စန်းနီလာဝင်း
အမိတက္ကသိုလ်၏ နှောင်းအတိတ်ဆီမှ
ဟောင်းအရိပ် ပုံရိပ်လွှာများ
တက္ကသိုလ် သို့မဟုတ် အလှရွှန်းစို မြကျွန်းညို
နွေမှာပွင့်လန်း၊ ပိတောက်ပန်းကို
ဆင်မြန်းပန်ဆင်၊ ခပ်ယဉ်ယဉ်မင့်
သူ့တွင်အလှမမြဲပါ။
မိုးမှာပွင့်လန်း၊ စံပယ်ပန်းကို
ဆင်မြန်းပန်ဆင်၊ ခပ်ယဉ်ယဉ်မင့်
သူ့တွင်အလှ မမြဲပါ။
ဆောင်းမှာပွင့်လန်း၊ သဇင်ပန်းကို
ဆင်မြန်းပန်ဆင်၊ ခပ်ယဉ်ယဉ်မင့်
သူ့တွင်အလှ မမြဲပါ။
ပိတောက်သဇင်၊ စံပယ်ယဉ်ကို
ခုံမင်စွဲလမ်း၊ ပန်ဆင်မြန်းလည်း
ညှိုးနွမ်းကြွေကျ၊ မြေမှာခသည်
ခေတ္တအလှ၊ တဒင်္ဂမို့
တစ်ဘဝမှာ၊ ထာဝရလန်း
ပညာပန်းကို၊ ဆင်မြန်းပါမှ
ပညာရဲရင့်၊ ပွဲလယ်တင့်၍
နှိုင်းချင့်ဆင်ခြင်၊ ဉာဏ်အမြင်နှင့်
အစဉ်ကြိုးစား၊ လုံ့လထားမှ
တက္ကသီလာ၊ မြကျွန်းသာမှာ
ပညာရည်နို့၊ သောက်စို့ရကျိုးနပ်ပါမည်။ ။
ကိုလိုနီခေတ် အမိရန်ကုန်တက္ကသိုလ်ကြီး၏ ကနဦး နိဒါန်းကာလတွင် ရန်ကုန်ကောလိပ် ကျောင်းသူ ကျောင်းသားတို့၏ ပညာသင်ခရီးလမ်းမှာ ပန်းခင်းလမ်း မဟုတ်၊ ခရောင်းလမ်းသဖွယ် ကြမ်းတမ်းခဲ့သည်။ ထိုစဉ်က “ရန်ကုန်ကောလိပ်” (Rangoon College) မှာ အိန္ဒိယနိုင်ငံရှိ “ကိုလ်ကတ္တားတက္ကသိုလ်” ၏ လက်အောက်ခံဖြစ်ခဲ့ပြီး တည်ရှိခဲ့ရာ နေရာမှာ ယခုဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းဆုံ မီးပွိုင့်အနီး ယခု လသာမြို့နယ်အခြေခံပညာအထက်တန်း ကျောင်းအမှတ်(၁)နေရာ [ထိုစဉ်က ရန်ကုန်အစိုးရ အထက်တန်းကျောင်း (Rangoon Government High School) ] ပင်ဖြစ်သည်။
၁၈၈၄ ခုနှစ်တွင် အင်္ဂလိပ်နယ်ချဲ့အစိုးရက “ရန်ကုန်အစိုးရအထက်တန်းကျောင်း” ကို “ရန်ကုန်ကောလိပ်” အဖြစ် အမည်ပြောင်းလဲပြီး ကောလိပ်ကျောင်းအုပ်ကြီးအဖြစ် “မစ္စတာဂျေအိပ်ချ်ဂေးလ်ဘတ်” (Mr.J.H Gilbert)အား ခန့်ထားခဲ့သည်။ ရန်ကုန် ကောလိပ်တွင် ဥပစာတန်း(ဝိဇ္ဇာ)အထိ သင်ကြားပေးခဲ့ပြီး စာမေးပွဲများ ကို “ကိုလ်ကတ္တားတက္ကသိုလ်” (Kolkata University)က တာဝန်ယူဦးဆောင်စစ်ဆေးခဲ့သည်။ ၁၉၀၄ ခုနှစ်တွင် “ရန်ကုန်ကောလိပ်” ကို “ရန်ကုန်အစိုးရကောလိပ်” (Rangoon Government College)ဟု အမည်ပြောင်းလဲ ခဲ့သည်။
၁၉၁၈ ခုနှစ်တွင် အမေရိကန်သာသနာပြုအဖွဲ့မှ “ဒေါက်တာဂျပ်ဆင်”(Dr. Judson)က ရန်ကုန်အစိုးရ ကောလိပ်နှင့် အလားတူ “ဂျပ်ဆင်ကောလိပ်”(Judson College)ကို ဖွင့်လှစ်ခွင့်ရရှိခဲ့သည်။
