ရှင်မင်း၊ ဓာတ်ပုံ- မောင်ဖိုးဇော်(ကလေး)
ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ ပထဝီအနေအထား / သဘာဝအနေအထားအရ ဖွံ့ဖြိုးတိုးတက်မှု ကွာဟမှုကို လျှော့ချရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှု လျင်မြန်သွက်လက်စေရန်အတွက် လမ်းပန်းဆက်သွယ်ရေးသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
ထို့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနသည် “မြစ်ကိုမြင်လျှင် တံတားဆင် ပြည်ခွင်သာဖို့ လမ်းခင်းစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ လမ်းများ၊ တံတားများ ကောင်းမွန်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ သည်။ ။
နိုင်ငံအတွင်း လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးအတွက် လမ်းများအဆင့်မြှင့်တင်ခြင်း၊ လမ်းသစ် ဖောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လမ်းများနှင့်အတူ တံတားများ အားလုံးတစ်ပြေးညီ တိုးတက်ကောင်းမွန်ရေးကို တံတားဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသည်။
“တံတားဦးစီးဌာနက လမ်းတွေနဲ့အတူတံတားတွေ အားလုံး ၂၄ ပေ အကျယ် ၂ လမ်း သွား RC တံတား ၊ PC တံတား၊ သံပေါင်တံတားအဆင့် အနည်းဆုံး ရောက်စေဖို့ ရည်မှန်းဆောင်ရွက်နေတယ်။ ဒီလို ဆောင်ရွက်ရာ မှာ ၂၀၃၀ ပြည့်နှစ်ကို နောက်ဆုံး Target ထားပြီးဆောင်ရွက်နေတယ်” ဟု တံတားဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးနေအောင်ရဲမြင့်က ပြောသည်။
တံတားဦးစီးဌာနအနေဖြင့် ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာ နှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အတွင်း ကချင်ပြည်နယ်ရှိ ဧရာဝတီတံတား (စင်းခန်း)၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ရတနာသိင်္ခတံတား၊ မကွေးတိုင်းဒေသကြီးရှိ ဧရာဝတီတံတား(ပခုက္ကူ)နှင့် ဧရာဝတီတံတား (မလွန်)၊ ရခိုင်ပြည်နယ်ရှိ စွန်ရဲတံတား၊ ရန်ကုန်တိုင်းဒေသကြီးရှိ ဘုရင့်နောင်တံတား အမှတ် (၂) ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိလိန်းလီတံတား၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ မြန်မာ - လာအို ချစ်ကြည်ရေးတံတား၊ ဧရာဝတီတိုင်းဒေသကြီးရှိ ဧရာဝတီတံတား (ညောင်တုန်း)၊ ဘိုကလေးမြစ်ကူး တံတားအပါအဝင် ပေ ၁၈၀ နှင့်အထက် တံတား ၁၉၉ စင်း၊ ပေ ၁၈၀ အောက် တံတားနှင့် ရေပြွန် ၄၂၂ စင်း တည်ဆောက်ခဲ့ကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနအနေဖြင့် နှစ်အလိုက် တည်ဆောက်သော တံတားအရေအတွက် မကွာခြားသော်လည်း ယခုအစိုးရလက်ထက်တွင် Quality Management System ဖြင့် အရည်အသွေး စံချိန်စံညွှန်းများ သတ်မှတ်ကာ ထိုစံချိန်စံညွှန်းများနှင့်အညီ လုပ်ဆောင်နေကြောင်း သိရသည်။
"အခုက Quality Management System နဲ့အရည်အသွေး စံချိန်စံညွှန်းတွေ ထားရှိပြီး လုပ်ငန်းအကောင် အထည်ဖော်ခဲ့ပါတယ်။ ဒါကြောင့် တံတားတွေရဲ့ အရည်အသွေးများ သိသိသာသာ ထူးထူးခြားခြား တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ QMS အသုံးပြုနိုင်တဲ့အတွက် တံတားခံနိုင်ရည်နဲ့ သက်တမ်းဟာ သိသိသာသာတိုးတက်လာပြီး ရေရှည်မှာ Life Cycle Cost ဆိုတဲ့ ပြင်ဆင် ထိန်းသိမ်းမှု ကုန်ကျစရိတ်ကိုလျှော့ချနိုင်မှာ ဖြစ်ပါတယ်”
