mdn

သတင်းဆောင်းပါး - စန်းနီလာဝင်း

ဘဝမငြိမ်သက်၍ အလှအိပ်မက်က မရေရာ

ချမ်းမြမြရှိလှသော   ဂိမာန်နွေဦး၏ နံနက်ခင်း ဝယ်  နှင်းပုလဲဥတို့  ကြွေကျမြေခလာသော အခါ   နေခြည်နုနုနှင့် ရွှေရည်ဥ  ဥနေသည့် အလား တည်ငြိမ်လှသော  အင်းလျားရေပြင် ပေါ်ဝယ်  ရောင်ပြန်ထင်ဟပ်လျက်ရှိနေသည့် ဆောင်းလေနုအေးတို့  ဆော်သွေးစဉ် နှင်းဖွေး ဖွေးအောက်ဝယ် ခပ်ရေးရေး မြင်တွေ့ရသော တက္ကသိုလ်အဆောင်နေ  မောင်မယ်အချို့ကို အင်းလျားကန်က နွေးထွေးစွာ ကြိုဆိုနေဟန် ရှိသည်။

ကန်ပေါင်ရိုးတစ်လျှောက် လမ်းလျှောက် ရင်း အင်းလျားကန်သာမှ  လေနုအေးကို ဖြည်း ညင်းစွာ ရှူရှိုက်ရသည်မှာ  ရင်နွေးလှိုက်လှိုက် ရှိလှသည်။ သို့သောအခါ တစ်ယောက် သူအား နွေကမ္ဘာဝယ်   မဖြေသာသည့်   ဝေဒနာက အသေအချာ  တပ်လှန့်နှိုးလိုက်ဟန်တူသည်။

ကံ့ကော်တောမှာ ရင်မောဖွယ် အလှအိပ်မက်
 o အင်းလျားကန်လမ်း၊  ကံ့ကော်တန်း ဝယ်
 လမ်းလျှောက်ရင်းဆုံ၊ ရင်မှာခုန်သည်
 ဘုံဝတိံသာ၊ နတ်တို့ရွာမှ
 ရောက်လာရော့လား၊ နတ်ကလျာ တစ်ပါး
 ထင်မှတ်မှား၏ ။
 o ကံ့ကော်ရနံ့၊ သင်းပျံ့ပျံ့နှင့်
 ညှင်းညှင်းသာသာ၊ လေပြေလာခိုက်
 ဝေဒနာကို၊ အသေအချာ
 ဖွေရှာပါလျှင်၊ ရေတမာက  သိပါသည်။
 o ညဉ့်ဦးချိန်ခါ၊ လသာသာဝယ်
 ကလျာမြင်တွေ့၊ အဆောင်ရှေ့ဝယ်
 ပျော်မွေ့စေရန်၊ တေးသံသာနှင့်
 လာရောက်ဆက်သွင်း၊ 
 ဖျော်ဖြေခြင်းမှာ
 ရင်တွင်းလှိုင်းထ၊   ခံစားရအောင် မဟုတ်ပါ။
 o ညဉ့်ဦးချိန်ခါ၊ လသာသာဝယ်
 နှမကလျာ၊ စိတ်မှာရွှင်လန်း
 အပန်းလည်းပြေ၊ ချမ်းမြေ့စေရန်
 စိတ်ရည်သန်၍၊ တေးသံသာဖြင့်
 လာရောက် ဖျော်ဖြေရပါသည်။
 o ကျောင်းပိတ်ရာသီ၊ နွေဦးဆီမှာ
 ယာယီခေတ္တ၊ ခွဲခွာရလျှင်
 အလှသခင်၊ နှမရင်တွင်
 ပူပင်သောက၊ ခံစားရလျှင်
 ဘဝတစ်ကွေ့၊ ခဏတွေ့ရာ
 မြကျွန်းသာမှာ၊ ရင်မှာစိုးထိတ်
 ကံ့ကော်ရိပ်၏၊ အိပ်မက်ပမာ
 ဝေဒနာဟု၊     ကလျာမှတ်ယူလိုက်ပါ တော့၊
 မြင်ပါများလည်း၊ အကြင်နာပွားရန်
 မဝံ့ပြီတကား။

