တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်မှုဖြင့် သင့်လျော်သည့်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရန် ကြိုးပမ်းဆောင်ရွက်ကြရမည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ
(၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ
(၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်)


ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူများ ခင်ဗျား-


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်သည့် ဤနေ့ထူးနေ့မြတ်အခါသမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် ပြည်ထောင်စုဖွားတိုင်းရင်းသားပြည်သူများအားလုံး ကောင်းကျိုးချမ်းသာမင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်နှုတ်ခွန်းဆက်သအပ်ပါသည်။


သမိုင်းကြောင်းတစ်လျှောက် ကိုယ့်ထီးကိုယ့်နန်းနှင့် နေထိုင်ခဲ့သည့် မြန်မာနိုင်ငံအား အင်္ဂလိပ်ကိုလိုနီနယ်ချဲ့တို့က ၁၈၂၄၊ ၁၈၅၂၊ ၁၈၈၅ ခုနှစ်များတွင် ကျူးကျော်စစ်သုံးကြိမ်ဆင်နွှဲခဲ့ရာ ၁၈၈၅ ခုနှစ် နိုဝင်ဘာလတွင် မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးဆုံးရှုံးခဲ့ရပါသည်။ လွတ်လပ်ရေးပြန်လည်ရရှိရန်အတွက် လမ်းစရှာကြံ လမ်းစဉ်ညွှန်ပြခဲ့ပြီး သတ္တိဗျတ္တိနှင့်ပြည့်စုံသော အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး၊ တပ်မတော်ဖခင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်လျက် ထက်မြက်သောမျိုးချစ်ခေါင်းဆောင်ကြီးများနှင့်တကွ တောင်တန်းမြေပြန့်မကျန် ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး မဆုတ်မနစ်သော ဇွဲလုံ့လဝီရိယတို့ဖြင့် အသက်သွေးချွေးမြောက်မြားစွာရင်းနှီးပြီး တိုက်ပွဲဝင်ခဲ့ကြရပါသည်။ ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုအင်အားစွမ်းပကားကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် အချုပ်အခြာအာဏာပိုင်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပေါ်ထွန်းလာကာ လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ခဲ့ပါသည်။ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက “_ _ _ ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနှင့် ဆီလျော်တယ်။ ဒီဝါဒသာ ငြိမ်းချမ်းရေးကိုအားပေးတယ်။ အဲဒါကြောင့် ဒီဝါဒကိုသာ ကျွန်တော်တို့ ရည်ရွယ်ရမယ်_ _ _” ဟု လမ်းညွှန်ခဲ့ပါသည်။ ထို့အပြင် “_ _ _ ကျွန်တော့် အမြင်အရဆိုယင်တော့ အထက်လူမျိုးရေးအရရသင့်ရထိုက်တဲ့ အခွင့်အရေးမျိုးတွေကို စည်းကမ်းသတ်မှတ်ပေးပြီးတော့ (Unitary State) လူမျိုးကြီးတစ်မျိုးတည်းဆိုတဲ့ နိုင်ငံမျိုးတော့ ထောင်လို့မဖြစ်ဘူး။ ပြည်ထောင်စုသဘောမျိုးပဲဖြစ်ရမှာဘဲ _ _ _” ဟုလည်း မိန့်ကြားခဲ့ပါသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် အင်္ဂလိပ်ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုကြောင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အချင်းချင်းအကြား ယုံကြည်မှုများလျော့နည်းလာပြီး သံသယစိတ်များ ကြီးထွားလာကာ ပြည်တွင်းပဋိပက္ခများ မျိုးစုံပေါ်ပေါက်ခဲ့ပါသည်။ ထိုအမွေဆိုးများကို ဆက်လက်ခံယူကျင့်သုံးကြသောကြောင့် နိုင်ငံတည်ငြိမ်အေးချမ်းမှု ယိုယွင်းခဲ့ရပြီး နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုမှာလည်း နောက်ကျကျန်နေခဲ့ရပါသည်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့် ခါးသီးသည့် သမိုင်းအတွေ့အကြုံများကို သင်ခန်းစာအဖြစ်ရယူကာ ကမ္ဘာ့အလယ်တွင်ငြိမ်းချမ်းသာယာဝပြောသည့် ပြည်ထောင်စုကြီးအဖြစ် ဝံ့ကြွားထည်ဝါစွာ ထာဝစဉ်တည်တံ့နိုင်ရေးအတွက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ စုပေါင်းအင်အားဖြင့် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းကြိုးပမ်းသွားကြရမည် ဖြစ်ပါသည်။