“ပြီးတော့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့၏ အကြံဉာဏ်တွေနဲ့ တွန်းအားပေး တိုက်တွန်းမှုတွေကြောင့် တံတားပုံစံ အမျိုးအစားသစ်တွေကို တီထွင်ဆန်းသစ်နိုင်ခဲ့ပါတယ်။ ပုံမှန် သံမဏိသံပေါင် Steel Truss တွေအစား Steel Arch တံတားပုံစံတွ ေပြောင်းလဲခဲ့တဲ့အတွက် တံတားအင်ဂျင်နီယာ ပညာရပ်မှာ အရွေ့သစ်တစ်ခုအဖြစ် အသိအမှတ်ပြုခြင်း ခံရပါတယ်။ တံတား တည်ရှိရာနေရာက ဒေသခံပြည်သူလူထုတွေအနေနဲ့ အမြင်သစ် အလှရသခံစားရသလို သက်ဆိုင်ရာမြို့တွေအတွက် အထင်ကရ Landmark Structure ဖြစ်ခဲ့ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် ပုသိမ်တံတားအမှတ် (၂)၊ ပလက်ဝတံတား၊ စံပယ်ဂူတံတားတွေ ဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်က ပြောပြသည်။
ယခုအစိုးရလက်ထက် တည်ဆောက်ခဲ့သောတံတားများ
တံတားဦးစီးဌာနအနေဖြင့် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် တွင် ပေ ၁၈၀ နှင့်အထက် တံတား ၃၇ စင်း၊ ပေ ၁၈၀ အောက်တံတား ၁၁၂ စင်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် ပေ ၁၈၀ နှင့်အထက်တံတား ၃၅ စင်းနှင့် ပေ ၁၈၀ အောက်တံတား ၈၉ စင်း၊ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လဘတ်ဂျက်တွင် ပေ ၁၈၀ နှင့် အထက်တံတား ၁၃ စင်းနှင့် ပေ ၁၈ဝ အောက်တံတား ၂၃ စင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပေ ၁၈၀ နှင့် အထက်တံတား ၃၅ စင်းနှင့် ပေ ၁၈၀ အောက်တံတား ၇၇ စင်း တို့ကို တည်ဆောက်ခဲ့ကြောင်း အဆိုပါဦးစီး ဌာနမှ သိရသည်။ ။
“၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်ကုန်မှာတော့ပေ ၁၈၀ နဲ့ အထက်တံတား ၄၃ စင်းနဲ့ ပေ ၁၈၀ အောက်တံတား ၅၇ စင်း စုစုပေါင်းတံတားအစင်း ၁၀၀ တည်ဆောက် ပြီးစီးမှာဖြစ်ပါတယ်။ တံတားတွေ တည်ဆောက်တဲ့အခါ ကျောက်၊ သဲ၊ ဘိလပ်မြေ၊ သံချောင်း အစရှိတဲ့ တည်ဆောက်ရေးသုံးပစ္စည်းတွေ အရည်အသွေး ပြည့်မီမှုရှိမရှိ စနစ်တကျ စစ်ဆေးပြီး အသုံးပြုတည်ဆောက်လျက် ရှိပါတယ်။ လုပ်ငန်းဆောင်ရွက်မှု အပိုင်းမှာလည်း တံတားအောက်ခြေ အုတ်မြစ်လုပ်ငန်းကစပြီး အပေါ်ထည်ပိုင်းအထိ အဆင့်လိုက် အရည်အသွေး ထိန်းသိမ်းရေးလုပ်ငန်းတွေကို ကြီးကြပ်ဆောင်ရွက်လျက် ရှိပါတယ်” ဟု တံတားဦးစီး ဌာန အင်ဂျင်နီယာချုပ် ဦးမောင်မောင်ညွန့်က ပြောသည်။
တံတားများ တည်ဆောက်ရာတွင် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေနှင့် တိုင်းဒေသကြီး/ ပြည်နယ် အပ်နှံရန်ပုံငွေတို့ကို အသုံးပြုကာ ဘဏ္ဍာနှစ်အလိုက် တံတားဦးစီးဌာနမှ တည်ဆောက် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။ ။