ဤသည်မှာ  ရွှေရတုခေတ်  အမိရန်ကုန် တက္ကသိုလ်  အဆောင်နေကျောင်းသား ဧက စာရီ တစ်ကိုယ်တော်သမားများ၏   မရေရာ သော  ဝေဒနာများထဲမှ   လှမှူးသခင်ကို မခင် ဝံ့ဝံ့၊ ခင်ဝံ့ဝံ့နှင့် မကြင်ဝံ့ဝံ့၊ ကြင်ဝံ့ဝံ့၊ မယှဉ်ဝံ့ဝံ့၊ ယှဉ်ဝံ့ဝံ့ ဖြစ်နေရာမှ   နောက်ဆုံးတွင်   မခင်၊ မကြင်၊   တမင်စိမ်းသလို   ဖြစ်သွားခဲ့ကြသည် များကိုလည်း   တွေ့ရသည်။  ထိုစဉ်က စာရေး သူမှာ မဂ္ဂဇင်းထုတ်ဝေရေးနှင့် စာကြည့်တိုက်၊ ဂီတအနုပညာ၊      ထိုစဉ်က   အမိရန်ကုန် တက္ကသိုလ်၏   အမျိုးသားရေးလုပ်ငန်းကြီး တစ်ခုဖြစ်သော   စာမတတ်သူ   ပပျောက် ရေးလုပ်ငန်း  (ကိုလိုနီပညာရေးစနစ်၏ အမွေ ဆိုးကြီးတစ်ခုဖြစ်သော စာမတတ်သည့် ကျေး လက်နေ  ပြည်သူအများစုအား     “အသုံးလုံး ဟူသော” “အရေး၊ အဖတ်၊ အတွက်” ပညာ တို့ကို   စေတနာဖြင့်   သွားရောက်သင်ကြား ပေးခြင်း)များ၌     တစိုက်မတ်မတ်   နှစ်မြှုပ် ထားသောကြောင့်     စာရေးသူမှာ    အမိ တက္ကသိုလ် မြကျွန်းညို၏ အနုအလှ သမုဒယ ဇာတ်လမ်းတွင်   လုံးဝ မှတ်တမ်းမဝင်ခဲ့ပါ။ သို့တစေ  တစ်ဆောင်တည်းနေ သူငယ်ချင်း များအတွက်   မေတ္တာစာ၊   ချစ်သဝဏ်လွှာ၊ ကဗျာ၊   မျက်ဖြေအလင်္ကာ  အမျိုးမျိုးကို ရေး ပေးရသလို အမျိုးသမီးအဆောင်များမှ သူတို့ ရည်ရွယ်ထားသူများ၊    ရည်ငံနေသူများကို ညဉ့်ဦးယံမှ သန်းခေါင်ယံတိုင်အောင် သွား ရောက်ဖြေဖျော်တင်ဆက်သည့်အခါ  စာရေး သူမှာ မယ်ဒိုလင်တီးသည့်အခါတီး၊ တယော ထိုးသည့်အခါ ထိုးပြီး ပါရမီဖြည့်ပေးခဲ့ရသည် များကိုလည်း  ယနေ့တိုင်   မမေ့နိုင်အောင် ရှိနေသည်။

ဘူမိနက်သန် အောင်မြေမှန်ရာ 
မြကျွန်းညိုညို အမိတက္ကသိုလ်

ပညာ၏  အနှစ်သာရနှင့်  စပ်လျဉ်း၍ “ပညာနရာနံ ရတနာ”   ဟူသည့်  “လူသား အားလုံး၏    ရတနာစစ်ရာအမှန်ဖြစ်သည်” ဟူ၍လည်းကောင်း၊ “ပညာ” သည် လူ့အဖွဲ့ အစည်းတစ်ခုလုံးကို အလင်းရောင်ပေးသဖြင့် “ပညာသမာ အာဘာနတ္ထိ” “ပညာနှင့်တူသော အလင်းရောင်ဟူသည် မရှိနိုင်” ဟူ၍  လည်း ကောင်း၊   သုံးလောကထွတ်ထား   မြတ်ဗုဒ္ဓ ဘုရားက ဟောကြားညွှန်ပြတော်မူခဲ့ပါသည်။

အမိရန်ကုန်တက္ကသိုလ်ကြီး၏ “နတ္ထိ သမံ ဝိဇ္ဇာ မိတ္တံ” =   “ ပညာနှင့်တူသော   မိတ်ဆွေ ဟူ၍ မရှိနိုင်” (There’s no friend like wisdom) ဟူသော    ဆောင်ပုဒ်သည်လည်း အနန္တကျေးဇူးတော်ရှင်    မြတ်ဗုဒ္ဓသခင်၏ ပညာဆိုင်ရာ ဟောဖော်ညွှန်ပြမှုနှင့် ကိုက်ညီ လျက်ရှိသဖြင့်    ဂုဏ်ယူလေးစားဖွယ်   ဖြစ်ပါ သည်။

