အောင် (တက္ကသိုလ်)
မြန်မာနိုင်ငံ၏ ဂုဏ်ဆောင်ဖြစ်သော ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ  ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ  ၁ ရက်နေ့တွင် နှစ်(၁၀၀)ပြည့်ခဲ့ပြီ ဖြစ်ပါသည်။ မြန်မာတစ်မျိုးသားလုံး အမြတ်တနိုး တန်ဖိုးထားခဲ့သည့် ရန်ကုန်တက္ကသိုလ်ကြီး၏ ဖြစ်တည်ခဲ့သော နှစ်(၁၀၀) ကာလတွင် ပညာအမွေပေးခဲ့သည်သာမက မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ ၎င်း၏ ကျေးဇူးတရားများသည် ကြီးမားရုံသာမက ဂုဏ်ဒြပ်သည်လည်း မြင့်မားလှပေသည်။
ရန်ကုန်တက္ကသိုလ်သို့  ဝင်လိုက်သည်နှင့်   အဓိပတိ လမ်းမကြီးက  ဆီးကြို၍နေသည်။  မန္တလေးဆောင်၊ တောင်ငူဆောင်၊ ဒဂုံဆောင်၊ ပဲခူးဆောင်၊ ရတနာဆောင်၊ အင်းလျားဆောင်၊ သီရိဆောင်   ဟူသော   အဆောင်များ၊ ဘွဲ့နှင်းသဘင်ခန်းမ၊    Recreation Centre   (RC)၊ သစ်ပုပ်ပင်၊ ဂျပ်ဆင်၊  စိန်ပန်းနီ၊  စိန်ပန်းပြာ ၊   ရေတမာပင်၊ အင်းလျားရေပြင် စသည်တို့ဖြင့် အားလုံးသူ့နေရာနှင့်သူ နေသားတကျရှိနေကြသည်။ ချစ်သူစုံတွဲများ ပျော်ရွှင်ရာ ခုံတန်းပြာလေးများသည်လည်း  တက္ကသိုလ်၏အလှကို ပနံရစေခဲ့ပါသည်။ 
ပန်းတို့သည်လည်း အကြိမ်ကြိမ်ပွင့်၍ အဆင့်ဆင့် ကြွေကာ အခါခါနွမ်းခဲ့လေပြီ။ ရွက်ဟောင်းတို့သည် ကြွေ၍ ရွက်သစ်တို့သည်  ဝေခဲ့လေပြီ။   ခေတ်ဟောင်းတို့သည် ပြောင်း၍ ခေတ်သစ်တို့သည်လည်း အစားထိုးဝင်ရောက် လာခဲ့လေပြီ။ ရန်ကုန်တက္ကသိုလ်သည်လည်း   ခေတ်ပေါင်း၊ စနစ်ပေါင်း များစွာကို ဖြတ်ကျော်ခဲ့ရပါသည်။ ကိုလိုနီ ခေတ်၊ ပါလီမန်ဒီမိုကရေစီခေတ်၊ တော်လှန်ရေးကောင်စီ ခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ တပ်မတော် အစိုးရခေတ်၊  ပါတီစုံဒီမိုကရေစီခေတ်    စသည်တို့ဖြင့် ဖြတ်သန်းခဲ့ရပေသည်။ ခေတ်ပေါင်း၊ စနစ်ပေါင်းများစွာကို ဖြတ်ကျော်ခဲ့ရသဖြင့် တက္ကသိုလ်သည် တည်ငြိမ်ရင့်ကျက် ၍ နေပေသည်။
တက္ကသိုလ်သည် ပညာလာရောက်သင်ကြားသူများ အား    ပညာအမွေပေးခဲ့ရုံသာမက    လူအချင်းချင်း ဆက်ဆံရေး (Human Relation)၊   လူမှုဆက်ဆံရေး (Social Relation)၊ မိမိကိုယ်မိမိယုံကြည်မှု (Self Confid-ence)၊ အားကစား (Sport)၊ အနုပညာနှင့်  ယဉ်ကျေးမှု (Art and Culture) စသည်တို့ကိုလည်း    ဖြည့်ဆည်း ပေးခဲ့ပါသည်။  တက္ကသိုလ်မှ   