုးနှင့်အတူ တံခါးပေါက် ၂၀ ၊ သိမ် ၂၀ နှင့် မြို့ထောင့်စေတီလေးဆူ တည်ရှိခဲ့သည်။

 

လက်ရှိတောင်ငူမြို့နယ်ကို မြို့နှစ်ခု (တောင်ငူနှင့်ကေတုမတီ)၊ ရပ်ကွက် ၂၇ ခု၊ ကျေးရွာအုပ်စု ၃၇ ခု၊ ကျေးရွာ ၂၅၁ ရွာဖြင့် ဖွဲ့စည်းထားကာ မြို့နယ်အတွင်း၌ မြို့ရိုးနှင့် ကျုံးဟောင်းများအပါအဝင် သမိုင်းဝင်နေရာများနှင့် အဆောက်အအုံများကို ယနေ့တိုင် မြင်တွေ့နိုင်ကြသည်။ ယင်းတို့အနက် တောင်ငူမြို့ရိုးဟောင်းကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထိန်းသိမ်း စောင့်ရှောက်ထားသည်။

 

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ထုတ်ပြန်သည့် တောင်ငူမြို့နယ်ဒေသဆိုင်ရာ အချက်အလက်များအရ တောင်ငူမြို့နယ်တွင် စေတီ ၇၅ ဆူနှင့် ဘုန်းကြီးကျောင်း ၃၁၇ ကျောင်းတည်ရှိပြီး မြတ်စောညီနောင်၊ ရွှေဆံတော်၊ မြစည်းခုံ၊ စည်းခုံကြီးနှင့် မြတ်နိန္ဒ တို့သည် သမိုင်းဝင် စေတီတော်များအဖြစ် ထင်ရှားကြသည်။

 

ကေတုမတီပြတိုက်

 

သက်တမ်း နှစ် ၅၁၀ ရှိပြီဖြစ်သည့် ကေတုမတီ တောင်ငူမြို့နယ်သည် ခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ပြီး သမိုင်းဝင် အဆောက်အအုံများနှင့် သမိုင်းအထောက်အထား ရုပ်ဝတ္ထုပစ္စည်းများ ကျန်ရှိခဲ့သည်။ ယင်းတို့အနက် တောင်ငူမြို့နယ်သားတစ်ဦး ဖြစ်သည့် ဦးခင်မောင်အေး (စီဘီဘဏ်ဥက္ကဋ္ဌ) သည် ဘိုးဘွားစဉ်ဆက် စုဆောင်းခဲ့သည့် ရှေးဟောင်းပစ္စည်းများကို သိမ်းဆည်းစောင့်ရှောက်ထားပြီး ဆက်လက်ရရှိလာသည့် သစ်သား၊ မြေထည်၊ ကြွေထည်၊ ယွန်းထည် နှင့် ဆင်းတုတော်များအပါအဝင် ရှေးဟောင်း ပစ္စည်းများ များပြားလာချိန်တွင် စာရင်းပြုစုပြီး တော်ဝင်ကေတုမတီဟိုတယ်၌ သစ်သားဗီရို ၁၂ လုံးဖြင့် ထိန်းသိမ်းခဲ့သည်။

 

ယင်းပစ္စည်းများကို အများပြည်သူများ အားပြသနိုင်ရန်ကောင်းမြန်မာကုမ္ပဏီ ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်လှလှက ဒေသဆိုင်ရာ ပြတိုက်တစ်ခု တည်ထောင်ခွင့်ကို ၂၀၁၅ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လျှောက်ထားခဲ့ပြီး တောင်ငူမြို့ အမှတ်(၁၁) ရပ်ကွက် ဗိုလ်မှူး ဖိုးကွန်းလမ်းရှိ ကေတုမတီ အနောက်ဘက် မြို့ရိုးနှင့် အနောက်ဘက်ကျုံးအကြားရှိ ဂေါက်လေ့ကျင့်ကွင်းငယ် အပန်းဖြေရိပ်သာကို နှစ်ထပ်အဆောက်အအုံအဖြစ် ပြင်ဆင် ဆောက်လုပ်ခဲ့သည်။