မလွဲမသွေတည်ဆောက်နိုင်မည်


ယခုအချိန်အခါသည် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် မျိုးချစ်ခေါင်းဆောင်များ မျှော်မှန်းခဲ့သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကြီး ဖြစ်ပေါ်လာရေးရည်မှန်းလျက် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ကြိုးပမ်းတည်ဆောက်လျက်ရှိသော အချိန်အခါဖြစ်ပါသည်။ ထိုသို့ တည်ဆောက်ရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ အစည်းအဝေးများကျင်းပလျက်ရှိရာ တတိယအစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ဒီမိုကရေစီကျင့်စဉ်များ၊ ဖက်ဒရယ်အခြေခံမူများ သဘောတူညီမှုရရှိထားပြီး ဖြစ်ပါသည်။ အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ အမျိုးသားပြန်လည်သင့်မြတ်မှုတို့ကို ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်နိုင်သည်နှင့်အမျှ ငြိမ်းချမ်းသာယာဝပြောသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို မလွဲမသွေ တည်ဆောက်နိုင်မည် ဖြစ်ပါသည်။


ခိုင်မာသည့်ယုံကြည်မှုဖြင့် ဆွေးနွေးအဖြေရှာ


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေးတို့အတွက် အဓိက လိုအပ်ချက်မှာ ယုံကြည်မှုပင် ဖြစ်ပါသည်။ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား သံသယစိတ်ကင်းစင်ကာ ခိုင်မာသည့်ယုံကြည်မှုဖြင့် ဆွေးနွေးညှိနှိုင်းအဖြေရှာကြရမည် ဖြစ်ပါသည်။ ယင်းမှတစ်ဆင့် တိုင်းရင်းသားအားလုံး လက်တွဲမဖြုတ်စတမ်း သွေးစည်းညီညွတ်မှုဖြင့် ဒီမိုကရေစီကျင့်စဉ်နှင့် ဖက်ဒရယ်မူများနှင့်အညီ မိမိနိုင်ငံတော်နှင့် သင့်လျော်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။


ရည်မှန်းချက်ပန်းတိုင်


သို့ဖြစ်ရာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှအခွင့်အရေးရရှိခြင်းနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိခြင်းဟူသည့် အနှစ်သာရများဖြင့် ပြည့်ဝသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက်ပန်းတိုင်ကို မလွဲမသွေအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် ၂၀၁၉ ခုနှစ် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့၏ အမျိုးသားရေးဦးတည်ချက် (၅)ရပ်ဖြစ်သည့်-


- ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံး “စုပေါင်းအင်အား” ဖြင့် ကာကွယ်စောင့်ရှောက်ရေး၊
- ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေးအတွက် ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်အညီ နိုင်ငံတော်နှင့် သင့်လျော်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်ရန် ကြိုးပမ်းဆောင်ရွက်ရေး၊
- နိုင်ငံသူ၊ နိုင်ငံသားများ၏ ကျန်းမာရေးနှင့် အကျင့်စာရိတ္တကို ထိခိုက်ပျက်ပြားစေသည့် မူးယစ်ဆေးဝါးသုံးစွဲမှုများကို ထိရောက်စွာ တားဆီးကာကွယ်ရေး၊
- တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်ရေး၊
- ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာဖြစ်ပေါ်ရေးနှင့် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ကြိုးပမ်း ဆောင်ရွက်ချက်များကို ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးရေး၊
တို့ကို အလေးအနက်ခံယူပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စုပေါင်းအင်အားဖြင့် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန် နှိုးဆော်လိုက်ပါသည်။


ဒီမိုကရေစီအသီးအပွင့်များ ခံစားစံစားနိုင်ကြစေရန်


နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားပြည်သူများအားလုံး အေးချမ်းလုံခြုံစွာ ဥမကွဲ သိုက်မပျက်နေထိုင်နိုင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်တည်ဆောက်ရန် လည်းကောင်း၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာ ဝပြောရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် တိုင်းဒေသကြီး ပြည်နယ်မခွဲခြားဘဲ ဒီမိုကရေစီအသီးအပွင့်များ ခံစားစံစားနိုင်ကြစေရန်လည်းကောင်း၊ မိမိတို့၏ လိုအင်ဆန္ဒများပြည့်ဝစေရေးအတွက် စိတ်ရောကိုယ်ပါ ညီညွတ်ကြလျက် ဖြူစင်သော စိတ်ထား၊ မှန်ကန်သော စေတနာတို့ဖြင့် ကြိုးပမ်းအားထုတ်ကြပါဟု ရင်းနှီးချစ်ခင်စွာ တိုက်တွန်းလျက် သဝဏ်လွှာပေးပို့လိုက်ပါသည်။