တက္ကဆက်ဖျော်ဖြေပွဲအတွက် အသက်အန္တရာယ်ခြိမ်းခြောက်ခံခဲ့ရတဲ့ BTS အဖွဲ့ဝင် ဂျီမင်း

၁၈ မေ

တောင်ကိုရီးယားရဲ့ ကမ္ဘာကျော်အမျိုးသားတေးဂီတအဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ “BTS” ဟာ မကြာမီ တေးအယ်လ်ဘမ်သစ်ထုတ်လွှင့်မှုနဲ့အတူ နယ်လှည့်ဖျော်ဖြေပွဲတွေကိုလည်း စတင်သွားမှာဖြစ်ပါတယ်။ ယင်းဖျော်ဖြေပွဲတွေအနက် အမေရိကန်ပြည်ထောင်စု တက္ကဆက်မှာဖျော်ဖြေ မယ့်ပွဲမှာတော့ အသက်အန္တရာယ်ခြိမ်းခြောက်ခံခဲ့ရတာဖြစ်ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ယင်းဖျော်ဖြေပွဲမှာ “BTS”ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဂျီမင်းကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံမယ့်အစီအစဉ်တွေကို လူတစ်ဦးက အွန်လိုင်းအသုံးပြုကာထုတ်ဖော်ပြောကြားလာတာဖြစ်ပါတယ်။ ဒီလိုခြိမ်းခြောက်ခံခဲ့ရပြီးနောက်မှာတော့ ဒေသခံရဲတွေက လုံခြုံရေးတွေ တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဂျီမင်းဟာ ပြီးခဲ့တဲ့ နှစ်အတွင်းမှာလည်း ယခုလို ခြိမ်းခြောက်ခံခဲ့ရပါတယ်။ အွန်လိုင်းကနေ သွေးတွေပေနေတဲ့ လက်ပုံကို ဖော်ပြပြီး အောက်မှာတော့ “ငါနဲ့အတူ အဖော်နှစ်ဦးက ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ဖျော်ဖြေပွဲမှာ ဂျီမင်းကိုသတ်ဖို့ တက်ရောက်မှာဖြစ်တယ်လို့” ရေးသားဖော်ပြခဲ့ကြောင်းလည်း သိရပါတယ်။

အေးပြည့်