“တက္ကသိုလ်”  ဟူသော  ပါဠိဝေါဟာရမှာ “တက္က” နှင့် “သီလ” ဟူသော ဝေါဟာရ နှစ်ခု ကို ပေါင်းစပ်ထားခြင်းဖြစ်ရာ ဝေါဟာရတစ်ခု ချင်းအလိုက်  မြန်မာဘာသာသို့ တိုက်ရိုက် ပြန်ဆိုမည်ဆိုပါက “တက္က” ဟူသည်မှာ “နှိုင်း ချိန်ကြံဆခြင်း၊   လေ့လာဆည်းပူးသုံးသပ် ဝေဖန်ခြင်း” ဟု အဓိပ္ပာယ်ရရှိပါသည်။ “သီလ” ဆိုသည်မှာ “ကောင်းသော  လေ့ကျင့်ပျိုး ထောင်မှုရှိခြင်း၊ မကောင်းမှုပြုလုပ်ရမည်ကို ရှက်ခြင်း၊ ရွံ့ခြင်းဟူသော ဟီရိဩတ္တပ္ပတရားကို စောင့် ထိန်းခြင်းဟူသော  ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း” ဟု အဓိပ္ပာယ် ရရှိပါသည်။ ထို့ကြောင့် “တက္ကသီလာ” သို့မဟုတ် “တက္ကသိုလ်” ဆို သည်မှာ အဆင့်မြင့်အသိ ပညာ၊  အတတ်ပညာ နည်းပညာရပ်များစွာကို  သင်ကြားလေ့ကျင့် ပေးပြီး   ကိုယ်ကျင့်တရား ကောင်းမွန်အောင်    လမ်းညွှန်ပဲ့ကိုင်ပေးရာ  နေရာဌာနဖြစ်သည်ဟု   အကျဉ်းဥဒ္ဒေသဖြင့် ဖွင့်ဆိုနိုင်ပါသည်။

“တက္ကသိုလ်” ဟူသော   ဝေါဟာရကို မြန်မာအဘိဓာန်ကျမ်းကြီးတွင် “အဆင့်မြင့် ပညာရပ်များကို သင်ကြားပို့ချပေးရာ ကျောင်း တော်ကြီးဟူ၍ လည်းကောင်း”၊   ဂန္ဓာရတိုင်း တွင်  “တစ်ဆယ့်ရှစ်ပါးသော   အတတ်ပညာ တို့ကို သင်ကြားပို့ချပေးရာ   အချက်အချာ ဒေသ” ဟူ၍လည်းကောင်း    အဓိပ္ပာယ်ဖွင့်ဆို ထားသည်ကို တွေ့ရှိရသည်။ (“ဂန္ဓာရတိုင်း” ဆိုသည်မှာ ရှေးခေတ် အိန္ဒိယပြည် မဇ္ဈိမဒေသ ရှိ တိုင်းကြီး(၁၆)  တိုင်းအနက်   တက္ကသိုလ် ကျောင်းတော်ကြီးတည်ရှိရာ “ဂန္ဓာရတိုင်း”ကို “တက္ကသီလာမြို့တော်” ဟု သတ်မှတ် ခေါ်ဝေါ် ခဲ့ကြသည်။  ထိုအချိန် ထိုအခါက မြို့ပြနိုင်ငံ များ(City States) ထွန်းကားသော ကာလ ဖြစ်၍ “တိုင်း” ဆိုသည်မှာ “နိုင်ငံ”ကို ဆိုလို ခြင်း ဖြစ်ပါသည်။)

အဆင့်မြင့် ဝိဇ္ဇာနှင့်  သိပ္ပံပညာရပ်များကို ပညာတံခွန်စိုက်ထူရာ  အမိရန်ကုန်တက္ကသိုလ် ကြီးသည် ပညာသင်ကျောင်းသူ ကျောင်းသား အားလုံးအတွက်သာမက     အသိပညာရှင်၊ အတတ်ပညာရှင်များအတွက်ပါ  ပညာဘဏ္ဍာ တိုက်ကြီးနှင့်  ပညာဗိမာန်ကြီးသဖွယ် တည်ရှိ နေပါသည်။      လူနေမှုအဖွဲ့အစည်းတွင်  မည်သည့်ပညာရေးစနစ်ကို   ကျင့်သုံးသည် ဖြစ်စေ  ပညာသင်ကြားရေးနယ်ပယ်၌  “ပညာ ရှင်” ရော “ပညာသင်” တို့ပါ “ပညာပြည့်ဝ  နှလုံးလှစေ၊ ပညာလည်းတတ်     ကိုယ်ကျင့် မြတ်အောင်၊  ‘သတိ’ လက်ယာ၊ ‘ပညာ’ လက်ဝဲ၊   မှတ်ယူစွဲလော့” ဟူ၍ ဩဝါဒပြု ထားခြင်းဖြစ်ပါသည်။    ထို့ပြင် ပညာနှင့် စပ်လျဉ်း၍ “သဒ္ဓါ  လွန့်လျှင် ကွန့်သည်၊  ပညာ လွန့်လျှင် ဆွံ့သည်၊ ဝီရိယ လွန့်လျှင်   ပျံ့သည်၊    သမာဓိလွန့်လျှင်  တွန့်သည်၊ သတိမူကား လွန်သည်မရှိ” ဟုလည်း သတိပေးလမ်းညွှန် ထားပါသည်။   ပညာဟူသည်    သိရုံသက်သက် သာမဟုတ်၊     တတ်မြောက်ရုံ သက်သက်သာ   ကိုယ်ကျင့်တရား   ကောင်းမွန်သူဖြစ်ရန်         လိုအပ်ကြောင်းကို သဗ္ဗညုတဉာဏ်တော်ရှင်    မြတ်ဗုဒ္ဓသခင်က  မင်္ဂလသုတ်ဒေသနာတော် တွင် “ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ဝိနယောစ သုသိက္ခိ တော”    “အကြား+ အမြင်+ အသိပညာ၊   အတတ်ပညာတို့နှင့်တစ်ပါတည်း  ကိုယ်ကျင့် သီလတရားကိုပါ   တစ်ဆက်တစ်စပ်တည်း ယှဉ်တွဲကာ  ဖော်ညွှန်းပြထားတော်မူခဲ့ခြင်း ဖြစ်ပါသည်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝ ထူးခြား လှသော ဒုလ္လဘ

