လွိုင်ကော် စက်တင်ဘာ ၁၁
ကယားပြည်နယ် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက် ဆန်းစစ်စီမံခြင်း အစီအစဉ်ကို ယနေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ နွားလဝိုး ကျေးရွာအုပ်စု ပဒါးညေးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
ဦးစွာ ကယားပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက အမှာစကားပြောကြားရာတွင် အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက် စစ်တမ်းကောက်ယူခြင်းဖြင့် တိုင်းရင်းသားများ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လိုအပ်သည့် ပညာရပ်များကို ရရှိနိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမြင့်ထွန်းက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေပါ တိုင်းရင်းသားအခွင့်အရေးများ၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိန်စိန်မော်က လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က Media ၏ ကောင်းကျိုး၊ ဆိုးပြစ်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်က မီးခိုးမြူ ငွေ့ညစ်ညမ်းမှု အန္တရာယ်များ စသည်တို့ကို ရှင်းလင်းဆွေးနွေးကြပြီး PM 2.5 အကြောင်း သိကောင်းစရာ Video Clip ကို ပြသသည်။
ပူးပေါင်းပါဝင်
ဆက်လက်၍ သက်ဆိုင်ရာဌာနများက လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်ခြင်း စစ်တမ်းကောက်ယူခဲ့ရာ ပဒါးညေး ကျေးရွာနေပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