 

ပစ္စည်းများကို စနစ်တကျခင်းကျင်း ထိန်းသိမ်းထားရှိနိုင်ရန် ယဉ်ကျေးမှုန်ကြီးဌာနက ကူညီဆောင်ရွက်ပေးခဲ့ပြီး ပြတိုက်အဖြစ် အသုံးပြုမည့် အဆောက်အအုံနှင့် ဆိုင်းဘုတ်ကို ၂၀၁၅ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သည့် ကေတုမတီတောင်ငူမြို့တည် နန်းတည် ၅၀၅ နှစ်ပြည့်ပွဲတော်တွင် အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့သည်။

 

တောင်ငူတက္ကသိုလ် မြန်မာစာဌာနမှ အငြိမ်းစား ပါမောက္ခဌာနမှူး ဒေါက်တာ မာမာဝေက ပြတိုက်တာဝန်ခံအဖြစ် တာဝန်ယူခဲ့ပြီးနောက် ပြတိုက်တည်ထောင်ခွင့်ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ထပ်မံလျှောက်ထားခဲ့သည်။

 

ထိန်းသိမ်းထားရှိသည့် ပစ္စည်းများ၏ အမျိုးအမည်၊ အရေအတွက်နှင့် သက်တမ်းတို့ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးရုံးက ၂၀၁၅ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင် စိစစ်အတည်ပြုခဲ့ပြီးနောက် ရှေးဟောင်းပစ္စည်းများ ထိန်းသိမ်းထားရှိခွင့်ကို ရရှိခဲ့ပြီး ထပ်တိုးပစ္စည်း ၇၀၀ ကျော်ကို မှတ်ပုံတင်နိုင်ရန် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန က ၂၀၁၈ ခုနှစ်တွင် စိစစ်ခဲ့သည်။ ။

 

ပြတိုက်တာဝန်ရှိသူများသည် တောင်ငူမြို့နှင့် အနီးဝန်းကျင်ရှိသများသို့ ကွင်းဆင်းကာ ရှားပါး ရှေးဟောင်းပစ္စည်းများကို စုဆောင်းခဲ့ကြသည်။ ပြတိုက်သို့လာရောက်ကြသူများလေ့လာနိုင်ရန် စာအုပ်စာတမ်း ၆၀၀ ကျော် ကိုလည်း ထားရှိခဲ့သည်။

 

ပြတိုက်ဟူသည်

 

ပြတိုက်ဟူသည့် ဝေါဟာရကို မြန်မာ့ စွယ်စုံကျမ်း အတွဲ(၇)တွင် “ပညာလိုက်စား သူအပေါင်းတို့အတွက် အဘက်ဘက်မှ အကူအပံ့ဖြစ်စေသောပစ္စည်း အမျိုးမျိုးတို့ကို သိုမှီးပြသထားရာ အဆောက်အအုံများကို ပြတိုက်ဟု ခေါ်ဆိုနိုင်ပေသည်”ဟု ရှင်းလင်းပြဆိုသည်။ ထို့အတူ မြန်မာအဘိဓာန်တွင် ပြတိုက်၏ အဓိပ္ပာယ်ကို အများကြည့်ရှု လေ့လာဖွယ်ရာများကို ခင်းကျင်းပြသထားသော အဆောက်အအုံ ဟု ဖွင့်ဆိုသည်။

 

ပြတိုက်သည် ရှေးဟောင်းပစ္စည်းများ သို့မဟုတ် အမှတ်တရမှတ်တမ်းတင်ထား ရှိရမည့်ပစ္စည်းများကို တစ်နေရာတည်း၌ စုစည်းထားပြီး အများပြည်သူများ စူးစမ်းလေ့လာရန် သုတေသနပြုလုပ်ရန် လေ့လာ ကြည့်ရှုစေခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေသည့် ပညာဖြန့်ဖြူးရာဌာနကြီး ဖြစ်ကြောင်း အခြေခံပြတိုက်ပညာ စာအုပ်တွင် ဖော်ပြထားသည်။

