တိရစ္ဆာန်အစာချဉ်ဖတ် ပြုလုပ်ခြင်း၊ ကောက်ရိုးပြုပြင်ခြင်းနှင့် ကျွေးမွေးခြင်း သရုပ်ပြ

နေပြည်တော်၊ မတ် ၃၁

တိရစ္ဆာန်အစာချဉ်ဖတ်ပြုလုပ်ခြင်း၊ ကောက်ရိုးပြုပြင်ခြင်းနှင့် ကျွေးမွေးခြင်း သရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် နို့စားနွားမွေးမြူရေးသရုပ်ပြနှင့် မျိုးဖြန့်ဖြူးရေးခြံ၌ ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနတာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မွေးမြူတောင်သူများ တက်ရောက်ကြသည်။

မွေးမြူရေးတောင်သူများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာ၌ စီးပွားဖြစ်မွေးမြူထုတ်လုပ်ရေး လုပ်ငန်းများတွင် စုစုပေါင်းကုန်ကျစရိတ်၏ ၇၀ ရာခိုင်နှုန်းရှိသည့် အစာကုန်ကျစရိတ်ကို လျှော့ချနိုင်ရေးသည် အရေးကြီးဆုံး အချက်တစ်ခုဖြစ်ကြောင်း၊ ပြည်ပမှ အစာကုန်ကြမ်းများ တင်သွင်းနေမှုကို လျှော့ချနိုင်ရန် နှင့် ပြည်တွင်း၌ ထွက်ရှိသည့် မွေးမြူရေးအစာ ကုန်ကြမ်းများဖြင့် အာဟာရဓာတ်များ ညီညွတ်မျှတစွာပါဝင်ပြီး အရည်အသွေးပြည့်မီသော တိရစ္ဆာန်အစာများကို ထုတ်လုပ်နိုင်ရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ယနေ့ပြုလုပ်ကျင်းပသည့် သရုပ်ပြပွဲတွင် ကျွဲ၊ နွား၊ သိုး၊ ဆိတ် မွေးမြူသော တောင်သူများအား တိရစ္ဆာန်အစာ ချဉ်ဖတ်ပြုလုပ်ခြင်း၊ ကောက်ရိုးပြုပြင်ခြင်းနှင့် ကျွေးမွေးခြင်းကို လက်တွေ့သရုပ်ပြ ရှင်းလင်းဆွေးနွေးပေးမည်ဖြစ်ကြောင်း၊ မွေးမြူရေးတောင်သူများအနေဖြင့် သိရှိလိုသည်များ မေးမြန်းသွားကြပြီး မိမိတို့မွေးမြူထားကြသည့် တိရစ္ဆာန်များ၏ အသား နှင့် နို့ထုတ်လုပ်မှု တိုးတက်စေရန် အာဟာရပြည့် တိရစ္ဆာန်အစာတွေ ကျွေးမွေးနိုင်မည့် နည်းလမ်းများကို လက်တွေ့အသုံးပြု ဆောင်ရွက်သွားကြစေလိုကြောင်း ဆွေးနွေး ပြောကြားသည်။

ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း နှင့် တာဝန်ရှိသူများက တိရစ္ဆာန်အစာ ချဉ်ဖတ်ပြုလုပ်ခြင်း၊ သိုလှောင်ခြင်းနှင့် ကျွေးမွေးခြင်း လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြီး လက်တွေ့သရုပ်ပြသကြရာ မွေးမြူရေးတောင်သူများက သိရှိလိုသည်များကို စိတ်ဝင်စားစွာ မေးမြန်းဆွေးနွေး ခဲ့ကြသည်။ ဆက်လက်၍ မွေးမြူရေးလုပ်ငန်းရှင်များနှင့် မွေးမြူရေးတောင်သူများ၏ နို့စားနွား မျိုးဖြန့်ဖြူးရေးခြံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။

မိုးရေကောင်းစွာရရှိသည့် မိုးရာသီကာလများတွင် တိရစ္ဆာန်များအတွက် အာဟာရ ပြည့်ဝသော မြက်၊ ပြောင်း စသည့် အစာစိမ်းများ ရရှိသောကြောင့် တိရစ္ဆာန်များ၏ ကြီးထွားနှုန်း ကောင်းမွန်သဖြင့် ထုတ်လုပ်မှုမြင့်မားသော်လည်း ခြောက်သွေ့ကာလများနှင့် ရေရှားပါးသည့် ဒေသများတွင် တိရစ္ဆာန်အစာပင်များ ဖြစ်ထွန်းမှုမရှိခြင်း၊ တိရစ္ဆာန် အစာပင်များ ကောင်းစွာရှင်သန်ဖြစ်ထွန်းရန် ခက်ခဲခြင်း၊ တိရစ္ဆာန်အစာပင်များ ထုတ်လုပ်ရန် စရိတ်ကြီးမြင့်ခြင်းတို့ကြောင့် မွေးမြူရေးလုပ်ငန်းအတွက် လိုအပ်သော တိရစ္ဆာန်အစာပမာဏကို အလုံအလောက်ထုတ်လုပ်နိုင်ရန် လိုအပ်လျက်ရှိရာ စပါးစိုက်ပျိုးသည့် ဒေသတိုင်းတွင် အလွယ်တကူရရှိနိုင်သော ကောက်ရိုးများကို ပြုပြင်ကျွေးမွေးနိုင်ရေးနှင့် ပြောင်းသီးနှံ ဘေးထွက်ပစ္စည်းဖြစ်သည့် ပြောင်းရိုးများ၊ တိရစ္ဆာန်အစာပင်များကို တိရစ္ဆာန်အစာချဉ်ဖတ် ပြုလုပ်အသုံးပြုနည်းကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဖြန့်ဝေပေးလျက်ရှိကြောင်း၊ တိရစ္ဆာန်အစာ ချဉ်ဖတ်ကို စနစ်တကျ ပြုလုပ်သိုလှောင် ထားမည်ဆိုပါက ရာသီဥတုအပေါ်မူတည်၍ (၂) နှစ်မှ (၁၀) ခန့်အထိ သိုလှောင်ကျွေးမွေးနိုင်မည်ဖြစ်၍ မွေးမြူရေးလုပ်ငန်းများတွင် ကြုံတွေ့ရလျက်ရှိသည့် အာဟာရပြည့်ဝသော အစာစို ရှားပါးမှုကြောင့် အသားနှင့်နို့ထုတ်လုပ်မှု လျော့ကျခြင်း၊ မျိုးပွားမှုထိခိုက်ခြင်းတို့ကို ကျော်လွှားနိုင်မည်ဖြစ်ပြီး ထုတ်လုပ်မှုကဏ္ဍတိုးတက်ရေးကို များစွာ အထောက်အကူပြုစေနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်