နေပြည်တော် စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်မှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များသည် ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ အထင်ကရ နေရာများဖြစ်သည့် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး နေပြည်တော် ရေပန်းဥယျာဉ်သို့ သွားရောက်လေ့လာကြသည်။
ဦးစွာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြရာ ရှင်းလင်းဆောင်၌ ဘုရားကြီး ဂေါပကအဖွဲ့ဝင်များက မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ် ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ် အဆင့်ဆင့်ဖြင့် အောင်မြင်စွာ တည်ထား ပူဇော်နိုင်ခဲ့မှု၊ လက်ရှိ ထိန်းသိမ်းဆောင်ရွက်နေမှု၊ ကျောက်စာရုံ စေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့မှုများကို ရှင်းလင်း ပြောကြားပြီး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့် ဆောင်ရွက်ခဲ့မှု မှတ်တမ်းဗီဒီယိုကို ပြသသည်။
ထို့နောက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့မှ တာဝန်ရှိသူများက ကျေးဇူးတင် စကားပြောကြားပြီး ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်ခဲ့မှုနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ယင်းနောက် လေ့လာရေးအဖွဲ့က ဘုရားကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ် လှူဒါန်းကြရာ ဂေါပကအဖွဲ့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ လေ့လာရေးအဖွဲ့သည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို ကြပြီး ပန်း၊ ရေချမ်း ကပ်လှူပူဇော်ကာ ဘုရားရင်ပြင်တော် ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များ၊ ခမ်းနား ထည်ဝါစွာ တည်ထားပူဇော်ထားသော အဂ္ဂါဓိပတိ သာသနာ့ ဗိမာန်တော်ကြီး၊ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ထွင်းထု ထည့်သွင်း တည်ဆောက်ထားသည့် ကျောက်စာရုံ စေတီတော်များနှင့် အခြား သာသနိက အဆောက်အအုံများ၊ ပုံစံငယ်များနှင့် ရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်မှု မှတ်တမ်းတင်ဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြပြီး နေပြည်တော် ရေပန်းဥယျာဉ်သို့ သွားရောက်လေ့လာကြကြောင်း သိရသည်။
သတင်းစဉ်


