တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန “တိုင်းရင်းသားများ၏ လူမှုဘဝမြှင့်တင်ရေးအတွက် ကျန်းမာရေးအသိပညာပေးလုပ်ငန်း ဆောင်ရွက်နေမှုများ” ခေါင်းစဉ်ဖြင့် မျှဝေဆွေးနွေးသည့် အခမ်းအနားကျင်းပ

နေပြည်တော် ၄ ဒီဇင်ဘာ

 

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများ ဗဟုသုတ တိုးပွားစေရန်နှင့် စွမ်းဆောင်ရည် မြင့်မားလာစေရန် ရည်ရွယ်၍ အပါတ်စဉ် တိုင်းရင်းသားရေးရာ စကားဝိုင်းဆွေးနွေးပွဲများ (Tusday Talk) အစီအစဉ်ကို ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ “တိုင်းရင်းသားများ၏ လူမှုဘဝမြှင့်တင်ရေးအတွက် ကျန်းမာရေးအသိပညာပေးလုပ်ငန်း ဆောင်ရွက်နေမှုများ” ခေါင်းစဉ်ဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားလူမှုဘဝ မြှင့်တင်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဆုလှိုင်က မျှဝေဆွေးနွေးသည်။

 

ဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဆုလှိုင်က မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှုများသာမကဘဲ လူမှုဘဝ မြှင့်တင်ရေးအတွက် ကျန်းမာရေး အသိပညာပေးမှုများကိုလည်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြဆွေးနွေးသည်။ ယင်းနောက် တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနရှိ ဝန်ထမ်းများသည် ဌာနအသီးသီးမှ ပြောင်းရွှေ့တာဝန် ထမ်းဆောင်လာကြသူများဖြစ်၍ ယခင်ဌာနများမှ အတွေ့အကြုံ ဗဟုသုတများကို ယခုဆောင်ရွက်နေရသည့် လုပ်ငန်းများတွင် ပေါင်းစပ်အသုံးပြုပါက လုပ်ငန်းများ ပိုမိုတိုးတက် အောင်မြင်မည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ တိုးတက်လာစေရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍအသီးသီး၏ အရေးကိစ္စများ ဆောင်ရွက်ရာတွင် တိုင်းရင်းသားများ၏ ဘာသာစကားများသည် လွန်စွာအရေးပါပါကြောင်း၊ လူမှုရေး၊ ကျန်းမာရေးနှင့် အခြားကဏ္ဍများတွင် ပညာပေးကြော်ငြာ၊ လက်ကမ်းစာစောင်များအား ၎င်းတို့၏ စာပေဘာသာစကားဖြင့် ထုတ်ဝေပေးနိုင်ပါက ပိုမိုစိတ်ဝင်စားပြီး ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာနိုင်ပါကြောင်း၊ တိုင်းရင်းသားဘာသာစကား ပြန်ဆိုမှုများကို တိုင်းဒေသကြီး၊ ပြည်နယ်များရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များဖြင့် ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများ အောင်မြင်စေရန်အတွက် မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်သွားကြရန် ဖြည့်စွက်ရှင်းလင်း ဆွေးနွေးသည်။ 

 

အဆိုပါအခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့သည်။ ယခုကျင်းပသည့် တိုင်းရင်းသားရေးရာ စကားဝိုင်းဆွေးနွေးပွဲ (Tusday Talk) အစီအစဉ်သည် စတုတ္ထအကြိမ်အဖြစ် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

 

(သတင်းစဉ်)