နေပြည်တော် ၉ ဧပြီ

 

တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်၏ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာစကားပြောကြားရာတွင် တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် အောင်မြင်မှုမှတ်တိုင်များ ရရှိခဲ့ခြင်းအပါအဝင် ဝန်ကြီးဌာန၏ လုပ်ငန်းကဏ္ဍအသီးသီး၌ ထိုက်သင့်သည့် ဆောင်ရွက်အောင်မြင်မှုများ ရရှိခဲ့ခြင်းမှာ အဓိကအားဖြင့် လက်တွေ့မြေပြင်တွင် ဆောင်ရွက်နေသည့် အခြေခံကျန်းမာရေး ပညာရှင်များ အပါအဝင် ဝန်ထမ်းအားလုံး၏ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်မှုများကြောင့် ဖြစ်ပါကြောင်း၊ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အခြေခံပညာရေးတွင် ရင်းနှီးမြှုပ်နှံသကဲ့သို့ပင် ကြီးမားစွာသော အကျိုးအမြတ်ကျေးဇူးများ ရရှိနိုင်ပါကြောင်း။

 

မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် မိတ်ဖက်နှီးနွှယ် အဖွဲ့အစည်းများ၏ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ကူညီပံ့ပိုးဆောင်ရွက်ပေးစေလိုသည့် လုပ်ငန်းတာဝန်များကို တိကျစွာသတ်မှတ်၍ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

 

ကာကွယ်ဆေးထိုးလုပ်ငန်းများဆိုင်ရာ အထွေထွေကိစ္စရပ်များ၊ အအေးလမ်းကြောင်း၊ ထားသိုဖြန့်ဝေမှု၊ ကာကွယ်ဆေးများ၏ စွမ်းရည်ပြည့်ဝမှု၊ ပြည်သူများ၏ ကာကွယ်ဆေးများ အပေါ်အသိအမြင် စသည်တို့ကို အသုံးချသုတေသနများ ဆောင်ရွက်စေလိုပါကြောင်း၊ ကာကွယ်ဆေးထိုးလုပ်ငန်းများ၏ အောင်မြင်မှုကို ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါများဖြစ်ပွားမှု ရှိ/မရှိ အခြေအနေများနှင့် တိုင်းတာရသည်ဖြစ်သဖြင့် ရောဂါဖြစ်ပွားမှုဆိုင်ရာ မှန်ကန်တိကျသည့် စာရင်းဇယား သတင်းအချက်များ ရရှိရန်အတွက် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲနှင့် လုပ်ငန်းတာဝန် မူဘောင်ချမှတ်၍ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုအားကောင်းသည်ဖြစ်သဖြင့် ဆက်လက်ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံ၏ နေရာဒေသအချို့တွင် ဝက်သက်ရောဂါ အစုလိုက်ဖြစ်ပွားမှုများကို တွေ့ရှိနေရပြီး ထိုသို့ဖြစ်ပွားရခြင်းသည် ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးနှံထားရှိမှု မရှိခြင်းကြောင့် ဖြစ်သည် (သို့) စနစ်တကျထားသိုမှု မရှိခြင်းကြောင့်ဖြစ်သည် စသည်ဖြင့် ဖြစ်ပွားရသည့် အကြောင်းအရင်းကို လေ့လာဖော်ထုတ်ခြင်းဖြင့် ပိုမိုကောင်းမွန်စေရေး ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း၊ ဒေသဆိုင်ရာပိုလီယို ပပျောက်ရေးအရာရှိ (Regional surveillance officer) များနှင့်လည်း ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်းများ ပိုမိုအောင်မြင်မှု ရရှိစေမည်ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးမှု လုပ်ငန်းများ ဆောင်ရွက်ချိန်တွင် အခြားအာဟာရ စောင့်ရှောက်မှု၊ ကလေးကျန်းမာရေး စသည့် လုပ်ငန်းများကိုပါ တစ်ပါတည်းပေါင်းစပ် ဆောင်ရွက်နိုင်စေရေးကိုလည်း စီစဉ်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊

 

အခြေခံကျန်းမာရေးပညာရှင်များ၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ အခြေခံကျန်းမာရေး တက္ကသိုလ်နှင့် ဆေးတက္ကသိုလ်များရှိ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာ ဌာနများမှ ကိုယ်စားလှယ်များ ပိုမိုပါဝင်တက်ရောက် ဆွေးနွေးနိုင်ရန် စီစဉ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အစည်းအဝေးမှ ဆွေးနွေးအကြံပြုချက်များကိုလည်း တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်အဆင့် အစည်းအဝေးများတွင် ထပ်ဆင့်ဖြန့်ဝေ ဆွေးနွေးသွားကြရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ပိုမိုအောင်မြင်စေရေးအတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

အဆိုပါ အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ကျွမ်းကျင်ပညာရှင်များ၊ National Immunization Technical Advisory Group အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း အဖွဲ့ခေါင်းဆောင်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ UNICEF၊  Access to Health Fund၊ UNOPS၊ HPA၊ CPI၊ IRC၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် INGO/ NGO များမှ ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)