နောင်တရား ၇ မေ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် တီကျစ်ကျေးရွာအုပ်စု တောင်ပို့ကြီးဘုန်းတော်ကြီးကျောင်း၌ တီကျစ်ကျောက်မီးသွေး ရေနွေးငွေ့သုံး ဓာတ်အားပေးစက်ရုံ၏ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာအတွက် အများပြည်သူ သဘောထားများရယူခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် တောင်ပို့ကြီးဘုန်းတော်ကြီးကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌတို့က အမှာစကားပြောကြားကြသည်။ ဆက်လက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်က စီမံကိန်းနောက်ခံသမိုင်းကြောင်းကို လည်းကောင်း၊ ဝူးရှီဝါကွမ်းကုမ္ပဏီမှ General Manager က စီမံကိန်းအကျဉ်းချုပ်ကို လည်းကောင်း၊ E Guard Environmental Services မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးအေးသီဟက စီမံကိန်းဧရိယာနှင့် အနီးပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက စီမံကိန်းနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားကာ ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကော်မတီ(၁)ဦးက ဖြည့်စွက်ရှင်းလင်း ပြောကြားခဲ့သည်။
အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓါတ်အားပေးစက်ရုံ အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။
ခွန်အောင်(နောင်တရား)