၁၈၉၂ ခုနှစ်ကတည်းက “ရန်ကုန်ကောလိပ်” ကို “ကိုလ်ကတ္တားတက္ကသိုလ်” ၏ လက်အောက်ခံအဖြစ် မထားရှိဘဲ သီးခြားလွတ်လပ်သော တက္ကသိုလ်အဖြစ် အသိအမှတ်ပြုပေးရန် တောင်းဆိုခဲ့ကြရာ ၁၉၂၀ ပြည့်နှစ် စက်တင်ဘာလတွင် မြန်မာပြည်အုပ်ချုပ်ရေးဥပဒေပြု ကောင်စီက ရန်ကုန်တက္ကသိုလ် တိုးမြှင့်ရန် လက်ခံ သဘောတူခဲ့သည်။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက် နေ့တွင် ထိုစဉ်က မြန်မာပြည်ဒုတိယဘုရင်ခံ “ဆာရီ ဂျင်နယ်ကရက်ဒေါက်” ( Reginald Craddock) က ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို အတည်ပြုခဲ့ပြီး ရန်ကုန် တက္ကသိုလ်၏ ပထမဦးဆုံး “အဓိပတိ” (Chancellor)ဖြစ်လာခဲ့သည်။ ထိုအခါ “ရန်ကုန်တက္ကသိုလ် ကောလိပ်” နှင့် “ဂျပ်ဆင်ကောလိပ်”တို့ကို ပူးပေါင်းလိုက်ပြီး “ရန်ကုန် တက္ကသိုလ်” (Rangoon University) ဟု စတင် ခေါ်တွင်ခဲ့သည်။ ထိုစဉ်က ရန်ကုန်တက္ကသိုလ်တွင် ရန်ကုန်တက္ကသိုလ်ကောလိပ်မှ ကျောင်းသားကျောင်းသူ ၆၉၂ ဦး၊ ဂျပ်ဆင်ခေါ် ယုဒသန်ကောလိပ်မှ ကျောင်းသား ကျောင်းသူ ၁၃၇ ဦးရှိရာ ကျောင်းသားကျောင်းသူ စုစုပေါင်း ၈၂၉ ဦး ရှိခဲ့သည်။
သို့ရာတွင် ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ဥပဒေသည် ကြေးရတတ်သားသမီးများကိုသာ အကျိုးပြုပြီး တိုင်းရင်းသား ပြည်သူတို့၏ သားသမီးများအား အဆင့်မြင့်ပညာရပ်များ သင်ကြားနိုင်မှုကို ကန့်သတ်ထားခြင်း၊ တက္ကသိုလ်အုပ်ချုပ်ရေးစည်းကမ်းများမှာလည်း ကျောင်းသားကျောင်းသူများအပေါ် ဖိနှိပ်ချုပ်ချယ် လွန်းရာရောက်ရှိနေခြင်း၊ ဘွဲ့ရပညာတတ်ဦးရေ အများအပြား ထွက်ပေါ်ခြင်းမရှိနိုင်အောင် ချုပ်ကိုင် ထားခြင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ကြားခွင့်မရရှိဘဲ အင်္ဂလိပ်နယ်ချဲ့အစိုးရ၏ ဗျူရို ကရေစီအုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ရေးအတွက်သာ ဦးစားပေးသင်ကြားခြင်းတို့ကြောင့် တက္ကသိုလ် ကျောင်းသား မျိုးချစ်ခေါင်းဆောင်များက ကိုလိုနီခေတ် ပညာရေးစနစ်ကို ပယ်ဖျက်ပေးရန် အမျိုးသားရေး စိတ်ဓာတ်အပြည့်အဝဖြင့် ပထမအကြိမ် ရန်ကုန်တက္ကသိုလ်သပိတ်ကြီးကို ဦးဆောင်ဆင်နွှဲခဲ့ ကြသည်။
ထိုစဉ်က ဗြိတိန်နိုင်ငံတွင် ကွန်ဆာဗေးတစ်ပါတီအာဏာရချိန်ဖြစ်ပြီး အတိုက်အခံပါတီဖြစ်သည့် လေဘာပါတီမှ လွှတ်တော်အမတ်“ကာနယ်ဝက်ဂျ်ဝုဒ်” သည် ရန်ကုန်မြို့သို့ ရောက်ရှိလာကာ ရွှေတိဂုံစေတီတော် ရင်ပြင်၌ သပိတ်စခန်းချလျက်ရှိသော ရန်ကုန်တက္ကသိုလ် သပိတ်မှောက်ကျောင်းသားများကို လာရောက် တွေ့ဆုံခဲ့သည်။ ထိုအင်္ဂလိပ်အမတ်ကပင်-
“ဗြိတိသျှအစိုးရက မြန်မာပြည်မှာ တက္ကသိုလ် ပညာသင်ကြားရေးစနစ်ကို မတရားသဖြင့် စီမံထားခြင်း ဖြစ်တယ်။ မြန်မာနိုင်ငံတွင် အင်္ဂလိပ်ကလေး၊ လူငယ် လူရွယ်များ သင်ကြားရတဲ့စနစ်ဟာ သခင်ဖြစ်စေတဲ့ ပညာရေးစနစ်ဖြစ်နေပြီး မြန်မာကလေး၊ လူငယ် လူရွယ်များသင်ကြားရတဲ့ စနစ်ကျတော့ ကျွန်ဖြစ်စေတဲ့ ပညာရေးစနစ် ဖြစ်နေတယ်။ တကယ်တော့ မည်သည့် လူမျိုး၊ မည်သည့်ဘာသာဝင်ဖြစ်နေပါစေ။ မြန်မာပြည်မှာ ပညာရေးစနစ်ကို ညီတူညီမျှ အတူတူ တစ်မျိုး တစ်စားတည်း ထားသင့်ပါတယ်။ ဒါကြောင့် တက္ကသိုလ် သပိတ်ကြီးကို ညီညီညွတ်ညွတ်နဲ့ ဆက်လက်ဆင်နွှဲ ကြပါ။ ပြီးတော့ အမျိုးသားကျောင်းများကိုလည်း ထူထောင်ကြပါ” ဟု ထောက်ခံတိုက်တွန်းအားပေးခဲ့သည်။