အမိရန်ကုန်တက္ကသိုလ်ကြီး၏   စတင် နိဒါန်းပျိုးရာ  “ရန်ကုန်ကောလိပ်” “Rangoon College” ၁၈၇၈ ခုနှစ်မှသည် ၁၉၂၀ ပြည့် နှစ်အထိ    အမိရန်ကုန်တက္ကသိုလ်    စတင် ပေါ်ပေါက်လာခဲ့သည့် ၁၉၂၀ ပြည့်နှစ်အထိ နှစ်ပေါင်း (၄၂) နှစ်တိုင်အောင် လည်းကောင်း၊ ၁၉၂၁ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ (၂၅) နှစ် ပြည့်မြောက်သည့် ငွေရတုကာလကိုလည်း ကောင်း၊  ၁၉၄၆ ခုနှစ်မှ ၁၉၇၀ ပြည့်နှစ်အထိ နှစ်(၅၀)ပြည့်မြောက်သည့် ရွှေရတုကာလကို လည်းကောင်း၊ ၁၉၇၁ ခုနှစ်မှ ၁၉၉၅ ခုနှစ် အထိ  (၇၅)နှစ်မြောက်ဖြစ်သည့်   စိန်ရတု ကာလကိုလည်းကောင်း၊ ၁၉၉၆ ခုနှစ်မှ ယခု ၂၀၂၀ ပြည့်နှစ်အထိ နှစ် (၁၀၀) ပြည့်မြောက် သည့်ကာလကိုလည်းကောင်း  ဖြတ်သန်းခဲ့ပြီး ဖြစ်ပါသည်။

အမိရန်ကုန်တက္ကသိုလ်ကြီး၏ နှစ်(၅၀) ပြည့် ရွှေရတုသဘင်(၁၉၇၀)  ကျင်းပခဲ့စဉ်က ပါမောက္ခချုပ်ဆရာကြီး          ဒေါက်တာ မောင်မောင်ခနှင့် ဘာသာရပ်ဆိုင်ရာ ပါမောက္ခ များ၏ ဦးဆောင်မှုဖြင့် မဂ္ဂဇင်းထုတ်ဝေရေး၊ ဖျော်ဖြေရေးအစီအစဉ်များတွင် လက်ထောက် မော်ကွန်းထိန်း ဆရာဦးစံအုန်း ဦးဆောင်သော တက္ကသိုလ်အနုပညာ အသင်းဝင် ကျောင်းသား ကျောင်းသူများထဲတွင်    စာရေးသူလည်း တစ်တပ်တစ်အား  ပါဝင်ဆောင်ရွက်ခဲ့ရသည် မှာ အမိတက္ကသိုလ်ကြီးအား ကျေးဇူးဆပ်ရာ ရောက်သည့်အပြင်  ဘဝအတွက်  ဂုဏ်ယူဖွယ် မှတ်တမ်းတစ်ခု ဖြစ်ခဲ့ရပါသည်။

ထိုကာလမှာပင် ယခင်နယ်ချဲ့အစိုးရ၏ ကိုလိုနီပညာရေးစနစ်၏   အမွေဆိုးကြီးတစ်ခု ဖြစ်သော  ကျေးလက်ဒေသများနေ ပြည်သူ အများစု၏ စာပေမတတ် ကြက်ခြေခတ် ဘဝ ဆိုးကြီးမှ လွတ်မြောက်ရေးအတွက် နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်များတွင် အထက် အညာအရပ်ဒေသရှိ ဝေးလံ ခေါင်းပါး ကျေးရွာ များသို့ “အသုံးလုံး” (အရေး၊ အဖတ်၊ အတွက်) သင်ကြားပေးရေးအတွက်  သွားရောက်ခဲ့ရ သည်များမှာလည်း  အမိတက္ကသိုလ်ကြီးရော ပါဝင်ဆင်နွှဲခဲ့ကြသည့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများပါ  သမိုင်းပေး တာဝန်တစ်ရပ်နှင့် အမျိုးသားရေး တာဝန် တစ်ရပ်ကို  အမျိုးသားပညာရေး   ဖွံ့ဖြိုးမှု အသိစိတ်ဓာတ်ဖြင့်  ကျေပွန်စွာ ထမ်းဆောင် နိုင်ခဲ့ခြင်းပင်ဖြစ်ပါသည်။ 

