တိုင်းပြည်မှာ အနိုင်ကျင့်သည့် လုပ်ရပ်အချို့ကြောင့် " သမ္မတကြီးထံပေးစာ" ဖြစ်လာသည်ဟု ဒါရိုက်တာဝိုင်း ပြော

ရန်ကုန် ၁၃ ဒီဇင်ဘာ

 

စိန်ဌေး ရုပ်ရှင် ထုတ်လုပ်ရေးမှ ထုတ်လုပ်ရိုက်ကူးပြီး ၊ ဝတ္ထုလူနေ ၊ ဇာတ်လမ်း / ဇာတ်ညွန်း နေနော် ရေးသားခဲ့ပြီး ဒါရိုက်တာဝိုင်း ရိုက်ကူးပုံဖော် ခဲ့သည့် " သမ္မတကြီးထံပေးစာ" ရုပ်ရှင်ဇာတ်ကား ကို မြန်မာနိုင်ငံ သတင်းစာဆရာအသင်း  MJA မှ  သတင်းမီဒီယာများ အပေါ် ရည်ရွယ်ချက်ကောင်းမွန်စွာဖြင့် ၊ ရည်ညွန်းဖော်ပြရိုက်ကူးခဲ့သည့်ကို မြန်မာနိုင်ငံသတင်းစာဆရာအသင်း (MJA) မှ  ပြန်လည်ဂုဏ်ပြုသည့် အခမ်းအနားကို ယခုလ (၆) ရက်နေ့ ညနေ(၅) နာရီ က ရန်ကုန်မြို့ ၊ဗိုလ်တထောင်ဘုရားလမ်းရှိ Orchid Hotel တွင် ကျင်းပပြုလုပ်ခဲ့သည် ။

 

မြန်မာ့ရုပ်ရှင် ဇာတ်ကားအချို့နှင့် ဗွီဒီယို ဇာတ်ကားအချို့တွင် မီဒီယာသတင်းသမားများကို လှောင်ပြောင်မှုအဖြစ်သာ ထည့်သွင်းသရုပ်ဆောင်ခိုင်းသော်လည်း " သမ္မတကြီးထံပေးစာ" ရုပ်ရှင်ဇာတ်ကားတွင်မူ သရုပ်ဆောင် ဖွေးဖွေး အနေဖြင့် " ခက်ခက်ခိုင်" အမည်ဖြင့် သတင်းထောက်မလေးအသွင် တစ်မျိုး၊ ရှေ့နေမလေးအသွင် တစ်မျိုးဖြင့် ပီပြင်စွာ သရုပ်ဆောင်ထားပြီး မတရားမှုကို ဘက်မလိုက်စွာ သတင်းရေးသားခြင်း၊ ဘက်မလိုက်စွာ စီမံပေးခြင်း တို့ကို သရုပ်ဆောင်ခဲ့သည့်အပေါ် ၊ ဇာတ်ကားတစ်ကား၏ ဇာတ်ရှိန်၊ အနိမ့်အမြင့်ကို လည်းကောင်း ၊ ဇာတ်ကောင်များ ဇာတ်တွင် အံဝင်ကျအောင် လုပ်ဆောင်နိုင်သည်မှာလည်း ဒါရိုက်တာ၏ အဓိက အရည်အချင်း တစ်ခုဖြစ်ကြောင်း သိရသည် ။

 

" အမှန်အတိုင်း ပြောရရင်၊ ဒီကားစရိုက်ကတည်းက အကျိုးအမြတ်ရလိုမှုနဲ့ ရိုက်ခဲ့တာမဟုတ်ဘူး၊ ရိုက်တဲ့အချိန်ကစပြီး၊ ဆင်ဆာတင်တဲ့အချိန်အထိ၊ အချို့ဇာတ်ဝင်ခန်းတွေကို ကျွန်တော် ကောင်းကောင်းရိုက်ကူးခဲ့ပါတယ် ၊ ဥပဒေပိုင်းဆိုင်ရာတော့ ကျွန်တော် သိပ်နားမလည်တာမို့ တတ်သိနားလည်သူတွေနဲ့ တိုင်ပင်ပြီး ရိုက်ခဲ့ပါတယ်၊ ကျွန်တော်တို့တွေ နေ့စဉ် စိတ်မချမ်းသာစွာ နေနေရမှုတွေ၊ အနိုင်ကျင့်ခံနေရတာတွေကို  မျက်ဝါးထင်ထင်မြင်ခဲ့ရတယ်၊ အဲ့စိတ်ကြောင့် ဒီကားကို ရိုက်ဖြစ်ခဲ့တာပါ ဘာရပါစေ၊ ညာရပါစေဆိုတဲ့ စိတ်နဲ့ မျှော်မှန်းလုပ်ခဲ့တာမရှိဘူး ၊ ဒါကြောင့်လည်း ဒီကားဟာ ကျွန်တော်တို့အတွက် ပရိသတ်ဆီက အကောင်းဆုံး တွေပြန်လည်ရရှိခဲ့ပါတယ် ၊ သို့သော်လည်း မနာလို ၊မရှုဆိတ် နဲ့ တရားမျှတမှုကို မလိုလားသူတွေ ကတော့ ၊ကျွန်တော်တို့အပေါ် အမျိုးမျိုး နှောင့်ယှက်ကြတယ် ၊ ဒီအတွက်ကြောင့် ၊ ကျွန်တော်တို့ ထပ်မံပြီး အနုပညာ နဲ့  တရားမျှတမှုကို မလိုလားတဲ့သူတွေကို ရှင်းလင်းရပါအုံးမယ်၊ အရှင်းဆုံးပြောရရင် ကျွန်တော် " သမ္မတကြီးထံပေးစာ" ရိုက်ပြီးသွားရင် နောက်ထပ် နိုင်ငံရေးကားရိုက်ဖို့ ၊အတော်စဉ်းစားရတယ် ၊ဘာလို့လည်းဆို ကျွန်တော် ဒီကားစရိုက်တုန်းက တစ်ယောက်တည်းနဲ့ ကားတစ်ကားလုံးကို သေချာတည်ဆောင်ရတယ်၊ အဲ့အတွက် လိုအပ်တာတွေလည်း အများကြီးရှိခဲ့ပါတယ်၊ ဒီလိုကားမျိုးဆိုတာ၊ လူအယောက် (၂၀) လောက်နဲ့ သေချာတိုင်ပင်ပြီး၊ ရိုက်သင့်တာပါ၊ ဒါပေမယ့်လည်း ဇာတ်ကားရုံတင်ပြီးနောက်ပိုင်း ပရိသတ်က ကြိုးစားမှုကို အသိအမှတ်ပြုတာကြောင့် နောက်ထပ် ငါဒီထက်ကောင်းအောင် ကြိုးစားရမှာပါလားဆိုတဲ့ စိတ်ဓါတ်ခွန်းအားဖြစ်စေခဲ့တာမို့ ဆက်ပြီးကြိုးစားနေအုံးမှာပါ " ဟု ဒါရိုက်တာဝိုင်း ကပြောဆိုသည်။

 

ကိုလင်း