တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် လာမည့်(၂)ရက်အတွင်း နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်

နေပြည်တော် ၅ ဇန်နဝါရီ

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ည ၇ နာရီ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အ‌ခြေအနေမှာ ယနေ့ ညနေ ၆ နာရီခွဲ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း "ပါဘက်" (Pabuk)သည် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ (Kawthaung) ၏ အနောက်တောင်ဘက် (၇၅)မိုင်ခန့်၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အရှေ့တောင်ဘက် မိုင်(၃၆၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားမြို့ (Port Blair)၏ အရှေ့တောင်ဘက် မိုင်(၃၀၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။

မနက်ဖြန်မွန်းတည့်ချိန်အထိ ခန့်မှန်းချက်မှာ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်း (၈၀) ဖြစ်သည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မြန်မာ့ပင်လယ်ပြင်တွင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်သည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၆)ပေခန့် ရှိနိုင်သည်။

နောက်(၂)ရက်အတွက် ခန့်မှန်းချက်အနေဖြင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။

မနက်ဖြန်မွန်းတည့်ချိန်အထိ ခန့်မှန်းချက်မှာ နေပြည်တော်နှင့်အနီးတစ်ဝိုက်တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကာ ရွာရန်ရာနှုန်း (၆၀)ဖြစ်သည်။ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်တွင် အများအားဖြင့် သာယာမည်။

MDN