ထူးချွန်သော    နိုင်ငံ့ ခေါင်းဆောင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ သာမက စာပေ၊ အနုပညာရှင်ပေါင်းများစွာကို မွေးထုတ် ပေးခဲ့ပါသည်။   တက္ကသိုလ်သို့   တက်ရောက်လာရင်း တစ်ဦးနှင့် တစ်ဦး ခင်မင်ရင်းနှီးခဲ့ကြသည်။ မောင်ရင်းနှမ၊ ညီရင်းအစ်ကိုသဖွယ် ဖြစ်ခဲ့ကြသည်။ မိတ်ဆွေအပေါင်း အသင်းများ ဖြစ်ခဲ့ကြသည်။ မိတ်ဆွေ အပေါင်းအသင်းမှ တစ်ဆင့် စိတ်အနေပြောင်းရင်း ချစ်သွားကြသူများလည်း ရှိခဲ့ကြသည်။
တက္ကသိုလ်သည်   ပျော်ရွှင်ဖွယ်၊   ကြည်နူးဖွယ်၊ လွမ်းမောဖွယ်၊ တမ်းတဖွယ်၊ သတိရဖွယ်တို့နှင့် ပြည့်စုံ ခဲ့ကြသည်။ တက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမကြီးသည် လည်း လောကဓံ၏  ရိုက်ခတ်မှုများကို နှစ်ပေါင်းများစွာ ခံစားခဲ့ပြီးဖြစ်သဖြင့်   တည်ငြိမ်ရင့်ကျက်၍နေပြီဖြစ်ပါ သည်။ သူသည်  တက္ကသိုလ်မှ အဖြစ်အပျက်များကိုလည်း ကြည်နူး၍   ပြုံးပြီး  ကြည့်နေပေလိမ့်မည်။  သို့ရာတွင် တစ်ခါတစ်ရံတော့ ၎င်းထံမှ ရှိုက်သံလိုလို သဲ့သဲ့တစ်ချက် လောက်တော့ ကြားကောင်းကြားရပါလိမ့်မည်။
ရန်ကုန်တက္ကသိုလ်ကို ချဉ်းကပ်လေ့လာခြင်း
တက္ကသိုလ်ဟူသော ဝေါဟာရသည် မြန်မာလူမျိုးတို့ အဖို့ အသစ်အဆန်း မဟုတ်ပေ။ ပုံဝတ္ထုများနှင့် ဗုဒ္ဓကျမ်း များကို ဖတ်ဖူးသူတိုင်း “တက္ကသိုလ်” ဟူသော ဝေါဟာရနှင့် ယဉ်ပါးပြီး    ဖြစ်နေသည်။   အချို့က     အိန္ဒိယနိုင်ငံရှိ တက္ကသီလာမြို့မှ    စတင်   တည်ထောင်သောကြောင့် တက္ကသိုလ်ကျောင်းဟု အစွဲပြုခေါ်ဝေါ်ကြသည်ဟု ယူဆ ကြသည်။ အချို့ကမူ  တက္ကသိုလ်ဟူသည်   ပါဠိဘာသာ စကား သက်သက်ဖြစ်ပြီး တက္က-အထူးထူးအပြားပြား ကြံစည်ခြင်း၊ သီလ-အကျင့်၊ အထူးထူးအပြားပြား  ကြံစည် လုပ်ကိုင်ခြင်း အတတ်သင်ကြားရာဌာနဟုလည်း ယူဆကြ သည်။ 
ရန်ကုန်တက္ကသိုလ်သည်  ၁၉၂၀    ပြည့်နှစ်တွင်မှ ပေါ်ပေါက်ခဲ့သော်လည်း ထိုကာလမတိုင်မီကပင် မြန်မာ နိုင်ငံတွင် တက္ကသိုလ်ပေါ်ပေါက်ရေးအတွက်    ကြိုးစား အားထုတ်ခဲ့သော အခြေခံအကြောင်းရင်းများ ရှိပြီးဖြစ်ပါ သည်။ ရန်ကုန်တက္ကသိုလ် စတင်ဖြစ်ပေါ်ခဲ့သည့် သမိုင်း ကြောင်းကို   ပြန်ကြည့်မည်ဆိုလျှင်   ကိုလိုနီခေတ်တွင် ၁၉၂၀  ပြည့်နှစ် မတိုင်ခင်  မြန်မာနိုင်ငံမှာ   ကိုယ်ပိုင် တက္ကသိုလ်မရှိဘဲ ကာလကတ္တားတက္ကသိုလ်လက်အောက် ခံ ရန်ကုန်ကောလိပ်နဲ့ အမေရိကန်ဘက်ပတစ် သာသနာ ပြုအဖွဲ့၏ ဘက်ပတစ်ကောလိပ် (Baptist College) သာ ရှိခဲ့ပါသည်။ ဘက်ပတစ်ကောလိပ်ကို နောင်အခါမှာတော့ ဂျပ်ဆင်ကောလိပ် (ယုဒသန်ကျောင်းတိုက်) သို့  အမည် ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။   မြန်မာနိုင်ငံမှာ    ၁၉၂၀ ပြည့်နှစ် မတိုင်ခင်       အဆင့်မြင့်ပညာသင်ယူနိုင်ရန် တက္ကသိုလ်ဆိုတာ မရှိခဲ့ဘဲ ရန်ကုန်ကောလိပ်နဲ့ ဂျပ်ဆင် ကောလိပ်တို့သာ ရှိခဲ့ပါသည်။ နောင်တွင် ရန်ကုန်ကောလိပ် မှ ယူနီဗာစီတီကောလိပ်သည်  ပေါက်ဖွားလာခဲ့ပါသည်။ မြန်မာအမျိုးသားခေါင်းဆောင်များနှင့်  မြန်မာပြည်သူ တစ်ရပ်လုံးက မြန်မာနိုင်ငံမှာ ကာလကတ္တားတက္ကသိုလ် ၏ လောင်းရိပ်က လွတ်ကင်းရန်အတွက်   နိုင်ငံပိုင်သီးခြား တက္ကသိုလ်တစ်ရပ်   ပေါ်ပေါက်လာရန်   တောင်းဆိုပြီး ထိုတောင်းဆိုမှုသည်   အရှိန်အဟုန်   မြင့်မားလာသည့် အတွက် ၁၉၂၀  ပြည့်နှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှာ  ရန်ကုန်ကောလိပ် (ယူနီဗာစီတီကောလိပ် - University College ) နှင့် ဂျပ်ဆင်ကောလိပ် ( Judson College )တို့ ပူးပေါင်းပြီး ရန်ကုန်တက္ကသိုလ်ကို တည်ထောင်ပေးခဲ့ ပါသည်။
ရန်ကုန်တက္ကသိုလ်ကို   စတင်တည်ထောင်စဉ်က ဝိဇ္ဇာပညာရပ်အချို့ကိုသာ  သင်ကြားပေးနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ပညာရပ်နယ်ပယ်များ ကျယ်ပြန့်လာပြီး ကောလိပ်များ ပွားများခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်ကို အခြေခံပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ တက္ကသိုလ်၊ ကောလိပ်များ   ပေါ်ပေါက်လာသည်ဖြစ်သည့်အတွက် ရန်ကုန်တက္ကသိုလ်သည်     တက္ကသိုလ်များအားလုံး၏ အဓိကကျောရိုး (Backbone ) ဖြစ်သည်ကို တွေ့ရှိရ ပါသည်။
အမျိုးသားရေးစိတ်ဓာတ် နိုးကြားလာခြင်းနှင့် လွတ်လပ်ရေးကြိုးပမ်းမှုကာလ
ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို အတည်ပြုချက် ရယူပြီးနောက် ၁၉၂၀  ပြည့်နှစ် ဒီဇင်ဘာလ  (၁)  ရက် နေ့မှစ၍ စတင်အသုံးပြုပြီး  အကောင်အထည်ဖော်ရန် ပြဋ္ဌာန်းလိုက်သဖြင့် ရန်ကုန်တက္ကသိုလ်သည် ပေါ်ပေါက် လာခဲ့ပါသည်။ မြန်မာပြည်သူတို့အနေဖြင့်   နှစ်ပေါင်း များစွာ တောင်းဆိုခဲ့ကြသော  သီးခြားတက္ကသိုလ်အဖြစ် ရန်ကုန်တက္ကသိုလ်      ပေါ်ပေါက်လာခဲ့သော်လည်း တက္ကသိုလ်အက်ဥပဒေပါ အချက်အလက်များကို မြင်တွေ့ သည့်အခါ ဆန့်ကျင်မှုများ ပြုလုပ်လာကြပါသည်။
