နေပြည်တော် ၂၂ ဧပြီ
တိုင်းရင်းဘာသာစကား သင်ကြားသင်ယူမှု၏ ထိရောက်အောင်မြင်မှုအခြေအနေ သုတေ သနဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၊ မင်္ဂလာ သီရိဟိုတယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးများ၊ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်နယ်နှင့်မြို့ နယ်ပညာရေးမှူးများ၊ ပြည်နယ်အသီးသီးမှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင်များ၊ ယူနီဆက်မြန်မာမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမျိုးသားပညာရေးဥပဒေ၌ ပြည်ထောင်စုစိတ်ဓာတ်ဖွံ့ဖြိုးပြီး တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့၊ သမိုင်းအမွေအနှစ်နှင့်သဘာဝပတ်ဝန်းကျင်တို့ကိုတန်ဖိုးထား၍ ထိန်းသိမ်း မြှင့်တင်နိုင်ပြီး ယင်းတို့ကိုလက်ဆင့်ကမ်းနိုင်သည့် နိုင်ငံသားများဖြစ်လာစေရန်ဟူ၍ အမျိုးသား ပညာရေး ရည်မှန်းချက်များကို ပြဋ္ဌာန်းဖော်ပြထားပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး၊ပြည်နယ်အစိုးရအဖွဲ့ များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရေးဆွဲလျက်ရှိသောဒေသသင်ရိုး (Local Curriculum)ဖြင့် တိုင်းရင်း သား ဘာသာစကား (၅၄)မျိုးကို ပထမတန်း(Grade-1)၊ ဒုတိယတန်း(Grade-2)၊ တတိယ တန်း(Grade-3)တို့၌ သင်ကြားသင်ယူလျက်ရှိပါကြောင်း၊ သင်ရိုးညွှန်းတမ်းအညွှန်း ဘောင်တွင်လည်း စတုတ္ထတန်းမှ နဝမတန်းအထိတွင် ဒေသနှင့်လိုက်လျောညီထွေရှိသော ပထဝီ၊ သမိုင်း၊ စီးပွားရေးနှင့်ယဉ်ကျေးမှုများကိုလည်းကောင်း၊ အထက်တန်းအဆင့်တွင် ICT နှင့် အကြိုသက်မွေးပညာများကိုလည်းကောင်း သတ်မှတ်နိ်ုင်ရန် အဆိုပြုထားပါကြောင်း၊ တိုင်းရင်းသား ဘာသာစကားသင်ကြားသင်ယူမှုကို ပညာရေးဝန်ကြီးဌာနအနေဖြင့် သင်ယူမှုအခွင့်အလမ်းမြင့်မား ရေးပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စာသင်ခန်းတွင်း တိုင်းရင်းသားပေါင်းစုံပါဝင် သည့်အခါ အားလုံးအတွက်မျှတသော သင်ယူမှု အခွင့်အလမ်းရရှိရေး ပူးပေါင်းစီစဉ် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ အားလုံးငြိမ်းချမ်းသာယာစွာ နေထိုင်နိုင်ရေး၊ ပြောဆိုဆက်ဆံရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် ရုံးသုံးဘာသာစကားဖြစ်သည့် မြန်မာဘာသာစကားကို သင်ယူတတ်မြောက် ကျွမ်းကျင်ရန်လည်း အရေးကြီးပါကြောင်း၊ တိုင်းရင်းသားစာပေသင်ကြားရေးနှင့် ပတ်သက်၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်အကဲဖြတ်ပြီး ပိုမိုထိရောက်အောင်မြင်နိုင်ရေး ဆက်လက်အားပေးမြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တိုင်းရင်းသားဘာသာစကားသင် အခြေခံပညာကျောင်း(၁၂၂၄၈)ကျောင်း၌ တိုင်းရင်းသား ဘာသာစကား(၅၄)မျိုးကို သင်ကြားပေးလျက်ရှိပြီး တိုင်းရင်းသားစာပေ သင်ကြားပေးသူ ဆရာ၊ဆရာမနှင့် ပြင်ပပုဂ္ဂိုလ် (၂၈၇၈၃)ဦးအား ထောက်ပံ့ကြေးများ ချီးမြှင့်ပေးနိုင်ခဲ့ပါကြောင်း။
၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် နေ့စားလပေးသင်ကြားရေး အထောက်အကူပြု (Teaching Assistants) ဆရာ၊ဆရာမ (၅၁၆၁)ဦး ခန့်ထားပေးခဲ့ပါကြောင်း၊ ယခုနှစ်ကျောင်းဖွင့်အမီ (Teaching Assistants) ဆရာဆရာမများ ထပ်မံခန့်ထားနိုင်ရေး တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ စီစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားဘာသာစကား သင်ကြားပေးနေသော အခြေခံပညာ ဆရာဆရာမများနှင့် သက်ဆိုင်ရာတိုင်းရင်းသား ဘာသာစကား တတ်ကျွမ်းသော ပြင်ပဆရာဆရာမများကို ဘာသာစကားသင် ဆရာဆရာမ(Language Teacher)များအဖြစ် လစဉ်တစ်လလျှင် ကျပ်(၃၀ဝ၀ဝ)နှုန်းဖြင့် အခြေခံပညာဦးစီးဌာနက ထောက်ပံ့ချီးမြှင့်လျက်ရှိပါကြောင်း၊ ဘွဲ့ရရှိပြီးသည့် Teaching Assistants အဖြစ်ခန့်ထား ခံရသူများအား ပညာရေးကောလိပ်တွင် မူလတန်းပြ စာပေးစာယူသင်တန်းတက်ရောက်ပြီး အောင်မြင်ပါက မူလတန်းပြ ဆရာဆရာမ (PTA) များအဖြစ် ခန့်ထားပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေပါကြောင်း။
နိုင်ငံတကာသုံးဘာသာစကားဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက်လည်း အားပေးမြှင့်တင်ရန် အရေးကြီးပါကြောင်းနှင့် တိုင်းရင်းသားကလေးငယ်များအား အနာဂတ်ကမ္ဘာကြီး၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် လူသားကောင်းများ ဖြစ်လာစေရေး ပြုစုပျိုးထောင်ပေး နိုင်ရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ၊ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများ၊ အနေဖြင့် ပြည်ထောင်စုတစ်ဝှမ်းရှိ တိုင်းရင်းသားကျောင်းသားလူငယ်များ အားလုံးတိုင်းရင်းသား ဘာသာ စကားတတ်မြောက်အောင် သင်ကြားပေးပြီး မိမိတိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုများကို တန်ဖိုးထားတတ်သည့် စိတ်ဓာတ်များ ကိန်းအောင်းလာစေရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးရ မည်ဖြစ်ပါကြောင်း၊ မိမိနိုင်ငံနှင့် မိမိနေထိုင်သည့် ကမ္ဘာကြီးအကျိုးကို ဆောင်ရွက်နိုင်ရန်အတွက် ပညာ၊ဗဟုသုတ၊ အတွေးအခေါ်ရင့်ကျက်ပြီး မိမိနိုင်ငံသုံး မြန်မာဘာသာစကား၊ ကမ္ဘာသုံး အင်္ဂလိပ် ဘာသာစကားနှင့် အိုင်စီတီနည်းပညာကိုလည်း ကျွမ်းကျင်စွာ တတ်မြောက်အောင်သင်ကြား ပြုစု ပျိုးထောင်ပေးကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် က နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က သုတေသနဆိုင်ရာများကို ရှင်းလင်းဆွေးနွေးတင်ပြသည်။
ယင်းနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး ဆွေးနွေးပွဲအခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပကြကြောင်း သိရသည်။
(သတင်းစဉ်)