ရွှေရတုသဘင်   ကျင်းပချိန်ကာလက တောင်ငူစာသင်ဆောင်တွင် မြန်မာစာဌာန၊ အင်္ဂလိပ်စာဌာန၊   မနုဿဗေဒဌာနတို့ရှိကြရာ အင်္ဂလိပ်စာဌာနနှင့်   မနုဿဗေဒဌာနတို့မှာ အဓိကဘာသာဌာနများမဟုတ်ဘဲ    ဘာသာ တွဲဌာနများသာ   ဖြစ်ခဲ့ကြပါသည်။  ထိုစဉ်က အင်္ဂလိပ်စာနည်းပြ   ဆရာ  ဆရာမများ ဖြစ်ခဲ့ ကြသည့်     ဆရာနေအုပ်(စိန်ပေါလ်)၊   ဆရာ ဦးကျော်ဝင်း၊    ဆရာမ  ဒေါ်နွဲ့ယဉ်ဝင်း   (နိုင်ငံ ကျော် တေးသံရှင်) တို့၏   သင်ကြားပြသမှု အောက်ဝယ် အင်္ဂလိပ်စာ ရေးထုံးရေးနည်းများ၊ အင်္ဂလိပ်သဒ္ဒါ  စည်းမျဉ်းများကို   သင်ယူ နာကြားခဲ့ရသဖြင့် အင်္ဂလိပ်ဆောင်းပါးများကို ရေးသားလာနိုင်ခဲ့ပါသည်။   ဆရာနေအုပ်  (စိန်ပေါလ်)မှာအင်္ဂလိပ်စာ   အရေးအသား အလွန်ကောင်းလွန်းလှသော      တော်ဝင် ပါမောက္ခချုပ် ဆရာကြီး  ဒေါက်တာထင်အောင် ၏   ဆွေမျိုးရင်းချာတစ်ဦးဖြစ်၍    ဆရာက ဆရာကြီး ဒေါက်တာထင်အောင်၏ အင်္ဂလိပ် စာရေးသားနည်းများကို  ကြုံကြိုက်တိုင်း ပြောပြလေ့ရှိရာ    ဆရာကြီး၏  လိုရင်းတိုရှင်း ရေးနည်း၊ မြန်မာကို ကမ္ဘာမှ  နိုင်ငံခြားသား တိုင်း  အလွယ်တကူနားလည်စေရန် ရေးနည်း တို့ကို စံပြုအတုယူခဲ့ရပါသည်။

ထိုစဉ်က မနုဿဗေဒပညာ (Anthropo-logy) ဘာသာမှာလည်း ဘာသာတွဲတစ်ရပ် မျှသာရှိနေ၍ တိုင်းရင်းသားမျိုးနွယ်များ ၁၃၀ ကျော်ရှိနေသော    စာရေးသူတို့နိုင်ငံတွင် တိုင်းရင်းသားလူမျိုးတို့၏    ယဉ်ကျေးမှုကို အကျယ်တဝံ့ သင်ကြားလေ့လာဆည်းပူးရန် လိုအပ်မည်ဟု   ယုံကြည်မိသဖြင့်   ထိုစဉ်က မနုဿဗေဒပညာဌာန    အချိန်ပိုင်းကထိက ဗိုလ်ဗကို(ရုပ်ရှင်သရုပ်ဆောင်)၊ ဦးစိန်ထွန်း၊ ဦးတင်အောင်တို့နှင့် တွေ့ဆုံပြီး  စာရေးသူ၏ ဆန္ဒကို       ဗိုလ်တထောင်သတင်းစာတွင်   “ယဉ်ကျေးမှုဖော်ထုတ်ရေး  မနုဿဗေဒပညာ” ခေါင်းစဉ်ဖြင့်   အဓိကဘာသာအဖြစ်  ပြဋ္ဌာန်း သင်ကြားပေးရန်   အကြံပေးဆောင်းပါးကို ရေးသားတင်ပြခဲ့ပါသည်။   မကြာမီ ပညာရေး ဝန်ကြီးဌာနမှ   မနုဿဗေဒပညာကို   အဓိက ဘာသာရပ်အဖြစ်  သင်ကြားရန်  ပြဋ္ဌာန်းလိုက် သောအခါ မနုဿဗေဒဌာနမှ ဆရာ ဆရာမ များအားလုံးနှင့်  အမိတက္ကသိုလ်၏ အဆင့်မြင့် ပညာသင်ကြားရေးဂုဏ်ကို       မြှင့်တင်ရာ ရောက်သည့်အတွက်  ဂုဏ်ယူဝမ်းမြောက်ခဲ့ရ ပါသည်။ ယဉ်ကျေးမှုနယ်ပယ်တွင် “ဘာသာ စကားသည်  ယဉ်ကျေးမှု၏  ယာဉ်ရထားဖြစ် သည်” ( Language is the vehicle of the culture) ဟူသော ဆိုစကားရှိနေရာ ယဉ်ကျေး မှုသမိုင်းကို   လေ့လာရာ၌   တိုင်းရင်းသား လူမျိုးတိုင်း၏ ဘာသာစကား၊ ဓလေ့ထုံးစံ၊ စာပေ၊   သမိုင်းနောက်ခံတို့ကို ပြည့်စုံအောင် လေ့လာ သုတေသနပြုကြရမည် ဖြစ်ပါသည်။ ယခုဆိုလျှင် အမိရန်ကုန်တက္ကသိုလ် ရာပြည့် နှစ်အလွန်တွင်    မနုဿဗေဒပညာဌာနတွင် တိုင်းရင်းသားလူမျိုးအသီးသီး၏  ယဉ်ကျေး မှုအားလုံးကို သင်ကြားပေးတော့မည့် အစီ အစဉ်ကို သိရ၍    အလွန်ဝမ်းမြောက်ဂုဏ်ယူ ကြိုဆိုရပါသည်။

