တီးတိန် ၁၀  ဧပြီ

 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသား အခွင့်အရေးများ  ကာကွယ် စောင့်ရှောက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးရုံး၊ ချင်းပြည်နယ်၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောပွဲနှင့် တိုင်းရင်းသားရေးရာ အခြေခံအချက်ကောက်ယူခြင်း အခမ်းအနားကို တီးတိန်မြို့ CMBC ခန်းမ၌ ယနေ့  ၉ နာရီခွဲတွင် ပြုလုပ်သည်။

 

ရှေးဦးစွာ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က  အမှာစကား ပြောကြားသည်။ ဆက်လက်၍ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးထန်မွမ်းခိုင်က တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့်  ဥပဒေပါ အခွင့်အရေးများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက သိလိုသော အကြောင်းအရာများ ပြန်လည်မေးမြန်း ဆွေးနွေးကြသည်။ ထို့နောက် တက်ရောက်သူများက တိုင်းရင်းသားရေးရာ အခြေခံအချက် ကောက်ယူခြင်းများ ဖြည့်စွက်ပေးခဲ့ကြသည်။

 

အဆိုပါ အခမ်းအနားသို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဂင့်ကမ်းလျန်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထန်ဒိတ်ခုပ်၊ ဦးဆွတ်ဒုတ်ကျင့်တို့နှင့် မြို့ပေါ်ဒေသခံ တိုင်းရင်းသား ၁၇၀ ဦး တက်ရောက်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။

 

MDN