အက်ဥပဒေပါအချက်များအနက်    ကျောင်းသား ကျောင်းသူများကို  အဆောင်များတွင်သာ  နေထိုင်ကာ ပညာသင်ကြားရမည့်စနစ် (Residential College) ပါဝင် ပြီး  တက္ကသိုလ်ဝင်ခွင့်ရသော  ကျောင်းသားများသည် Preliminary ခေါ် အကြိုတန်းတွင် တစ်နှစ်ပိုနေရသဖြင့် ဘွဲ့ရသည်အထိ  (၅)  နှစ်   ပညာသင်ကြားရမည်ဖြစ်ရာ ငွေကုန်ကျမှုများပြီး အချိန်လည်း ပိုကုန်မည်ဖြစ်ပါသည်။
ကျောင်းသားထုတစ်ရပ်လုံးက     ရန်ကုန်တက္ကသိုလ် အက်ဥပဒေပါ  အချက်အလက်များကို   ပြင်ဆင်ပေးရန် လေးလေးနက်နက်တောင်းဆိုခဲ့သော်လည်း   ဗြိတိသျှ အစိုးရက  လိုက်လျောခြင်းမရှိသဖြင့်   ၁၉၂၀  ပြည့်နှစ်၊ ဒီဇင်ဘာလ (၅) ရက် (၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့် ကျော် ၁၀ ရက်) နေ့တွင် ကောလိပ်ကျောင်းသားများသည် သပိတ်တိုက်ပွဲ  ဆင်နွှဲခဲ့ရာ   မြန်မာနိုင်ငံ၏   ပထမဆုံး တက္ကသိုလ်ကျောင်းသား သပိတ်ကြီးပေါ်ပေါက်လာခဲ့ရပါ သည်။ အဆိုပါသပိတ်မှာ ပညာရေးသဘော သက်သက် ပါသော သပိတ်မဟုတ်ဘဲ နိုင်ငံ၏ လွတ်လပ်ရေးအတွက် အမျိုးသားရေးစိတ်ဓာတ် နိုးကြားစေခဲ့ပြီး အဆိုပါ နေ့ရက် ကို အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်ခဲ့၍ ယနေ့ အထိ ကျင်းပလျက်ရှိပါသည်။ 
၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁) ရက်နေ့တွင် ရန်ကုန် တက္ကသိုလ်အက်ဥပဒေအရ    ယူနီဗာစီတီကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်တို့ကို     ဖွင့်လှစ်ပေးသော်လည်း ကောလိပ်အဆောက်အအုံဟူ၍ ဘာမှမရှိသေးပါ။ ယနေ့ လက်ရှိ ရန်ကုန်တက္ကသိုလ် အဆောက်အအုံများ တည်ရှိရာ နေရာမှာ ထိုစဉ်က   သစ်ပုပ်ပင်၊  မရန်းပင်၊  သရက်ပင်၊ သစ်တိုပင်၊ ကုက္ကိုပင်ကြီးများ ပေါက်နေပြီး တောရိုင်း တိရစ္ဆာန် အများအပြား ခိုအောင်းရာ မြေဧက (၄၀၀)ကျော် အကျယ်အဝန်းရှိသည့် တောနက်ကြီး ဖြစ်နေသေးသဖြင့် အဆောက်အအုံများ  ဆောက်လုပ်ရန်   အချိန်ပေးရမည် ဖြစ်ပါသည်။ သို့ပါ၍ ယူနီဗာစီတီကောလိပ်ကို ရန်ကုန်မြို့၊ ကော်မရှင်နာလမ်း  (ယခုဗိုလ်ချုပ်လမ်း) ၊   ရန်ကုန်ဆေးရုံ ကြီးရှေ့ရှိ  ရန်ကုန်ကောလိပ်ကျောင်း၌လည်းကောင်း၊ ဂျပ်ဆင်ကောလိပ်ကို အလုံ ၊ အောက်ကြည့်မြင်တိုင် လမ်းရှိ ကူရှင်အထက်တန်းကျောင်း၌လည်းကောင်း    ယာယီ ဖွင့်လှစ်သင်ကြားခဲ့ရပါသည်။ ယာယီဟုဆိုသော်လည်း (၁၀)နှစ်ကျော်ခန့် ကြာခဲ့ပါသည်။ 