 

၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၂ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေတွင် ပြတိုက်သည် အများပြည်သူအကျိုးငှာ ပညာပေးနိုင်သော ယဉ်ကျေးမှုအရ၊ သမိုင်းကြောင်း အရ၊ အနုပညာလက်ရာမြောက်မှုအရ တန်ဖိုးရှိသော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်လေ့လာ သုတေသနပြု၍ အများပြည်သူအား စိတ်ချမ်းမြေ့စွာ လေ့လာသင်ယူနိုင်စေရန်နှင့် ပညာပေးရန်အတွက် ခင်းကျင်းပြသခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန် ရည်ရွယ်၍ အစိုးရဌာန အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တစ်ခုခုကဖြစ်စေ၊ ပုဂ္ဂလိက ကဖြစ်စေ ဖွင့်လှစ်ထားသော အဆောက်အအုံဖြစ်ကြောင်း ဖော်ပြထားသည်။ ယခုအခါတွင် ပြတိုက်ဥပဒေမူကြမ်းကို ရေးဆွဲပြီးဖြစ်ကာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီးချိန်တွင် ဥပဒေအာဏာတည်မည်ဖြစ်သည်။

 

ကမ္ဘာတစ်ဝန်းရှိ ပြတိုက်ပေါင်း ၅၅၀၀၀ ကျော်အနက် သက်ဆိုင်ရာနိုင်ငံ အစိုးရများနှင့် ပုဂ္ဂလိများက ဖွင့်လှစ်ထားသည့် ပြတိုက်များတွင် ပြတိုက်အမျိုးအစားအလိုက် လေ့လာနိုင်ကြသည်။

 

ခင်းကျင်းပြသထားသည့် ပစ္စည်းများ

 

တော်ဝင်ကေတုမတီ ယဉ်ကျေးမှု ပြတိုက်အဆောက်အအုံတွင် အထပ်နှစ်ထပ် ပါရှိ၍ အထပ်တစ်ထပ်စီ၌ ရှေးဟောင်း ပစ္စည်းများကို မှန်ပုံးများဖြင့် စနစ်တကျ ထိန်းသိမ်းပြသထားရာ မြေညီထပ်သို့ ဝင်လိုက်သည်နှင့် ကမ္ဘာ့မှတ်တမ်း အမွေအနှစ်တစ်ခုဖြစ်သည့် ဘုရင့်နောင် မင်းတရားကြီး ခေါင်းလောင်းစာများ ရေးထိုးထားသည့် ခေါင်းလောင်းနှင့် ပုံစံတူ အရွယ်တူပြုလုပ်ထားသည့် ယွန်းနှင့် စက္ကူပေါင်းကို ပေါင်းစပ်ပြုလုပ်ထားသော ခေါင်းလောင်းတော်ကို မြင်တွေ့ကြရသည်။ မူလ ခေါင်းလောင်းတော်သည် ညောင်ဦးမြို့၊ ရွှေစည်းခုံစေတီတော်၊ အရှေ့ဘက် စောင်းတန်းထိပ်တွင် မြင်တွေ့နိုင်ကြသည်။

 

ဘုရင့်နောင် မင်းတရားကြီးသည် ခေါင်းလောင်းတော် ကမ္ပည်းစာများကို ပါဠိ၊ မွန်၊ မြန်မာသုံးဘာသာဖြင့် ရေးထိုးခဲ့ပြီး ယင်းခေါင်းလောင်းစာတွင် တိကျသောရက်စွဲ များနှင့် ဖြစ်ရပ်များကို မှတ်တမ်းတင် ထားသဖြင့် ရာဇဝင်ကျမ်းများတွင် ရေးသားထားသည့် ကွဲလွဲချက်များကို ပြင်ဆင်နိုင်ရန် အထောက်အကူများစွာ ဖြစ်ခဲ့ပေသည်။

