တိုင်းရင်းသားပေါင်းစုံ ရိုးရာအစားအစာနှင့်ဈေးပွဲတော် ကျင်းပမည်

ရန်ုကုန်  ၂၉  နိုဝင်ဘာ 

 

တိုင်းရင်းသားအားလုံး ပြည်ထောင်စုစိတ်ဓာတ်ရှင်သန် နိုးကြားစေရန်နှင့် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံအား ထောက်ခံဂုဏ်ပြုသောအားဖြင့်  ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် အဖြစ် တိုင်းရင်းသားပေါင်းစုံတို့၏ ရိုးရာအစားအစာနှင့် ဈေးပွဲတော်ကို နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် မြကျွန်းသာရှေ့ရင်ပြင်၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

" ကျွန်တော်တို့ ဒီပွဲတော်မှာဆိုရင် အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသားပေါင်းစုံတို့ရဲ့ ရိုးရာ အစားအသောက်များ ရိုးရာအဝတ်အစားများနဲ့ အသုံးအဆောင်၊ ဓလေ့ထုံးတမ်းနေထိုင်မှု များနှင့်အတူ ရိုးရာအကဖျော်ဖြေမှုတွေ ပါဝင်မှာဖြစ်ပြီး  တိမ်မြုပ်ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ အစားအစာများ၊ ရိုးရာနေထိုင်မှုဓလေ့များ စိတ်ဝင်စားဖွယ် တစုတစည်း မြင်တွေ့ခံစားနိုင်မှာ ဖြစ်ပါတယ်" ဟု ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံ လူထုထောက်ခံပွဲ ကျင်းပရေးကော်မတီဝင် ဦးဌေးက ပြောသည်။

 

အဆိုပါ ဈေးပွဲတော်တွင် ဆိုင်ခန်းပေါင်း ၁၀ဝ ကျော် ပါဝင်မည်ဖြစ်ပြီး ချင်းရိုးရာအစားအစာ ဆာဗူးသီးထောင်မှအစ အမျိုး ၂၀ ကျော်၊ ရှမ်းရိုးရာအစားအစာ ရှမ်းငါးပေါင်းမှအစ အမျိုး ၃၀ ကျော်၊  မြန်မာ့ရိုးရာအစားအစာ အမျိုး ၄၀ ကျော်၊ ရခိုင်အစားအစာ မုန့်တီမှအစ ပင်လယ်စာ အမျိုး ၃၀ ကျော်၊ ကချင်ရိုးရာခေါင်ရည်မှအစ ကချင်အစားအစာ  ၂၀ ကျော်၊ ကရင် တာလပေါ ဟင်းမှအစ ကရင်အစားအစာ ၁၀ မျိုးကျော်၊ မွန်ရိုးရာဖက်ထမင်းမှအစ အစားအစာ ၂၀ ကျော်၊ ကယားရိုးရာရေညှိပေါင်း ကယားဝက်အူချောင်းမှအစ ကယားရိုးရာအစားအစာ ၂၀ ကျော် တို့ကို ခင်းကျင်းပြသ ရောင်းချပေးမည်ဖြစ်ကြောင်း၊ ဒေသအသီးသီးမှ တိုင်းရင်းသားများနှင့် လည်း မှတ်တမ်းဓာတ်ပုံ ရိုက်ကူးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံကျော် တေးသံရှင်များကလည်း ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်းနှင့် ပြပွဲကို  နိုဝင်ဘာ ၃၀ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ နေ့စဉ်မွန်းလွဲ ၂ နာရီမှ ည ၉ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြင့်မောင်စိုး