တံတားဦးစီးဌာနသည် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်တွင် တည်ဆောက်ခဲ့သော တံတားများကို ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၉၇ ဒသမ ၅၇၁ ဘီလီယံ၊ တိုင်းဒေသကြီး/ ပြည်နယ်အပ်နှံ ရန်ပုံငွေကျပ် ၈၃ ဒသမ ၉၈၄ ဘီလီယံဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထို့အတူ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၈၃ ဒသမ ၉၃၉ ဘီလီယံ၊ တိုင်းဒေသကြီး/ ပြည်နယ်အပ်နှံရန် ပုံငွေကျပ် ၉၅ ဒသမ ၈၆၀ ဘီလီယံ၊ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လဘတ်ဂျက်တွင် ပြည်ထောင်စု ငွေလုံး ငွေရင်း ရန်ပုံငွေကျပ် ၃၅ ဒသမ ၇၈၇ ဘီလီယံ၊ တိုင်းဒေသကြီး/ ပြည်နယ် အပ်နှံရန်ပုံငွေကျပ် ၂၄ ဒသမ ၇၅၇ ဘီလီယံ၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၀၅ ဒသမ ၃၆၄ ဘီလီယံ၊ တိုင်းဒေသကြီး/ ပြည်နယ်အပ်နှံရန်ပုံ ငွေကျပ် ၇၀ ဒသမ ၀၁၆ ဘီလီယံ၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၄၂၁ ဒသမ ၇၄၆ ဘီလီယံ၊ တိုင်းဒေသကြီး/ ပြည်နယ် အပ်နှံရန်ပုံငွေ ကျပ် ၅၅ ဒသမ ၃၈၆ ဘီလီယံ အသုံးပြု၍ တံတားများ တည်ဆောက်ခဲ့သည်။
“နှစ်အလိုက်တည်ဆောက်ခဲ့တဲ့ တံတားတွေအထဲ မှာ ပြည်သူတွေ ထင်သာမြင်သာရှိတဲ့ တံတားကြီးတွေ လည်းပါပါတယ်။ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်မှာ တည်ဆောက်ခဲ့တဲ့ တံတားတွေထဲမှာဆိုရင် တံတားကြီး တွေအနေနဲ့ ကချင်ပြည်နယ်ရှိ တဝမ်တံတား (ပေ ၁၂၆၀)၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ချင်းတွင်းတံတား (ကလေးဝ) (၂၈ဝ၅ ပေ)၊ မွန်ပြည်နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) (၅၂၀၄ ပေ)၊ ရခိုင် ပြည်နယ်ရှိ တောဖျားချောင်းတံတား (ပေ ၁၂၀၀) နဲ့ ရန်ကုန်တိုင်းဒေသကြီးရှိ ကုက္ကိုဝတံတား (၂၂၇၉ ပေ) တို့လည်း ပါဝင်ပါတယ်”ဟု တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မူးချောင်းတံတား (ပေ ၁၃၃၀)၊ မိုင်းချောင်းတံတား (ပေ ၁၀၀၀)ကို လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ချီချောင်း တံတား (ပေ ၁၀၀၀)၊ ဧရာဝတီတိုင်းဒေသကြီး အတွင်း သကံချောင်းတံတား(ပေ ၂၃၁၀)နှင့် စက်ဆန်းချောင်း တံတား (၁၇၈၂ ပေ)တို့သည် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် တံတားဦးစီးဌာနမှ တည်ဆောက်ခဲ့သော တံတားများအနက် တည်ဆောက် ဖွင့်လှစ်ခဲ့ပြီးသည့် ပေ ၁၀၀၀ ကျော် တံတားကြီးများဖြစ်သည်။
ထို့အတူ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ချင်းတွင်းတံတား (ခန္တီး) (၂၆၅၁ ပေ) နှင့် ဂျပန်နိုင်ငံ (JICA) အကူအညီဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေါပုံတံတား (သာကေတတံတား) (ပေ ၈၃၀) တို့ကို ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆) လ ဘတ်ဂျက်တွင် တည်ဆောက်ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ချင်းတွင်းတံတား (ဟုမ္မလင်း) (၂၇၆၃ ပေ)၊ မကွေးတိုင်း ဒေသကြီးအတွင်း မုန်းချောင်းတံတား (ပွင့်ဖြူ)(ပေ ၁၃၀၀)၊ ယော (ကံတွင်း) တံတား (ပေ ၉၀၀)၊ မဲဇလီ တံတား (ပေ ၉၄၀)၊ မန္တလေးတိုင်းဒေသကြီးအတွင်း ဆင်တဲဝတံတား (၉၃၅ပေ)၊ ရခိုင်ပြည်နယ်အတွင်း ကြပ်စင်တံတား (ပေ၁၉၂၀)၊ ဆတ်ရိုးကျတံတား (၁၆၄၂ ပေ)၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ငဝန်မြစ်ကူးတံတား (လေးမျက်နှာ) (၁၉၆၉ ပေ)နှင့် မြောင်းမြတံတားအသစ်(၂၇၂၃ ပေ) တို့ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့သည်။
“၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ပေ ၁၈ဝ နဲ့အထက်၊ ပေ ၁၈၀ အောက် တံတားစုစုပေါင်းအစင်း ၁၀၀ တည်ဆောက်ပြီးစီးသွားမှာ ဖြစ်ပြီးတော့ ဒီတံတားတွေအနက် ကယားပြည်နယ်ရှိ ကန္ဒာရဝတီတံတား (၃၀၅ ပေ)၊ ကရင်ပြည်နယ်ရှိ နောင်လုံတံတား (ပေ ၄၀၀ )၊ ချင်းပြည်နယ်ရှိ ပလက်ဝတံတား(၁၉၄၃ ပေ)၊ လည်မျိုတံတား (ပေ ၂၄၀)၊ ဒေါင်ဗားတံတား (ပေ ၂၅၀)၊ တနင်္သာရီတိုင်းဒေသကြီးရှိ သမုတ်လွတ်လွတ် တံတား (၁၂၈၇ ပေ)၊ ပုလုံးတုံးတုံးတံတား (ပေ ၂၄၀၀)၊ တနင်္သာရီ တံတား (၁၄၄၄ ပေ)၊ ပဲခူးတိုင်းဒေသကြီးရှိ စစ်တောင်း မြစ်ကူးတံတား(မြို့စိုး) (ပေ၁၂၀၀)၊ ရွှေကျင်တံတား (၁၆၈၀ ပေ) က တည်ဆောက်ပြီးပါပြီ။ ဒီလိုပဲ မကွေးတိုင်း ဒေသကြီးရှိ မုံချောင်းတံတား (ပေ ၁၈၀)၊ ဆည်ရိုးတံတား(ပေ ၁၈၀)၊ မန်းချောင်းတံတား (ပေ ၄၂၀)၊ ဩစတြီးယားနိုင်ငံချေးငွေဖြင့် ရခိုင်ပြည်နယ်ရှိ ကင်းချောင်းတံတား (၁၂၅၆ ပေ)၊ ဧရာဝတီတိုင်းဒေသကြီးရှိ လပွတ္တာတံတား (ပင်လယ်လေး) (ပေ ၁၃၄၀) တို့ တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူး ချုပ် ဦးနေအောင်ရဲမြင့်က ပြောသည်။
တံတားများ တည်ဆောက် အကောင်အထည်ဖော်မှုကြောင့် ဆက်သွယ်သွားလာရေးသည် မခက်ခဲတော့ဘဲ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံများ၏ လူမှုစီးပွားဘဝ တိုးတက်ရန် များစွာအထောက် အကူပြုလျက်ရှိသည်။
“ကျွန်တော်တို့ ဒေသက တနင်္သာရီတံတားအဟောင်းက လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က တည်ဆောက်ခဲ့ပြီး ဘေလီတံတား တစ်လမ်းသွားတံတား ဖြစ်ပါတယ်။ အဲဒီတံတားပေါ်မှာ ဖြတ်သန်းသွားလာတဲ့အခါ ၁၇ တန်၊ ၁၈ တန်လောက်ပဲ ဖြတ်သန်းသွားလာလို့ရတဲ့အတွက် ကုန်စည်ပို့ဆောင်ရေးမှာလည်း အခက်အခဲဖြစ်တာ၊ နှေးကွေးတာမျိုး ကြုံတွေ့ရတာ ရှိပါတယ်။ တစ်ဖက်က ဖြတ်နေရင် တစ်ဖက်က ရပ်ပေးထားတဲ့ ယာဉ်သွားလာမှုမှာ နှောင့်နှေးကြန့်ကြာမှု ရှိပါတယ်။”
“အခုတော့ တံတားသစ်ကြီး တည်ဆောက်ပြီးစီးလာပြီဖြစ်တဲ့အတွက် တံတားသစ်ကြီးရဲ့ အကျိုးကျေးဇူး ကတော့ ကုန်စည်စီးဆင်းမှုတွေ မြန်ဆန်လာမှာ ဖြစ်သလို ဖြတ်သန်းသွားလာမယ့် Container / Transporter စတဲ့ ယာဉ်ကြီးတွေ သွားလာနိုင်သလို လုံခြုံမှုဘေးကင်းမှု ပိုပြီးအားကောင်းလာမှာ ဖြစ်ပါတယ်” ဟု တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက်မှ ဦးစိုးရီက ပြောသည်။
မွန်ပြည်နယ်ရှိ အတ္ထရံမြစ်ကူး (စံပယ်ဂူ) တံတား (၂၁၁၃ ပေ)၊ ချင်းပြည်နယ်ရှိ ဗားရ်အရန်တံတား (၅၅၈ ပေ)၊ ပဲခူးတိုင်းဒေသကြီးရှိ စစ်တောင်းမြစ်ကူးတံတား (ရေတာ ရှည်) (ပေ ၈၀၀)၊ မကွေးတိုင်းဒေသကြီးရှိ နွယ်တမယ်တံတား(ပေ ၁၄၂၀)၊ ရန်ကုန်တိုင်းဒေသကြီးရှိ ပဲခူးမြစ်ကူး တံတား (ဒါးပိန်သပြု) (ပေ ၁၀၅၀)၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မိုင်းရှူးတံတား (၄၂၇ ပေ) ၊ ပွန်ချောင်း တံတား (ပေ ၁၉၀)၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ပုသိမ်တံတား အမှတ် (၂)(၂၃၁၈ ပေ)၊ ကျွန်းပြဿဒ်တံတား (၂၃၆၃ ပေ)၊ စော်ကဲတံတား (၂၄၆၁ ပေ)၊ ဝါးခယ်မတံတား (ပေ ၁၉၀)၊ ရွှေလောင်းတံတား (ပေ ၃၀၂၀) တို့သည် မကြာမီ တည်ဆောက်ပြီးစီးတော့မည့် တံတားများ ဖြစ်သည်။