 

 

ဘုရင့်နောင်ခေါင်းလောင်းသည် အမြင့် သုံးပေ ရှစ်လက်မ၊ လုံးပတ်သုံးပေ ခြောက်လက်မ၊ အောက်ခြေလုံးပတ် ၁၀ ပေ သုံး လက်မ၊ အထူခြောက်လက်မ၊ အချင်း တစ်ပေ ခုနစ်လက်မ၊ ပေါင်းကိုင်းအမြင့်တစ်ပေ ခုနစ် လက်မ၊ ပေါင်းကိုင်းလုံးပတ် တစ်ပေ လေးလက်မရှိသည်။ ခေါင်းလောင်းပေါ်တွင် မြန်မာဘာသာနှင့် မွန်စာများရေးထိုးထားပြီး ခေါင်းလောင်း၏ လည်ပင်းအထက်၊ ပေါင်းကိုင်းအောက် ဖောင်းရစ်မျက်နှာပြင်တွင် ပါဠိစာငါးကြောင်းပါရှိသည်။ ။

 

ဘုရင့်နောင်ခေါင်းလောင်းစာအရ သီရိ ပရဝမဟာဓမ္မရာဇာဓိရာဇဘွဲ့ခံ ဘုရင့်နောင် မင်းတရားကြီးသည် ခေါင်းလောင်းတော်ကြီး တစ်လုံးသွန်းလုပ်ကာ ပုဂံဘုရင်အနော်ရထာ နှင့် ကျန်စစ်သားတို့၏ ကောင်းမှုတော်ဖြစ်သည့် ရွှေစည်းခုံစေတီတော်သို့ သက္ကရာဇ် ၉၁၉ ခု၊ နတ်တော်လပြည့်ကျော် ၁၁ ရက် (ခရစ်နှစ် ၁၅၅၇ ခုနှစ် မေလ ၂၃ ရက်) တနင်္ဂနွေနေ့၌ လှူဒါန်းချိတ်ဆွဲခဲ့သည်။

 

ဘုရင့်နောင် ခေါင်းလောင်းစာသည် ခိုင်လုံသော ခေတ်ပြိုင်မှတ်တမ်းဖြစ်ခြင်း၊ နေ့ရက်များ တိကျမှန်ကန်ခြင်း၊ ဘုရင့်နောင်မင်းတရားနှင့် မိဖုရားအမည်တို့ကိုအတိ အကျသိရခြင်း၊ မြန်မာရာဇဝင်ကျမ်းများ၌ ဖော်ပြထားသည့် အချက်များကို ပြည့်စုံတိကျစေရန် ဖြည့်စွက်နိုင်ခြင်း စသည်တို့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂ၊ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စ်ကို)က မြန်မာ နိုင်ငံ၏ စတုတ္ထမြောက် ကမ္ဘာ့မှတ်တမ်း အမွေအနှစ် (Memory of the World) အဖြစ် ၂၀၁၇ ခုနှစ်တွင် အသိအမှတ်ပြုခဲ့သည်။

 

ပြတိုက်၏ မြေညီထပ်တွင် ပုံစံတူဘုရင့် နောင်ခေါင်းလောင်းအပါအဝင် ရှေးဟောင်း ပစ္စည်းများ ထည့်သွင်းပြသထားသည့် မှန်ပုံး ၂၂ ခု ကို မြင်တွေ့ရသည်။ ယင်းတို့တွင် ကျောက်ခေတ်သုံး ပစ္စည်းများဖြစ်သည့် ကျောက်ပုဆိန်၊ ကျောက်ကွင်းနှင့် ကျောက် ပဲခွပ်တစ်ခုစီ၊ ကြေးခေတ်သုံးပစ္စည်းများဖြစ်သည့် ကြေးလှံတစ်ခု၊ ကြေးတူးရွင်းပြား တစ်ခုနှင့် ကြေးလှံသွားခြောက်ခုပါဝင်သည်။ ထို့အတူ သံ၊ သံပဲခွပ်၊ သံလှံနှင့် ငွေဓား တစ်ချောင်းစီကိုလည်း ပြသထားသည်။

