တေလာဆွစ်ရဲ့ ဖျော်ဖြေပွဲကို အားပေးခဲ့တဲ့ မီလီဘော်ဘီဘရောင်း

mdn

၁၄  သြဂုတ်

 

ဟောလိဝုဒ်ရဲ့ အလွန်ကိုကျော်ကြားတဲ့ လူငယ်သရုပ်ဆောင် တစ်ဦးဖြစ်သူ မီလီဘော်ဘီဘရောင်းဟာ လတ်တလောမှာတော့ ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ရဲ့ နယ်လှည့်ဖျော်ဖြေပွဲတွေကို ညီအစ်မတွေနဲ့အတူ သွားရောက် ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။ ဖျော်ဖြေပွဲရဲ့ စင်မြင့်နောက်ကွယ်မှာ တေလာဆွစ်နဲ့အတူ ရိုက်ကူးထားတဲ့ သူ့ရဲ့ ဓာတ်ပုံကိုလည်း လူမှုကွန်ရက် မီဒီယာတစ်ခုဖြစ်တဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှာ ဖော်ပြခဲ့တာကို တွေ့ရကြောင်း အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

အသက် ၁၄ နှစ်အရွယ်သာ ရှိသေးတဲ့ မီလီဘော်ဘီဘရောင်းက တေလာဆွစ်ရဲ့ ဖျော်ဖြေပွဲမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေနဲ့ ဓာတ်ပုံတွေကို သူ့ရဲ့အင်စတာဂရမ် စာမျက်နှာပေါ်မှာ ပြီးခဲ့တဲ့စနေနေ့က ဖော်ပြခဲ့တာပါ။ ဒီဓာတ်ပုံတွေမှာတော့ မီလီဘော်ဘီဘရောင်းနဲ့အတူ ပေ့ဂျ်နဲ့ အေဗာတို့လည်း အတူလိုက်ပါလာတာကို တွေ့ရပါတယ်။ မီလီဘော်ဘီဘရောင်း ဖော်ပြခဲ့တဲ့ ဗီဒီယိုဖိုင်တွေထဲက နှစ်ခုကိုတော့ တေလာဆွစ်က သူ့ရဲ့အင်စတာဂရမ်ပေါ်မှာ ပြန်လည်ဖော်ပြခဲ့ပါတယ်။ ဒီဗီဒီယိုဖိုင်တွေမှာတော့ မီလီဘော်ဘီဘရောင်းနဲ့ မိသားစုဝင်တွေရဲ့ ပုံရိပ်တွေအပြင် မင်းသမီးက တေလာဆွစ်ရဲ့ တေးသီချင်း တွေဖြစ်ကြတဲ့ “Look What You Made Me Do” နဲ့ “Bad Blood”စတဲ့ တေးသီချင်းတွေကို လိုက်ပါသီဆိုရင်း ကခုန်နေတဲ့ပုံရိပ်တွေလည်း ပါဝင်နေတာဖြစ်တယ်လို့ သိရပါတယ်။

 

ဂရမ်မီဆုများရှင် လေလာဆွစ်ဟာ လတ်တလောမှာတော့ သူ့ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ တေးအယ်လ်ဘမ်သစ် “Reputation”အတွက် နယ်လှည့်ဖျော်ဖြေပွဲတွေကို ပြုလုပ်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖျော်ဖြေရေး ခရီးစဉ်တွေရဲ့ တစ်ဝက်ခန့်ပြီးဆုံးသွားပြီဖြစ်ကာ ပြီးခဲ့တဲ့စနေနေ့မှာတော့ အတ္တလန္တာမှာ ဖျော်ဖြေပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မီလီဘော်ဘီဘရောင်းတို့ ညီအစ်မတွေဟာ တေလာဆွစ်ရဲ့ အတ္တလန္တာဖျော်ဖြေပွဲကို လာရောက်အားပေးခဲ့တာလည်း ဖြစ်ပါတယ်။ “Reputation Tour” ရဲ့ နောက်ခရီးစဉ်အဖြစ် အင်္ဂါနေ့တွင် ဖလော်ရီဒါမှာ ဖျော်ဖြေပွဲ ကျင်းပသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

အေးပြည့်