တံတားဦးစီးဌာနသည် ပဲခူးမြစ်ကူး တံတားအမှတ် (၃)၊ မြန်မာ- ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတား၊ ဂျိုင်း (ကော့ကရိတ်) တံတား၊ ဂျိုင်း (ဇာသပြင်) တံတား၊ အတ္ထရံတံတားတို့ကို ODA ချေးငွေဖြင့် တည်ဆောက်ဆဲဖြစ်သည်။
ထို့အတူ နိုင်ငံတကာ ထောက်ပံ့ငွေဖြင့် ကွမ်းလုံ တံတားသစ်ကိုလည်း တည်ဆောက်သွားရန် စီစဉ်လျက် ရှိကြောင်း တံတားဦးစီးဌာနမှ သိရသည်။
တံတားဦးစီးဌာနအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများကို တည်ဆောက် ပြီးစီးခဲ့သည့် တံတားများ ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။ ။
ထိုသို့ ဆောင်ရွက်ရာတွင် ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ် အတွင်းပေ ၅၀ နှင့်အထက် တံတား ၅၄၃ စင်း၊ ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်အတွင်း ပေ ၅၀ နှင့်အထက်တံတား ၅၁၅ စင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ပေ ၅၀ နှင့် အထက်တံတား ၅၃၃ စင်း နှစ်စဉ်ထိန်းသိမ်းပြုပြင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“တံတားတွေက တည်ဆောက်ပြီးရင် ရေရှည်သုံးစွဲနိုင်ဖို့အတွက် ကျွန်တော်တို့ ဦးစီးဌာနနဲ့အတူ ပြည်သူတွေကိုပါ ပူးပေါင်းပါဝင်စေလိုပါတယ်။ တကယ်လို့ တံတားတွေမှာ အကြောင်းတစ်ခုခုကြောင့်၊ သဘာဝဘေးကြောင့် ပျက်စီးမှု ဖြစ်ပေါ်ခဲ့ရင် ကျွန်တော်တို့ဦးစီးဌာနကို ပြည်သူတွေအနေနဲ့ အမြန်ဆုံး အကြောင်းကြားစေလိုပါတယ်။ သိလျှင်သိချင်း ကျွန်တော်တို့အနေနဲ့ ပြုပြင်သွားမှာပါ။ ဒါမှသာ ရေရှည်သုံးစွဲနိုင်တဲ့ တံတားတွေ ဖြစ်မှာပါ” ဟုညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်ကပြောသည်။
တံတားများကို ပုံမှန်စစ်ဆေးခြင်း၊ အခါအားလျော်စွာ စစ်ဆေးခြင်းနှင့် အရေးပေါ်စစ်ဆေးခြင်းတို့ကို သတ်မှတ် အချိန်ကာလနှင့်အညီ တံတားဦးစီးဌာန ထိန်းသိမ်းရေး အဖွဲ့များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် တံတားဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်များ ကျရောက်၍ တံတားများပျက်စီးမှု ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ လတ်တလောဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ရေရှည်ဆောင်ရွက် ရမည့်လုပ်ငန်းများကို သတ်မှတ်လုပ်ငန်းစဉ်များနှင့်အညီ လိုက်နာကျင့်သုံး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့် တံတားနှင့်လမ်းများ ပျက်စီးပြီး လမ်းပန်းဆက်သွယ်မှု ပြတ်တောက်ပါက ဘေလီသံပေါင်ဖြင့် ယာယီတံတားများ ထိုးပေးရန် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ တံတားအထူးအဖွဲ့များတွင် ဘေလီများ ကြိုတင်စုဆောင်းထားရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။


