တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ပြည်နယ်နေ့ ကျင်းပရေးဆွေးနွေး

ဟိုင်းကြီးကျွန်း  ၂၈ နိုဝင်ဘာ 

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ နိုဝင်ဘာလ ၂၈ ရက် နံနက်  ၉ နာရီခွဲက ရခိုင်ပြည်နယ်နေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများအပေါ် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးတင်စောက ဆပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများဖြင့် တွေ့ဆုံညှိနိုင်း ဆွေးနွေးခဲ့သည်။

 

အဆိုပါအခမ်းအနားတွင် အကြောင်းအမျိုးမျိုးကြောင့် တိမ်မြုပ်ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် ရခိုင့်ရိုးရာယဉ်ကျေးမှု ပွဲတော်များကို ရခိုင်းလူမျိုးအများစုရှိရာ ဧရာဝတီ၏ ဟိုင်းကြီးကျွန်းဒေသတွင် ပြန့်ပွားသိရှိလာစေရန် ရည်ရွယ်၍ ယခုနှစ်ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ဟိုင်းကြီးကျွန်းမြို့သို့ နေရာပြောင်းရွှေ့စီစဉ်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသခံများ စုပေါင်း၍ ညီညီညွှတ်ညွှတ် ဆောင်ရွက်ကြစေလိုကြောင်း တိုင်းဒေသကြီး ရခိုင်လူမျိုးရေးရာဝန်ကြီး ဦးတင်စောက အမှာစကားပြောကြားခဲ့သည်။

 

ထို့နောက်ဝန်ကြီးက ပြည်နယ်နေ့ အခမ်းအနားနှင့် ပတ်သက်၍ အစီအစဉ်များကို ရှင်းလင်း ဆွေးနွေးကာ ဆပ်ကော်မတီအသီးသီးက ဌာနဆိုင်ရာဝန်ထမ်းများက ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်လင်းတင်ပြကြသည်။ ဆက်လက်၍ ဝန်ကြီးကလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနိုင်း ဆွေးနွေးခဲ့သည်။

 

တွေ့ဆုံပွဲ အခမ်းအနားပြီးမြောက်ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးသည် ဆပ်ကော်မတီများမှ တာဝန်ရှိသူ ဌာနဆိုင်ရာဝန်ထမ်းများ လိုက်ပါ၍ မြေပြင်အခြေအနေ ဆောင်ရွက်ထားရှိမှုများကို ကွင်းဆင်းကြည့်ရှုကာ လိုအပ်သည်များ ဖြည့်စည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

 

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)