 

ဆေးမင်ကြောင်ထိုးရာတွင် အသုံးပြုသည့် ကြေးစုတ်တံသုံးချောင်း၊ စဉ့်ထည်ကွဲများ၊ စဉ့်သုတ်မြေပန်းကန်၊ ကြေးဇွန်းများနှင့် စစ်ထိုးသည့်ပုံကို ရိုက်နှိပ်ထားသည့် မြေပန်းကန်ပြား တစ်ချပ်ကိုလည်း တွေ့မြင် ရသည်။ ထူးခြားသော ပစ္စည်းတစ်ခုအဖြစ် အဆင့်ငါးဆင့်ပါပြီး ဖြုတ်နိုင်သည့် သစ်သား စာတိုက်ဗီရိုနှင့် ငွေခြည်ထိုးတောင်ရှည် ပုဆိုးကို လေ့လာနိုင်ကြသည်။ ။

 

ထို့အတူ တောင်ငူခေတ် ကြေးအလေးများ၊ ငွေနှင့် ခဲဒင်္ဂါးများ၊ အင်ကြင်းကျောက်ဖြင့် ပြုလုပ်ထားသည့် ပုတီးကုံးနှင့် ပုတီးစေ့များ၊ ပျူခေတ်လက်ရာ ဆင်ရုပ်၊ ကျားရုပ် ပုတီးများ၊ နားတောင်းများ၊ မြေအရိုးအိုးများ၊ သင်္ကေတ အမှတ်လက္ခဏာများ ပါရှိသည့် အုတ်ချပ်များ၊ မြေနှင့်စဉ့်ရုပ်ကြွများနှင့် နာရီမောင်းတစ်ခုကို ကြည့်ရှုနိုင်ကြသည်။

 

ပြတိုက်၏ ပထမထပ်တွင် ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများကို မှန်ပုံး ၂၀ ၌ ထည့်သွင်းပြသထားရာ ဘုရားရှင်ဖွားတော်မူခန်း၊ တောထွက်တော်မူခန်း၊ ဆံတော်ပယ်ခန်း၊ ဘုရားအဖြစ်သို့ ရောက်တော်မူခန်း၊ ဓမ္မစကြာတရားဦး ဟောတော်မူခန်းနှင့် ပရိနိဗ္ဗာန် စံဝင်တော်မူခန်းတို့ကို လက်ရာမြောက်စွာ ထုလုပ်ထားသည့် ကြေးရုပ်ငယ် ခြောက်ခုကို မြင်တွေ့ကြရသည်။

 

ယင်းအထပ်မှာပင် နှစ်ကျိပ်ရှစ်ဆူ ဘုရားများ ထွင်းထုထားသော ဆင်စွယ် တစ်ခုအပါအဝင် မြေနှင့်ကျောက် ဗုဒ္ဓဆင်းတုတော်များ၊ ပုရပိုက်၊ ရွှေပိန်းချကမ္မဝါ၊ ရွှေချ ထားသည့်ပေစာ၊ ဆေးတံများ၊ ဒီဇိုင်းပါအိုးခြမ်းကွဲများနှင့် ကြေးခေါင်းလောင်းသုံးလုံးကို ပြသထားသည်။ လူမှုအသုံးအဆောင်များ ဖြစ်သည့် နာရီဗီရို၊ ကရင်တိုင်းရင်းသားများ ဝတ်ဆင်သည့် လက်ကောက်နှင့် ဆွဲကြိုး၊ ကယားတိုင်းရင်းသားများ၏ ခေါင်းပတ်၊ ဆွမ်းအုပ်၊ ကွမ်းတောင်ဟင်္သာကလပ်၊ ဖန်လုံးပါကလပ်၊ အိုးများ၊ အိုးလက်များနှင့် သံအမြောက်တစ်လက်ကို ခင်းကျင်းထားသည်။ ယင်းအမြောက်ကို တောင်ငူ ကန်တော်ကြီး ရေပြင်အောက်မှ ရရှိခဲ့သည်။