ရွှေရတုနှစ်ကာလတွင်    တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနမှ တည်းဖြတ်ထုတ်ဝေသော “တက္ကသိုလ် ပညာ ပဒေသာ စာစောင်” ကိုလည်း   အမြတ်တနိုး အားကိုးအားထား ပြုခဲ့ရပါသည်။ “သုတေသန လုပ်ငန်းသည်   တိုးတက်မှု၏   မိခင်ဖြစ်သည်  (Research is the mother of progress) ဟူသော  ဆောင်ပုဒ်နှင့်အညီ  ထိုစာစောင်မှာ ဘာသာရပ်ဆိုင်ရာ    ဆရာ   ဆရာမများက  သုတေသနစာတမ်းသဖွယ်   ရှာဖွေလေ့လာ ရေးသားထားသည့်    ရှားပါးဆောင်းပါးများ ဖြစ်သဖြင့်  ဘွဲ့ကြိုရော   ဘွဲ့လွန်ကျောင်းသား ကျောင်းသူများအတွက်ပါ   အလွန်အထောက် အကူပြုခဲ့ပြီး   ယနေ့တိုင်   အမှတ်ရနေဆဲ ရှိပါသည်။ 

အမိရန်ကုန်တက္ကသိုလ်ကြီးသည် ပညာ သင်ယူဆည်းပူးစဉ်အချိန်အတွင်း  ကာယဗလ ဖွံ့ဖြိုးမှုအတွက်လည်း အဆင်သင့်၊ ကိုယ်လက် လှုပ်ရှား  အားကစားနည်းမျိုးစုံကို  အဆင်သင့် လွယ်လွယ်ကူကူ ပြုလုပ်နိုင်သည်။ ဉာဏဗလ ဖွံ့ဖြိုးမှုအတွက်လည်း ကျောင်းသား ကျောင်း သူတိုင်း၏ အဓိကရည်မှန်းချက်ပန်းတိုင်ဖြစ် သောကြောင့်   ဘွဲ့ကြိုတန်းမှ   ဘွဲ့လွန်ပါရဂူ တန်းအထိ စာကြည့်တိုက်မှ ရည်ညွှန်းကိုးကား စာအုပ်စာတမ်းများ၊ အခြား သင်ထောက်ကူကိရိယာပစ္စည်းများဖြင့်   နိုးနိုးကြားကြား ကြိုးကြိုးစားစား သင်ယူနိုင်ကြသည်။   မိတ္တ ဗလအတွက်ဆိုလျှင်လည်း   အနယ်နယ်အရပ် ရပ်မှ  ပညာလာရောက်  သင်ကြားကြသည့် ကျောင်းသား  ကျောင်းသူမိတ်ဆွေများနှင့် အတူတကွ   တွေ့ဆုံပေါင်းသင်းဆက်ဆံကြ ရသည်။ စာရိတ္တမဏ္ဍိုင် ခိုင်ခံ့နိုင်ရန် အဆင့်မြင့် တက္ကသိုလ် ကျောင်းသား ကျောင်းသူကောင်း ပီသစွာ ကိုယ်ကျင့်တရားကို ထိန်းသိမ်းပြီး ကျောင်းစည်းကမ်း၊    အတန်းစည်းကမ်း၊ အဆောင်စည်းကမ်းများကို   လိုက်နာကြရ သည်။ စာသင် ဆရာ ဆရာမများ၊  အဆောင် မှူးများ၊ အဆောင်နည်းပြများ၊ အဆို၊ အက၊ ဂီတ နည်းပြဆရာ ဆရာမများ၊ အားကစား နည်းပြဆရာများ၏  အဆုံးအမ  သွန်သင် လမ်းပြမှုတို့ကို  ခံယူကြရသည်။ ထိုသို့သော ဗလလေးတန်နှင့်     ပြည့်စုံဖူလုံစေရန်  တက္က သီလာမြကျွန်းသာတွင် ပညာရည်နို့သောက် စို့ကြသူတိုင်း ခံယူကြိုးပမ်းကြရပါသည်။ ကျန် ရှိသော ‘ဘောဂဗလ’ မှာ    ပညာသင်ရွယ် ဖြစ်၍  စီးပွားရေးကို  ယာယီချန်လှပ်ထား ရခြင်း  ဖြစ်ပါသည်။