မြွေမြွေချင်း ခြေမြင်ဆိုသကဲ့သို့ ထိုစဉ်က အာဏာရ “ကွန်ဆာဗေးတစ်ပါတီ”(Conservative Party)အစိုးရ၏ မြန်မာနိုင်ငံတွင် စတင်ကျင့်သုံးခဲ့သော ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေနှင့် ပညာရေးစနစ်ကို အတိုက်အခံပါတီကြီးဖြစ်သော “လေဘာပါတီ” (Labour Party) မှ လွှတ်တော်အမတ်ကိုယ်တိုင် မြန်မာပြည်သို့ ကိုယ်တိုင်လာရောက်ပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသား သပိတ်ခေါင်းဆောင်များဘက်မှ မားမားမတ်မတ် ရပ်တည်ထောက်ခံအားပေးခဲ့သည်ကို ကြည့်ရုံမျှနှင့်ပင် ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ဥပဒေ၏ မူမမှန်သော အဇ္ဈတ္တအတွင်းသရုပ်ရော၊ ဗဟိဒ္ဓ ပြင်ပသွင်ပြင်ကိုပါ ထင်ရှားစွာတွေ့မြင်နိုင်မည် ဖြစ်ပါသည်။
၁၉၂၀ပြည့်နှစ်တွင် ကိုလိုနီခေတ်ပညာရေးစနစ်ကို အသက်သွင်းထားသော အင်္ဂလိပ်နယ်ချဲ့အစိုးရ၏ “ရန်ကုန်တက္ကသိုလ် အက်ဥပဒေ”(Rangoon University Act) ကို ဆန့်ကျင်သပိတ်မှောက်ခဲ့ကြသည့် ရန်ကုန် တက္ကသိုလ် မျိုးချစ်ကျောင်းသားခေါင်းဆောင်များ၏ ပထမအကြိမ်သပိတ်ကြီးသည် “အမျိုးသားပညာရေး စနစ်”(National Education)ကို ရုပ်လုံးပေါ်ပေါက်လာပြီး မြန်မာပြည်အနှံ့ ကိုယ့်အားကိုယ်ကိုး “အမျိုးသား ကျောင်းများ”(National School)ပေါ်ပေါက် လာခဲ့သည့်အပြင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု မုခ်တံခါးကို စတင်ဖွင့်လှစ်ပေးခဲ့သည်မှာ သမိုင်းသက်သေ တည်ပြီး ဖြစ်ပါသည်။
ဆောင်းပါးရှင် စန်းနီလာဝင်း ၏ ကိုယ်ရေးအကျဉ်း
- အမည်ရင်း ဦးမောင်မောင်စန်း။
- ကလောင်အမည်များ - စန်းနီလာဝင်း၊ အယ်ဒီတာချုပ်တစ်ဦး၊ မောင်မောင်စန်း (ရန်ကုန်တက္ကသိုလ်)၊ မောင်ပညာကျော်၊ သတင်းစာဆရာတစ်ဦး၊ သုတေသီတစ်ဦး၊ စာရေးဆရာတစ်ဦး၊ လေ့လာသူတစ်ဦး၊ မောင်သမ္မာဒိဋ္ဌိ၊ ကိုစန်း (စစ်ကိုင်းမြေ)၊ ဆာစန်း (နက္ခတ္တဗေဒနှင့် တိုင်းရင်းဆေး)၊ မောင်မီဒီယာ၊ ဂီတသုတေသီတစ်ဦး၊ MMS ၊ MWD (အင်္ဂလိပ် ဆောင်းပါးများ)
- ပညာအရည်အချင်း - M.AII, R.L, Diploma in Traditional Medicine.
- စာပေတာဝန်များ - တက္ကသိုလ်များ မဂ္ဂဇင်း ကော်မတီအတွင်းရေးမှူး (ရန်ကုန် တက္ကသိုလ်)၊ သတင်းစာကိုယ်စားလှယ် အဖွဲ့ ဝင်တစ်ဦးအဖြစ် ပြည်ပနိုင်ငံများသို့ သွား ရောက် ခဲ့သည်။ ရုပ်ရှင်စိန်ရတုသဘင်တွင် စာတမ်းပြုစု ဖတ်ကြားသည့် တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ။


