နေပြည်တော် ၁၀ ဧပြီ
နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းရှိ ရိတ်သိမ်းချိန်လွန် နည်းပညာဌာနသို့ တိုင်းဒေသကြီး/ပြည်နယ်များမှ လယ်ယာကဏ္ဍဆိုင်ရာ ဝန်ကြီးများ သည် ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်လေ့လာကြကြောင်းသိရသည်။
ရှေးဦးစွာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဒေါက်တာရဲမြင့်ဆွေ၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန် ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ လယ်ယာကဏ္ဍဆိုင်ရာဝန်ကြီးများ ပါဝင်သောအဖွဲ့သည် ရိတ်သိမ်းချိန်လွန် နည်းပညာဌာနပြခန်းတွင် ခင်းကျင်းပြသထားသောစိုက်ပျိုးရေးထွက်ကုန် တန်ဘိုးမြင့်ကုန်ချော ပစ္စည်းများအား ကြည့်ရှုအားပေးရာပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ရိတ်သိမ်းချိန်လွန်နည်းပညာဆိုင်ရာသုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း၊ သုတေသနရလဒ် များကို အသုံးချနည်းပညာအဖြစ်ဖြန့်ဝေပေးခြင်း၊ ယင်းနည်းပညာများအား လိုက်နာ ဆောင်ရွက်ခြင်းဖြင့် သီးနှံများရိတ်သိမ်းပြီးနောက်ဆက်တွဲလုပ်ငန်းစဉ်များတွင် လေလွင့်ဆုံးရှုံး မှုများလျော့ချပေးနိုင်မည်ဖြစ်ကာတောင်သူ့ဝင်ငွေတိုးတက်လာစေမည် ဖြစ်သကဲ့သို့ ရိတ်သိမ်းချိန်လွန် နည်းပညာအခြေခံ၍ စျေးကွက်လိုအပ်ချက်နှင့် တောင်းဆိုမှု များဖြည့်ဆည်းမြှင့်တင်ပေးခြင်းဖြင့် ပြည်ပဈေးကွက်အထိထိုးဖောက်လာနိုင်မည် ဖြစ်ရာ စျေးကွက် အကျိုးအမြတ်လည်းပိုမိုရရှိစေနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ရိတ်သိမ်းချိန်လွန်နည်းပညာဌာန ဖြစ်ပေါ်လာပုံနှင့် စီမံကိန်း၏ ရည်ရွယ်ချက်များကို လည်းကောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များအားမရိတ်သိမ်းခင်နှင့် ရိတ်သိမ်းပြီးနောက်ပိုင်း အဆင့်ဆင့် လုပ်ဆောင်သည့် အအေးခံခြင်း ၊ ဆေးကြောသန့်စင်ခြင်း၊ ရေနွေးငွေ့ဖြင့် အပူပေးခြင်း၊ သိုလှောင်ခြင်း၊ ထုပ်ပိုးခြင်းနှင့် ဖြန့်ဖြူးခြင်းစသည့် လုပ်ငန်းစဉ်အလိုက် သီးနှံ၏ အရည်အသွေးအပေါ် အကျိုးသက်ရောက်မှုများကို သုတေသန ပြုဆောင်ရွက်၍ အလေအလွင့် ဆုံးရှုံးမှု အားအနည်းဆုံး လျှော့ချခြင်းဆိုင်ရာများကို လည်းကောင်းရှင်းလင်း တင်ပြသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်နှင့် တိုင်း ဒေသကြီး/ပြည်နယ်များမှ လယ်ယာကဏ္ဍဆိုင်ရ ာဝန်ကြီးများသည် ရိတ်သိမ်းချိန်လွန် နည်းပညာဌာနရှိ သုတေသနဓါတ်ခွဲခန်းများအား လှည့်လည်ကြည့်ရှု လေ့လာကြရာ ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများကရှင်းလင်းပြသကြသည်။
၂၀၁၈ခုနှစ်၊ မေလ ၃ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သောရိတ်သိမ်းချိန်လွန်နည်းပညာဌာနသည် ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA)၏ ကူညီထောက်ပံ့ မှုဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနက အဓိက တာဝန်ယူဆောင်ရွက်လျက်ရှိပြီးရိတ်သိမ်းချိန်လွန် ဇီဝကမ္မဗေဒဓာတ်ခွဲခန်း၊ရိတ်သိမ်းချိန်လွန် ကိုင်တွယ်ထိန်းသိမ်းနည်းဓာတ်ခွဲခန်း၊ ရိတ်သိမ်းချိန်လွန် ထုပ်ပိုးခြင်းနှင့် ဖြန့်ဖြူးခြင်း နည်းပညာဓါတ်ခွဲခန်း ၊ရိတ်သိမ်းချိန်လွန် အင်ဂျင်နီယာပညာဓာတ်ခွဲခန်း ၊ရိတ်သိမ်းချိန်လွန် ပြုပြင်မွမ်းမံခြင်းဓာတ်ခွဲခန်း ၊သီးနှံအရည်အသွေးနှင့် ပိုးမွှားကင်းစင်မှုဓာတ်ခွဲခန်း ၊ရိတ်သိမ်း ချိန်လွန်နည်းပညာပေးရေးဓာတ်ခွဲခန်း ၊ ရိတ်သိမ်းချိန်လွန် စျေးကွက်နှင့်သတင်း အချက်အလက် ဆိုင်ရာဓာတ်ခွဲခန်း၊ ရိတ်သိမ်းချိန်လွန် စီမံချက်ရေးဆွဲရေးနှင့်အကဲဖြတ် သုံးသပ်ရေးဓာတ်ခွဲခန်း၊ ရိတ်သိမ်းပြီးထွက်ကုန်များအားကနဉီးပြုပြင်မွမ်းမံသည့် အလုပ်ရုံ တို့ဖြင့် ရိတ်သိမ်းချိန်လွန်နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မည့်သူများအား ဖိတ်ကြားခြင်း၊တောင်သူ လက်တွေ့နယ်ပယ် ဆောင်ရွက်ပုံနှင့် စျေးကွက်ရောင်းဝယ် ဖောက်ကားမှု နည်းစနစ်များ လေ့လာခြင်း၊ သုတေသနတွေ့ရှိချက် ရလဒ်များနှင့် နည်းပညာများကိုရိတ်သိမ်းချိန်လွန် နည်းပညာ သင်တန်းကျောင်း (ထုံးဘို) နှင့် ချိတ်ဆက်ပြီးဖြန့်ဝေခြင်းတို့ကိုဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
(သတင်းစဉ်)


