ရန်ကုန် ၃၀ မတ်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွန်ကြားရေးမှူးရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၅ နာရီက ရန်ကုန်မြို့ ကမာရွတ်မြို့နယ် (၁၀)ရပ်ကွက်ရှိ အဆိုပါ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွန်ကြားရေးမှူးရုံးသစ် အဆောက်အဦတွင် ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ညွန်ကြားရေးမှူးရုံး ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။

 

mdn

 

ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာန၏ရုံးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ဖွင့်လှစ်ပြီး တိုင်းရင်းသားအရေးကို ဆောင်ရွက်လျက်ရှိရာ ယနေ့ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးကို ဝန်ကြီးဌာန၏  ၃ နှစ်ပြည့် မင်္ဂလာအခါသမယနှင့် တိုက်ဆိုင်ပြီး အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း။

တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ ကဏ္ဍအလိုက် ရည်မှန်းချက် အသီးသီးကို အကောင်အထည်ဖော်နေသည့် ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၊ အရပ်ဖက် တိုင်းရင်းသားအဖွဲ့အစည်းများနှင့်အတူ လက်တွဲပြီး တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနက ကြိုးပမ်းထမ်းဆောင်ရာတွင် “တည်ငြိမ်မှုကိုလည်း မထိခိုက်စေ၊ အပြောင်းအလဲတွေလည်း ဖြစ်ပေါ်စေ” ဆိုသည့် အခြေခံမူနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

မိမိတို့ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးဆိုရာတွင် ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်မှု တိုးတက်ကောင်းမွန်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်များကို နိုင်ငံ၏ဘဏ္ဍာငွေ အခြေအနေပေါ် မူတည်ပြီး နိုင်ငံအဝှမ်း အချိုးညီ တိုးတက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း။

 

mdn

 

နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေးစသည့် လူမှုစီးပွားဘဝ မြှင့်တင်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရာတွင် ဘဏ္ဍာငွေလိုအပ်ချက်သည်လည်း ပိုမိုများပြားလာသည် ဖြစ်သည့်အလျောက် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အနေနှင့်နိုင်ငံ၏ အမျိုးသား ထုတ်ကုန်တိုးတက်ရေးတွင် အထူးကြိုးပမ်းကြရန် တိုက်တွန်းနှိုးဆော်လိုပါကြောင်း။ နိုင်ငံထုတ်ကုန်တိုးမှ အမျိုးသားဝင်ငွေ တိုးတက်မည်ဖြစ်ပြီး ညီနောင်တိုင်းရင်းသားတွေ၏ လူမှုစီးပွားဘဝမြှင့်တင်ရေး ပိုမိုဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။

ဒီနေရာတွင်ပြောကြားလိုသည့် အရေးကြီးကိစ္စတစ်ခုအနေဖြင့် တိုင်းရင်းသား လူငယ်များနှင့် စိတ်ကြွရူးသွပ်ဆေးဝါး အန္တရာယ်ဖြစ်ပါကြောင်း။ ယနေ့ အချိန်အခါတွင် စိတ်ကြွရူးသွတ်ဆေးပြားများ တိုင်းရင်းသားလူငယ်များအကြား အကြီးအကျယ် ပျံ့နှံ့လျက်ရှိပြီး လူငယ်ထု၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် အနာဂတ် အလားအလာကောင်းများကို အဓိကဖျက်ဆီးနေခြင်း ဖြစ်ပါကြောင်း။

လူငယ်ထုတင်မက အသက်အရွယ်မရွေး အလွှာအသီးသီးနှင့် ဘာသာရေး နယ်ပယ်ပါမကျန် စိမ့်ဝင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေမည့် အခြေအနေကို ရောက်ရှိနေပြီဖြစ်ပါကြောင်း။

အဆိုပါ အန္တရာယ်ကို ရပ်ရွာလူထု၏ ပူးပေါင်းပါဝင်မှုမရှိဘဲ အစိုးရဌာနချည်း သက်သက်က တွန်းလှန်ချေမှုန်းနိုင်မည့် အခြေအနေမရှိပါကြောင်း ဖော်ပြလိုပါကြောင်း။ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးက မိမိတို့ အကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်စေမည့် အန္တရာယ်ဖြစ်သည့်အလျောက် ပူးပေါင်းကာကွယ်ကြရန် အထူးတိုက်တွန်း အပ်ပါကြောင်း။

တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေပြီး တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရန်ဆိုသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ မျှော်မှန်းချက် ပေါက်မြောက် အောင်မြင်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံး တက်ကြွစွာဖြင့် ပါဝင်ကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပန်ကြားရင်း နိဂုံးချုပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က အမှာစကားပြောကြားပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦအထူးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရုံးအဆောက်အဦနှင့်စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးက တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသူများသည် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကြသည်။

(သတင်းစဉ်)