မန္တလေး ၇ ဧပြီ
တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ) နှစ် (၃၀)ပြည့် အထိမ်းအမှတ်အဖြစ် ဖျော်ဖြေရေးအစီအစဉ်များနှင့် ဈေးရောင်းပွဲတော်ကို အဆိုပါတိရစ္ဆာန်ဥယျာဉ်အတွင်း ဧပြီ ၆ ရက်မှ ၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ) အုပ်ချုပ်ရေးမှူးအဖွဲ့မှ သိရသည်။
“အများပြည်သူ ပျော်ရွှင်ဖို့အတွက် ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။ မနှစ်ကလည်း ဒီလို ကျင်းပခဲ့ပါတယ်။ Unplugged Show ပွဲတွေ၊ မျက်လှည့်ပြပွဲတွေ၊ တိရစ္ဆာန် ကပြဖျော်ဖြေပွဲတွေ၊ ပျော်ရွှင်စရာ ဂိမ်းကစားနည်းများ၊ မျက်နှာဆေးရေးပန်းချီ၊ ပုဂံခေတ်ဆေးရေးပန်းချီနဲ့ ရုပ်သေးအပြင်အဆင်အဖွဲ့တွေ ပါပါတယ်။ ဒါအပြင် ဆင်တွေ၊ မြင်းတွေလည်း စီးနိုင်ပါတယ်။ ဆင်းစီးခကတော့ ၅၀ဝ၀ ကျပ်ပါ။ မြင်းပုလေးကတော့ တစ်ယောက်ကို ၅၀ဝ ကျပ်ပါ။ နောက်ပြီးတော့ ဈေးရောင်းပွဲတော်မှာ စားသောက်ကုန်နဲ့ အဝတ်အစားတွေလည်း ပါပါတယ်။ ဆိုင်ခန်းပေါင်း ၃၅ ခန်း စီစဉ်ပေးထားပါတယ် ’’ ဟု Assistance Operation Manager ဦးစောအောင်ကြီးက ပြောသည်။
ပွဲတော်တွင် ဆင်၊ မျောက်၊ ဝက်ဝံတို့က ကပြဖျော်ဖြေပွဲများ၊ ပညာပေးပြခန်းများ၊ လူသုံးကုန်နှင့် စားသောက်ကုန်များ၊ မျက်လှည့်ပြပွဲများ၊ ဆေးရေးပန်းချီများ၊ ဂီတဖျော်ဖြေပွဲများနှင့် လာရောက်လည်ပတ်သူများအတွက် တိရစ္ဆာန်အရုပ်များနှင့် ဓာတ်ပုံရိုက်လို့ရအောင် စီစဉ်ပေးထားကြောင်း သိရသည်။
တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)ကို ၁၉၈၉ ခုနှစ် ဧပြီ ၈ ရက်မှ စတင်ဖွင့်လှစ်ခဲ့ရာ ယခုနှစ် ဧပြီ ၈ ရက်တွင် နှစ် (၃၀)ပြည့်မြောက်ပြီ ဖြစ်သည်။ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)၌ တိရစ္ဆာန်အမျိုးအစား (၉၉)မျိုး ပြသထားပြီး လာရောက်အပန်းဖြေမည့် ပြည်သူများအနေဖြင့် ပိတ်ရက်မရှိ ဖွင့်လှစ်ထားကာ ဝင်ကြေး လူကြီး ၁၀ဝ၀ ကျပ်နှင့် ကလေး ၅၀ဝ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။
အောင်ဖြိုးကျော်