ဉာဏဗလ ဖွံ့ဖြိုးရေးအတွက်   အထောက် အကူပြုလုပ်ငန်းများဖြစ်ကြသော  မဂ္ဂဇင်း များ ထုတ်ဝေရေး၊  ဝါရင့်စာပေပညာရှင်ကြီး များ၊ သမိုင်းသုတေသီပညာရှင်၊ ဝါရင့်ရုပ်ရှင် ဂီတ အနုပညာရှင်များ၏ ဟောပြောပွဲများကို ဘာသာရပ်ဆိုင်ရာ အသင်းများက မကြာခဏ ဦးဆောင်ကျင်းပခြင်း၊   မဂ္ဂဇင်းစာစောင်များ ထုတ်ဝေခြင်းလုပ်ငန်းများတွင်    စာရေးသူ ပါဝင်ဆောင်ရွက်ခဲ့ရသဖြင့် ထိုစဉ်ကတည်းက ဝါရင့်စာပေပညာရှင်ကြီးများ၊  ပါမောက္ခချုပ် နှင့် ပါမောက္ခများ၊ သမိုင်းသုတေသီများ၊ ဝါရင့် ရုပ်ရှင်အနုပညာရှင်များနှင့်    ထဲထဲဝင်ဝင် ထိတွေ့ဆက်ဆံရ၍ ရင်းနှီးကျွမ်းဝင်ခဲ့ရသည်။ နှစ်စဉ်ထုတ်ဝေသည့်       နှစ်လည်မဂ္ဂဇင်း၊ ဘာသာရပ်ဆိုင်ရာ     မဂ္ဂဇင်းများမှာလည်း အရည်အသွေးမြင့်မားပြီး      မြိုင်ဆိုင်ဝေဆာ ခံ့ညားလှသည်။  ထူးခြားလှသည်မှာ  ရန်ကုန် တက္ကသိုလ် စိတ်ပညာအသင်းကြီးသည် ယခု တိုင် နာယကကြီး ဗိုလ်မှူးကြီးတင်လှိုင်(ငြိမ်း) (ယခင်ပြည်ထဲရေးဝန်ကြီး-ငြိမ်း)က ဦးဆောင် ၍ စိတ်ပညာမဂ္ဂဇင်းကို  ထုတ်ဝေလျက်ရှိသည့် အပြင်    အသင်းသူ အသင်းသားများအား လူမှုရေးအကူအညီများ ဖြည့်ဆည်းပေးလျက် ရှိသည်မှာ   အလွန်ဂုဏ်ယူအားရ အားကျဖွယ် ဖြစ်ပါသည်။

စာရေးသူ  ဌာနဆိုင်ရာအရာထမ်းဘဝ ဖြင့်   စတင်တာဝန်ထမ်းဆောင်ခဲ့ရာတွင်လည်း စာနယ်ဇင်းဆိုင်ရာ     ဌာနဖြစ်သောကြောင့် မဂ္ဂဇင်း၊ ဂျာနယ်၊   လုံးချင်း စာအုပ်စာတမ်းများ ထုတ်ဝေခြင်း၊   စာတမ်းများ   ရေးသားပြုစု ခြင်းတို့အတွက်    လိုအပ်သော    အထောက် အကူပြုစာအုပ်စာတမ်း၊   စာစောင်၊  ပေစာ အထောက်အထားများကို     တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်၊       ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နှင့် အမျိုးသား မော်ကွန်းတိုက် တို့ကို       အဓိကအားကိုး အားထားပြုရပါသည်။ ပညာပြည့်ဝ နှလုံးလှလျက်  ရှာဖွေလေ့လာသူ မှန်သမျှအား  စာပေပါရမီဖြည့်ဆည်းပေးရန်   အဆင်သင့်ဖြစ်နေကြသော    စာကြည့်တိုက် သုတေသီကြီးများဖြစ်ကြသည့် ဆရာဦးသိန်း ဟန်(ဆရာဇော်ဂျီ)၊  ဆရာ ဦးသော်ကောင်း၊ ဆရာမ ဒေါ်တင်အုန်းနွယ်၊    ဆရာမ ဒေါ်တင် ဝင်းရည်၊   ဆရာမ ဒေါ်နီနီနိုင်တို့အား အမြဲ အမှတ်ရ  ကျေးဇူးတင်ရှိနေရပါသည်။ (ဤ နေရာတွင် အမိရန်ကုန် တက္ကသိုလ်ကြီး၏   ပထမဆုံး    စာကြည့်တိုက်မှူးနှင့်   မြန်မာ့ အသံ၏ ပထမဆုံး ညွှန်ကြားရေးဝန် တာဝန် များကို  စတင်ထမ်းဆောင်ခဲ့သည့် ဆရာကြီး ဦးခင်ဇော်(ဆရာ k) ကို မမီလိုက်၍  ချန်ထား ခဲ့ရပါသည်။)

