ရန်ကုန် ၉ ဧပြီ

 


ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် တည်ထားကိုးကွယ်လျက်ရှိသော ထာဝရငြိမ်းချမ်းရေး စေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များနှင့် ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်များ ဒေသစာရီ ကြွချီအပူဇော်ခံမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီး (၁၈) မြို့တွင် ငြိမ်းချမ်းရေး ဓမ္မသဘင်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 


ဓမ္မသဘင်ပွဲများတွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကမှ ငြိမ်းချမ်းရေး တရားတော်များ ဟောကြားချီးမြှင့်သွားမည်ဖြစ်ပြီး ဓမ္မသဘင်ပွဲများကို ဧပြီ ၁၉ ရက်တွင် ကျိုက်ထီးရိုး၊ ဧပြီ ၂၀ ရက်တွင် မော်လမြိုင်မြို့၊ ဧပြီ ၂၁ ရက်တွင် ထားဝယ်မြို့၊ ဧပြီ ၂၂ ရက်တွင် ဘားအံမြို့၊ ဧပြီ ၂၃ ရက်တွင် သထုံမြို့၊ ဧပြီ ၂၄ ရက်တွင် ပဲခူးမြို့၊ ဧပြီ ၂၅ ရက်တွင် ပုသိမ်မြို့၊ ဧပြီ ၂၆ ရက်တွင် ဟင်္သာတမြို့၊ ဧပြီ ၂၇ ရက်တွင် ပြည်မြို့၊ ဧပြီ ၂၈ ရက်တွင် မကွေးမြို့၊ ဧပြီ ၂၉ ရက်တွင် ပုဂံမြို့၊ မေ ၁ ရက်တွင် မုံရွာမြို့၊ မေ ၃ ရက်တွင် မန္တလေးမြို့၊ မေ ၇ ရက်တွင် ကျောက်ဆည်မြို့၊ မေ ၈ ရက်တွင် သဲတောဝမ်းတွင်းမြို့၊ မေ ၉ ရက်တွင် တောင်ကြီးမြို့၊ မေ ၁၀ ရက်တွင် လွိုင်ကော်မြို့နှင့် မေ ၁၁ ရက်တွင် တောင်ငူမြို့တို့တွင် ကျင်းပသွားမည်ဖြစ်သည်။

 


“ရန်ကုန်မြို့ကနေ ကျိုက်ထီးရိုးဘုရားရင်ပြင်တော်ကို လာမယ့် ဧပြီ ၁၉ ရက်နေ့မှာ ဆက်လက်ပင့်ဆောင် အပူဇော်ခံမှာဖြစ်ပါတယ်။ အဲဒီကနေ မော်လမြိုင်၊ ထားဝယ်အစရှိတဲ့ မြို့ပေါင်း ၂၀ နီးပါးကိုလည်း ဆက်လက်ပင့်ဆောင် အပူဇော်ခံမှာ ဖြစ်ပါတယ်။ ပင့်ဆောင်ပူဇော်ခံထားရှိမယ့် မြို့တိုင်းမှာ ညစဉ် ညတိုင်း ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကက တရားရေအေး အမြိုက်ဆေး တိုက်ကျွေးသွားမှာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူးရုံးမှ  ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းမြင့်ဦးက ပြောသည်။

 


ထာဝရငြိမ်းချမ်းရေး စေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် ဉာဏ်တော်အမြင့် ၆ ပေရှိ စကျင်ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူနှင့် ဉာဏ်တော်အမြင့် ၃ ပေရှိ စကျင်ဗုဒ္ဓရုပ်ပွား တော်တစ်ဆူတို့အား မတ် ၃၁ ရက်တွင် နေပြည်တော်မှ ရန်ကုန်မြို့သို့ ပင့်ဆောင်ပူဇော်၍ ရွှေတီဂုံစေတီတော်မြတ်ကြီး အနောက်ဘက်မုခ် ယာယီစံကျောင်းတွင် ပူဇော်ခံထားရှိလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဉာဏ်တော် အမြင့် ၃ ပေရှိ စကျင်ဗုဒ္ဓရုပ်ပွားတော်အား အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ရန် ရွှေတိဂုံစေတီ တော်ရင်ပြင်ရှိ ချမ်းသာကြီးတန်ဆောင်သို့ ပင့်ဆောင်ပူဇော်ခံ လျက်သည်။ ထာဝရငြိမ်းချမ်းရေး စေတီတော်၌ တင်လှူပူဇော်မည့် ရွှေထီးတော်ဘုံအဆင့်ဆင့်၊ ငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်များအား ကမ္ဘာအေးစေတီတော် အရှေ့ဘက်မုခ်မှ ဧပြီ ၁၀ ရက်နေ့နံနက်ပိုင်းတွင် ရွှေတိဂုံ စေတီတော်ရင်ပြင်ရှိ ချမ်းသာကြီးတန်ဆောင်သို့ ပင့်ဆောင် အပူဇော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ 

 


(ဟန်လင်းနိုင်)

 

e