ထိုစဉ်က   ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီးမှာ မစ္စတာဒီဂျေစလော့စ် (D.J Sloss) ဖြစ်ပြီး ကျောင်းသားများ အား ဖိနှိပ်ချုပ်ချယ်သည်ကို မြင်တွေ့ရသဖြင့် ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ၊   ကျောင်းသားခေါင်းဆောင်    ကိုနုသည်  ကျောင်းသားထုအား    ပြောကြားသည့်    မိန့်ခွန်း၌ ကျောင်းအုပ်ကြီး   မစ္စတာစလော့စ်အား  ထိခိုက်သည့် စကားလုံးများ ပါသွားသဖြင့် ကိုနုအား ကျောင်းမှထုတ်ပစ် လိုက်သည်။ တစ်ဖန်သမဂ္ဂ၏ အာဘော်ဖြစ်သော  အိုးဝေ မဂ္ဂဇင်း၌ ကျောင်းသားကိုသိန်းတင်  (ညိုမြ)  ရေးသည့် ငရဲခွေးကြီးလွတ်နေပြီ    (Hell - hound at large)  ဆောင်းပါးပါလာပြန်ရာ တက္ကသိုလ်အာဏာပိုင်  တစ်ဦး အား စောင်းမြောင်းပြီး ရေးထားသည့်အတွက် ကျောင်းအုပ် ကြီး မစ္စတာစလော့စ်က အိုးဝေအယ်ဒီတာ  ကိုအောင်ဆန်း အား ဆောင်းပါးရေးသူအမည်ကို ဖော်ထုတ်ရန် တောင်းဆို သည့်အခါ ကိုအောင်ဆန်းက စာနယ်ဇင်းကျင့်ဝတ်အရ ရေးသူအမည် မဖော်နိုင်ဟု ငြင်းဆိုလိုက်သည်။ ဤတွင် ကျောင်းအုပ်ကြီး မစ္စတာစလော့စ်သည် ကိုအောင်ဆန်းကို ကျောင်းထုတ်ပစ်လိုက်သောအခါ     ဒုတိယတက္ကသိုလ် ကျောင်းသားသပိတ်ကြီးသည် ၁၉၃၆ ခုနှစ်  ဖေဖော်ဝါရီ လကုန်၌   ပေါ်ပေါက်လာခဲ့ပြီး  ရက်ပေါင်းအတော်ကြာ ဆန္ဒပြခဲ့ပါသည်။
သပိတ်လှန်ပြီးနောက်  ကိုနုနှင့်  ကိုအောင်ဆန်းတို့ နှစ်ဦးသည်   တို့ဗမာအစည်းအရုံးသို့   ဝင်ရောက်ကာ နိုင်ငံရေးနယ်ပယ်ထဲသို့ ခြေစုံပစ်ဝင်ခဲ့ကြပေသည်။ ကိုနုက ဘဏ္ဍာရေးမှူး၊ ကိုအောင်ဆန်းက အထွေထွေအတွင်းရေး မှူးအဖြစ် ဆောင်ရွက်ရင်း  သခင်နုနှင့် သခင်အောင်ဆန်း ဘဝခံယူကာ တို့ဗမာအစည်းအရုံးဝင်သခင်များ ဖြစ်သွား ကြလေသည်။ ကိုအောင်ဆန်းနှင့် ကိုနုတို့  တက္ကသိုလ်၌ မရှိသောအခါ ကိုဗဟိန်းက ဥက္ကဋ္ဌ၊ ကိုဗဆွေက  အတွင်း ရေးမှူးအဖြစ်  ဆောင်ရွက်ရင်း  သမဂ္ဂသည်   နိုင်ငံရေး စိတ်ဓာတ်တက်ကြွသော ကျောင်းသားများနှင့်   အင်အား ကြီးမားလာခဲ့သည်။
၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာလဆန်းတွင် ချောက်ရေနံမြေမှ အလုပ်သမားထုကြီးသည် အလုပ်သမား အခွင့်အရေးများ တောင်းဆိုရန် ဆန္ဒပြ၍ ရန်ကုန်မြို့သို့ ခရီးရှည် ချီတက်လာ သည့်အခါ ကိုဗဟိန်းနှင့်ကိုဗဆွေတို့ နှစ်ဦးသည်  အလုပ် သမားတပ်ကြီးကို  ကြိုဆိုရန် မကွေးသို့ အသွား ကိုဗဟိန်း က တရားဟောပြောရာတွင် “မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်း  တောက်စေရမည်”   ဟု    ရဲရဲတောက် ကြွေးကြော်သံကြောင့် မကွေးခရိုင်ရာဇဝတ်ဝန် အမိန့်ဖြင့် မကွေးပုလိပ်များက သူတို့နှစ်ဦးအား ဖမ်းဆီးထိန်းသိမ်း လိုက်တော့သည်။
၁၉၃၈  ခုနှစ်၊ ဒီဇင်ဘာလ ၂၀  ရက်နေ့တွင် ရန်ကုန် မြို့ပေါ်ရှိ ကျောင်းပေါင်းစုံမှ ကျောင်းသား ကျောင်းသူများ သည် ကိုဗဟိန်းနှင့်  ကိုဗဆွေတို့ကို   ပြန်လွှတ်ပေးရန် အတွင်းဝန်များရုံးကြီးကို   ဝိုင်းဝန်းပိတ်ဆို့  ဆန္ဒပြရာ တွင်    ဂျပ်ဆင်ကောလိပ်ကျောင်းသား     ခေါင်းဆောင် ကိုအောင်ကျော်  ကျဆုံးခဲ့ပြီး  ဤအရေးအခင်းသည် တတိယကျောင်းသားသပိတ်ကြီး    ဖြစ်ပွားသည်အထိ  ကြီးမားကျယ်ပြန့်သွားခဲ့သည်။ မြန်မာပြည်သူများ (အထူး သဖြင့် နိုင်ငံရေးခေါင်းဆောင်များ)   သည်  ၁၃၀၀    ပြည့်  အလုပ်သမား၊  လယ်သမား၊ ကျောင်းသားအရေးတော်ပုံ ကာလအတွင်း  ခံစားခဲ့ရသော   အတွေ့အကြုံများကြောင့် ကိုလိုနီနယ်ချဲ့အစိုးရအား  အနုနည်းဖြင့်    တိုက်ပွဲဝင်၍မရ၊ လက်နက်ကိုင်တော်လှန်မှ ဖြစ်မည်ဟူသော အသိစိတ်ဝင် ခဲ့ပြီး လက်နက်ကိုင် တော်လှန်တိုက်ပွဲဝင်ရန် နည်းလမ်း ရှာကြတော့သည်။
၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ဒုတိယကမ္ဘာစစ်ကြီး မြန်မာနိုင်ငံသို့    ကူးစက်လာပြီး    ရန်ကုန်တက္ကသိုလ် ကြီးကို      ရက်အကန့်အသတ်မရှိ       ပိတ်လိုက်သဖြင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ) လုပ်ငန်းများလည်း   ရပ်ဆိုင်းကုန်တော့သည်။  ၁၉၃၆  ခုနှစ်မှ ၁၉၄၁  ခုနှစ်  နယ်ချဲ့ဆန့်ကျင်ရေး၊   ဖက်ဆစ် တော်လှန်ရေး၊ လွတ်လပ်ရေးတိုက်ပွဲများတွင် ဦးဆောင် ပါဝင်ခဲ့သော  ကိုနု၊  ကိုအောင်ဆန်း၊  ကိုကျော်ငြိမ်း၊ ကိုသိန်းဖေ၊ ကိုလှဖေ၊ ကိုလှမောင်၊ ကိုဗဟိန်း၊ ကိုဗဆွေ တို့လို နိုင်ငံ့ခေါင်းဆောင်များအား ဤသမဂ္ဂအသင်းကြီးမှ မွေးထုတ်ပေးခဲ့ခြင်းပင် ဖြစ်လေသည်။  