စာရေးသူသည်  ယခုအချိန်တိုင်အောင် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကြီးနှင့် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်ကြီးတို့နှင့် အဆက်မပြတ်ရှိနေသဖြင့်        အမိရန်ကုန် တက္ကသိုလ်ကြီး၏ ဥပဓိရုပ်နှင့် ပညာဝိညာဉ် တို့သည်  စာရေးသူ၏ နှလုံးသားတစ်နေရာ တွင် အစဉ်အမြဲနေရာယူထားသည်ဟု ဆိုချင် ပါသည်။    ထိုမျှ တက္ကသီလာ  မြကျွန်းသာ ကျောင်းတော်မဟာကို    နွေးထွေးခိုင်မြဲစွာ ခင်တွယ်မိပါသည်။ ယနေ့ ပစ္စက္ခ ကာလသည် “ပညာခေတ်” ဖြစ်ပေရာ  အမိမြန်မာပြည်ကြီး ၏      အဆင့်မြင့်ပညာရေးဗိမာန်ကြီးတစ်ခု  ဖြစ်သည့်   အမိရန်ကုန်တက္ကသိုလ်သည်လည်း နှစ်(၁၀၀) ပြည့်ကာလမှသည်   နောင်ကမ္ဘာ တည်သမျှ   ကြာရှည်ထာဝရ   “ကမ္ဘာ့အဆင့်မီ ပညာအခြေပြု  လူ့အဖွဲ့အစည်းကြီး” ဖြစ်လာ အောင် ဆတက်ထမ်းပိုး သယ်ပိုး ဆောင်ရွက် နိုင်ပါစေကြောင်း နှစ် (၁၀၀)ပြည့် ဆုတောင်း စကားဖြင့် ပန်ကြားတင်ပြအပ်ပါသည်။         ။

စာရေးသူ၏ 
ကိုယ်ရေးအကျဉ်း
---------------------
- အမည်ရင်း ဦးမောင်မောင်စန်း။
- ကလောင်အမည်များ  -  စန်းနီလာ ဝင်း၊    အယ်ဒီတာချုပ်တစ်ဦး၊    မောင်မောင်စန်း       (ရန်ကုန် တက္ကသိုလ်)၊   မောင်ပညာကျော်၊       သတင်းစာဆရာတစ်ဦး၊ သုတေသီ တစ်ဦး၊  စာရေးဆရာတစ်ဦး၊   လေ့လာသူတစ်ဦး၊ မောင်သမ္မာဒိဋ္ဌိ၊   ကိုစန်း   (စစ်ကွင်းမြေ)၊ ဆြာစန်း (နက္ခတ္တဗေဒနှင့် တိုင်းရင်းဆေး)၊ မောင်မီဒီယာ၊  ဂီတသုတေသီ တစ်ဦး၊ MMS ၊ MWD (အင်္ဂလိပ် ဆောင်းပါးများ) 
- ပညာအရည်အချင်း - M.AII, R.L, Diploma  in  Traditional Medicine. 
- စာပေတာဝန်များ  -  တက္ကသိုလ် များ မဂ္ဂဇင်းကော်မတီအတွင်း ရေးမှူး        (ရန်ကုန်တက္ကသိုလ်)၊ သတင်းစာကိုယ်စားလှယ်အဖွဲ့ ဝင်တစ်ဦးအဖြစ် ပြည်ပနိုင်ငံများ သို့  သွားရောက်ခဲ့သည်။  ရုပ်ရှင် စိန်ရတုသဘင်တွင် စာတမ်းပြုစု  ဖတ်ကြားသည့်    တာဝန်ကို   ထမ်းဆောင်ခဲ့သည်။   ရန်ကုန် တိုင်းဒေသကြီး    ဒဂုံမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ။