နေပြည်တော် ၂ ဧပြီ

 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

1

 

အခမ်းအနားတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ဝန်ကြီးဌာန စတင်ဖွဲ့စည်းခဲ့သည့် အချိန်မှစ၍ ယခု (၃) နှစ်ပြည့်သည့် ကာလအတွင်း ဝန်ကြီးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်းကာ နေ့စားလပေး (Teaching Assistant) ဆရာ/ ဆရာမများနှင့် တိုင်းရင်းသားဘာသာသင် (Language Teacher)များ ခန့်ထားနိုင်ရေး ဆောင်ရွက်ခြင်း၊ တိုင်းရင်းသားဒေသများ၏ လိုအပ်ချက်အရ အခြေခံပညာကျောင်း ကျောင်းဆောင်သစ်များ ရရှိနိုင်ရေးဆောင်ရွက်ခြင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုပိုစတာများ၊ ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စသည်တို့ကို တိုင်းရင်းသားဘာသာ (၅၅)မျိုးအထိ ဘာသာပြန်ဆိုခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

 

444

 

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကိုလည်း တိုင်းရင်းသားလူမျိုးများ သိရှိနားလည်နိုင်စေရန် တိုင်းရင်းသားဘာသာ (၄၄) မျိုးအထိ ဘာသာပြန်ဆိုခဲ့ပြီး  တိုင်းရင်းသားများ ပိုမိုသိရှိနားလည်စေရေး ပညာပေး ဟောပြောဆွေးနွေးခြင်းနှင့် တိုင်းရင်းသားလူမျိုးများ၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းရင်းသားရေးရာ အခြေခံအချက်များ စစ်တမ်းကောက်ယူခြင်း အစီအစဉ်များကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

စစ်တမ်းကောက်ယူပြီးစီးပါက မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာကို ရေးဆွဲသွားမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေ ထုတ်ပြန်နိုင်ရေးအတွက် နည်းဥပဒေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (၃)ကြိမ် ကျင်းပခဲ့ပြီး နည်းဥပဒေမူကြမ်းကို ရေးဆွဲပြုစုနိုင်ခဲ့ပါကြောင်း။

 

တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ တရားဝင်ဖွဲ့စည်း ထူထောင်နိုင်ရေး၊ တရားဝင်မှတ်ပုံတင်ခြင်း မရှိသေးသည့် အသင်းအဖွဲ့များ မှတ်ပုံတင်နိုင်ရေး၊ အသစ်ဖွဲ့စည်းလိုသည့် အသင်းအဖွဲ့များ ဖွဲ့စည်းနိုင်ရေးတို့ကို ကူညီဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ် အခမ်းအနားများ လွတ်လပ်စွာ ကျင်းပနိုင်ရေး၊ ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ထောက်ပံ့ငွေ ရရှိနိုင်ရေးတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးလှမော်ဦးက ဝန်ထမ်းများအနေဖြင့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ခံယူလုပ်ဆောင်ရမည့် ခံယူချက်များ၊ ထားရှိရမည့် စိတ်နေသဘောထားများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို အသေးစိတ်ရှင်းလင်းမှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝန်ကြီးဌာနမှ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်း ဓါတ်ပုံများကို လှည့်လည်ကြည့်ရှုကြပြီး ဝန်ကြီးဌာနရှိ ဝန်ထမ်းများကို ဗလာမပါ ကံစမ်းမဲများ ဖောက်ပေးကြသည်။

 

ယင်းနောက် ဝန်ထမ်းများက တိုင်းရင်းသားရိုးရာအကများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေကြသည်။

 

(သတင်းစဉ်)