ရန်ကုန်တက္ကသိုလ်၏ ဂုဏ်ဒြပ်သည် ကြီးမားရုံသာ မက မြန်မာတစ်မျိုးသားလုံးက အမြတ်တနိုး တန်ဖိုးထား ခဲ့ကြသည်။ ဤတက္ကသိုလ်မှ   အမျိုးသားခေါင်းဆောင် သာမက တပ်မတော်၏   ဖခင်လည်းဖြစ်သော   မြန်မာ့ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနှင့်  မြန်မာ တစ်မျိုးသားလုံး သူ့ကျွန်ဘဝမှ  လွတ်မြောက်ရေးအတွက် အသက်တစ်မျှ အရေးကြီးသည့်  အောင်ဆန်း-အက်တလီ စာချုပ် ချုပ်ဆိုပြီးနောက်ပိုင်း နု-အက်တလီစာချုပ်ကို     လက်မှတ်ရေးထိုးခဲ့သည့်   လွတ်လပ်ရေးရပြီးကာလ မြန်မာနိုင်ငံ၏   ပထမဆုံးဝန်ကြီးချုပ်လည်းဖြစ်သော သခင်နုတို့သာမက   ဦးကျော်ငြိမ်း၊   ဦးဗဆွေနှင့်   အခြား နိုင်ငံ ရေးခေါင်းဆောင်များကို   မီးရှူးသန့်စင်ပေးနိုင်ခဲ့သည်။ လွတ်လပ်ရေးပျောက်ပါက  အမျိုးဘာသာ၊  သာသနာပါ ပျောက်သွားမည်ဖြစ်သဖြင့်    ဤတက္ကသိုလ်မြေသည်    ဘူမိနက်သန် အမှန်ပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံ လွတ်လပ် ရေးအတွက် အရေးပါသော နိုင်ငံ့ခေါင်းဆောင်များသာမက တစ်ကမ္ဘာလုံးက   လေးစားအသိအမှတ်ပြုရသော     ကုလ သမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်   ဦးသန့်နှင့်   အခြား   နိုင်ငံ့ခေါင်းဆောင်များ၊  တပ်မတော်ခေါင်းဆောင်များ၊ အသိပညာရှင်၊    အတတ်ပညာရှင်ပေါင်းများစွာကို မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ တက္ကသိုလ်၏ ဂုဏ်ဒြပ်သည် ကြီးမားလှပေသည်။
ရန်ကုန်တက္ကသိုလ်နှင့် ကျွန်တော်
ကျွန်တော်သည် ရန်ကုန်တက္ကသိုလ်နှင့်  ငယ်စဉ် ကလေးဘဝကတည်းက    ရင်းနှီးခဲ့ပြီး   ဖြစ်ပါသည်။ ကျွန်တော်တို့ မိသားစုသည် ငယ်စဉ်က အဘိုးတို့အိမ်တွင် ကြီးပြင်းခဲ့ကြသည်။ အဘိုးအိမ်များမှာ ရန်ကုန်တက္ကသိုလ် နားတွင်ရှိသည့် ပြည်လမ်းရှိ ပြည်ကျောင်းဆောင်နှင့် တကောင်းကျောင်းဆောင်ရှေ့တွင် အိမ်ချင်းကပ်လျက် တည်ရှိနေကြပါသည်။  ဖခင်ဘက်က အဘိုးမှာ သီရိပျံချီ ဒုတိယ ဗိုလ်မှူးကြီး ဦးသိန်း (အငြိမ်းစား စာတိုက်မင်းကြီး) ဖြစ်ပြီး မိခင်ဘက်မှ  အဘိုးမှာ  သီရိပျံချီ ဦးသန်းစိန် (လွတ်လပ်ရေးမော်ကွန်းဝင်  ပထမဆင့်)   အငြိမ်းစား ပါလီမန်အတွင်းဝန်တို့  ဖြစ်ပါသည်။ အဘိုး (၂) ဦးသည် နိုင်ငံ့တာဝန်၊ နိုင်ငံ၏ လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သဖြင့် လွတ်လပ်ရေးရပြီး  နောက်ပိုင်းတွင် နိုင်ငံတော်အစိုးရက သီရိပျံချီဘွဲ့များ အပ်နှင်းခဲ့ခြင်းဖြစ်ပါ သည်။