 

mdn

 

ပြခန်း၏အလယ်၌ ပုဂံရှေးဟောင်း သုတေသနပြတိုက်နှင့် မြစေတီရင်ပြင်တွင် တည်ရှိသော ကမ္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းဝင် မြစေတီကျောက်စာပုံစံတူနှင့် ပုဂံရွှေဂူကြီးဘုရား၊ အာရုံခံအနောက်ဘက် နံရံတွင်တည်ရှိသော မြန်မာဘာသာဖြင့် ရေးထိုးထားသည့် ဘုရင့်နောင်မင်းတရား၏ သက္ကရာဇ် ၉၁၃ ခုနှစ်ထိုး အခွန်ကောက်ခံမှု ကျောက်စာပုံစံတူကို ပြသထားရာ ကျောက်စာနှစ်ချပ်တွင်ပါရှိသည့် စာသားများကို မူရင်းအတိုင်းလေ့လာနိုင်ကြပေသည်။

 

ပြတိုက်အတွင်း၌ ခင်းကျင်းထားသည့် ပစ္စည်းများအားလုံးတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက သတ်မှတ်သည့်သက်တမ်း၊ လက်ရာ၊ ခေတ်ကာလနှင့် ရရှိခဲ့သည့်နေရာများကို ရေးသားဖော်ပြထားသည်။

 

တော်ဝင်ကေတုမတီ ယဉ်ကျေးမှု ပြတိုက်၏ အပြင်ဘက်မျက်နှာစာ အနောက်ဘက်အခြမ်းတွင် ဆွာချောင်းမှရရှိခဲ့သည့် ညောင်ရမ်းခေတ်သုံး သစ်လုံးထွင်းလှေနှစ်စင်းနှင့် ချောင်းမငယ်မှရရှိခဲ့သည့် ကုန်ဘောင်ခေတ်သုံး သစ်လုံးထွင်းလှေတစ်စင်းတို့ကို အမိုးအကာအောက်၌ ထိန်းသိမ်း ထားရှိထားသည်။ ထို့အတူ အဆောက်အအုံ အပြင်ဘက် မျက်နှာစာ လက်ဝဲဘက်ခြမ်းတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက တူးဖော်သုတေသနပြုထားသည့် ကေတု မတီမြို့ဟောင်း အနောက်ဘက်မြို့ရိုး အစိတ်အပိုင်းကို တွေ့ရှိခဲ့ရသည်။ ။

 

မြန်မာနိုင်ငံ၏ သမိုင်းအစဉ်အဆက် ဖြစ်ထွန်းခဲ့သည့် သမိုင်းနှင့်ယဉ်ကျေးမှု အမွေအနှစ်များသည် မြန်မာနိုင်ငံတစ်ဝန်း၌ များစွာကျန်ရှိလျက်ရှိရာ ယင်းတို့ကိုကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းထား ခြင်းဖြင့် မြန်မာတို့၏ ယဉ်ကျေးမှုတန်ဖိုးကို သက်သေပြနိုင်မည်ဖြစ်သည်။ ထို့ကြောင့် အစိုးရ ပြတိုက်များအပြင် ပုဂ္ဂလိကပြတိုက်များ တည်ထောင် ဖွင့်လှစ်ခြင်းသည် လေ့လာသူများအတွက် များစွာအကျိုးရှိနိုင် မည်ဖြစ်ကြောင်း ယူဆမိပါသည်။ ။

 

ကိုးကား

တောင်ငူရာဇဝင်အကျဉ်းချုပ် (ဦးချမ်းမြ)

တောင်ငူရာဇဝင်နှင့် တောင်ငူသမိုင်းဟောင်း (ဒေါက်တာမာမာဝေ)

အခြေခံပြတိုက်နှင့် ပြတိုက်လုပ်ငန်းဆိုင်ရာ နည်းပညာ(ဘတင့်)