တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ရုပ်သေးရုပ်ထုလုပ်ခြင်းအတတ်ပညာကို လူငယ်မျိုးဆက်သစ်များအား လက်ဆင့်ကမ်းရန်လိုအပ်


ရန်ကုန် ဧပြီ ၂၅
တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ရုပ်သေးရုပ်ထုလုပ်ခြင်းအတတ်ပညာရပ်ကို လူငယ်မျိုးဆက်သစ်များအား လက်ဆင့်ကမ်းရန်လိုအပ်နေကြောင်း သိရသည်။
“ရုပ်သေးမှာ အမျိုးမျိုးရှိနေတာအလှပေါ့။ အလှကတော့လွယ်တယ်ဗျ။ အရုပ်မှာ ကလို့မရခြင်း၊ ရခြင်းပေါ့။ အဲဒါကတော့ဆိုင်တယ်။ ပုံမှန်အားဖြင့် ရုပ်သေးကိုကြိုးတွေနဲ့ လှနေအောင်အရုပ်သမားတိုင်း လုပ်နိုင်တယ်။ ဒါပေမဲ့ တကယ်ကလို့ရတဲ့ရုပ်သေး ပန်းပုကတော့ ရုပ်သေးပန်းပုသမားပဲလုပ်နိုင်တယ်။ အဲဒီလိုလူမျိုးတွေရှားတယ်။ ကျွန်တော် သိသလောက်တော့ မန္တလေးမှာ တစ်ယောက်စ နှစ်ယောက်စပဲ ရှိတယ်။ အရေးကြီးတယ်။ ဒီပညာကို လူငယ်တွေကို လက်ဆင့်ကမ်းဖို့လိုတယ်။ လူငယ်မျိုးဆက်သစ် ပြတ်နေတယ်။ အဲဒီအပိုင်းကို ထိန်းပေးနိုင်ဖို့လိုအပ်နေတယ်” ဟု Siripaccaya art gallery တည်ထောင်သူ ကိုလှမျိုးက ပြောသည်။
ရုပ်သေးလောကအတွက် အခြေခံအကျဆုံးအပိုင်းဖြစ်သည့် ရုပ်သေးပန်းပုထုသူနည်းနေသဖြင့် ထိုအပိုင်းများအတွက်လည်း စီစဉ်ဆောင်ရွက်မှုများလည်းရှိကြောင်းသိရသည်။“အဓိကက ရုပ်သေးလောကပေါ့။ ပန်းချီကတော့ ဟန်ပန်မျိုးစုံနဲ့သူ့ဘာသာသွားနေတာ။ ပြဿနာ မရှိဘူး။ မြန်မာ့ရုပ်သေးကတော့ ရုပ်သေးရုပ်ထွက်လာဖို့အခြေခံအကျ ဆုံးပန်းပုထုတဲ့သူတောင် နည်းနေတာဗျ။ ဒါအတွက်လည်း စီစဉ်ဆောင်ရွက်ချက်အချိူ့လည်းလုပ်ဆောင်နေတာရှိတယ်” ဟု ကိုလှမျိုးက ဆက်လက်ရှင်းပြသည်။ပြီးခဲ့သည့် မတ်လအတွင်းက ဦးဇော်ဝင်း (သစ်ထွင်း) ၏ “ရုပ်သေးပွဲ” တစ်ကိုယ်တော် ပန်းချီပြပွဲကို Hotel Mandalay ၌ ကျင်းပခဲ့ရာ လူစိတ်ဝင်စားမှုမြင့်တက်ခဲ့ကြောင်း သိရသည်။
“ရုပ်သေးနဲ့ပတ်သက်လို့ အရင်ကထက်စာရင် လှုပ်သွားတယ်ဗျ။ ရုပ်သေးကို လူကြီးလူငယ် အာရုံစိုက်ဖြစ်တယ်။ လူစိတ်ဝင်စားမှုပိုလာတယ်။ အဲဒီပွဲ စီစဉ်လိုက်တော့ ရုပ်သေးမှာအားနည်းချက်၊ အားသာချက်တွေ ထွက်လာတာရှိတယ်။ တချို့ရုပ်သေးပွဲကို ကြည့်ဖူးကြတဲ့လူကြီးတွေ လာကြည့်ကြတယ်။ အာရုံစိုက်မှုကို ခံရတယ်။ တချို့က ဒါမျိုးပွဲထပ်လုပ်ဖို့အစီအစဉ်ရှိသေးလားဆိုပြီးမေးကြတယ်”ဟု ကိုလှမျိုးက ဆက်လက်ပြောသည်။
ထို့ပြင် မြန်မာလူမျိုးများနှင့် အလှမ်းကွာလာနေသည့် ရုပ်သေးပွဲများ ရှားပါးလာခြင်းကိုလည်း အလေးထားကြရန် လိုအပ်ကြောင်း သိရသည်။
Thit Taw