ကျွန်တော်သည်   ပြည်လမ်းမရှိ  အဘိုးခြံများတွင် နေထိုင်ကြီးပြင်းခဲ့ရသည်။  ဒါ့အပြင်   အဘိုးများသည် အငြိမ်းစားများဖြစ်ပြီး အပိုဝင်ငွေရရန်အတွက် ထိုအချိန်က ဘော်ဒါဆောင်များဖွင့်၍ ငှားထားပါသည်။ တစ်ဖက်တွင် အမျိုးသားဘော်ဒါဆောင်ဖွင့်၍ အခြားတစ်ဖက်ခြံတွင် အမျိုးသမီးဘော်ဒါဆောင်   ဖွင့်ထားကြပါသည်။   အချို့ တက္ကသိုလ်ကျောင်းသား ကျောင်းသူများသည် အဆောင် များတွင် ငှားနေကြသဖြင့်   ကျွန်တော်သည်   ငယ်စဉ် ကတည်းက တက္ကသိုလ်ကျောင်းသားများနှင့် ရင်းနှီး၍နေခဲ့ ပါသည်။ ရန်ကုန်တက္ကသိုလ်၊ ဆေးတက္ကသိုလ်(၁)ရန်ကုန် တို့သည် မိမိတို့အိမ်နားတွင်ရှိသဖြင့် ငယ်စဉ်ကတည်းက ဆေးတက္ကသိုလ် (၁) ရန်ကုန်ရှိ လိပ်ခုံးခန်းမတွင် ဆော့ ကစားခဲ့ကြသည်။ ရန်ကုန်တက္ကသိုလ်ရှိ အဓိပတိလမ်းမကို ဖြတ်လျှောက်၍  ဘွဲ့နှင်းသဘင်ခန်းမဘေးမှတစ်ဆင့် အင်းလျားကန်သို့ ရေသွားကူးခဲ့ကြသည်။ကျွန်တော်သည် ၁၉၇၇  ခုနှစ်တွင် အ.ထ.က (၁) လမ်းမတော် (ယခင် စိန်ဂျွန်းကျောင်း)မှ အခြေခံပညာအထက်တန်းအောင်မြင် ခဲ့ပါသည်။ ကျွန်တော်၏  သူငယ်ချင်းမှာ   ကိုဖိုးကောင်း ဖြစ်ပြီး ဒေါက်တာဖိုးကောင်းမှာ  ယခုအခါ   ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပြီး တက္ကသိုလ်ကြီး၏ နှစ်(၁၀၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဖွင့်လှစ်ပေးနိုင်ခဲ့သဖြင့် ကျွန်တော်သည် သူငယ်ချင်းအတွက် ဂုဏ်ယူမိပါသည်။
ကျွန်တော်တို့ခေတ်တွင်   (၁၀)  တန်းအောင်လျှင် တက္ကသိုလ်များကို တိုက်ရိုက်တက်ရသော စနစ်မဟုတ်ဘဲ ဒေသကောလိပ်တွင်  (၂)နှစ်တက်၍ (၁၀) တန်းအမှတ်၊ ဒေသကောလိပ် ပထမနှစ် အမှတ်၊ ဒုတိယနှစ်အမှတ်များကို ပေါင်းပြီး  တစ်ဘာသာအတွက် Average အမှတ်ယူ၍ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခြင်းအား  ယှဉ်ပြိုင်၍ ခွင့်ပြုပေးခြင်းဖြစ်ပါသည်။  ဒုတိယနှစ်တွင်   လုပ်ငန်း အတတ်ပညာတစ်ခုကို မိမိတို့စိတ်ကြိုက် ရွေးချယ်သင်ယူ ရပါသည်။ ထိုအချိန်က   ၎င်းဒေသ   ကောလိပ်များကို Regional College (RC) ဟုခေါ်ပြီး ကျွန်တော်သည် Regional 2nd batch   တွင်    ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေဖြစ်သော RC-2 ၌ တက်ရောက်   ပညာ သင်ကြားခဲ့ပါသည်။ ထိုစဉ်က ကျွန်တော်၏ သူငယ်ချင်းမှာ ကိုကျော်သူဖြစ်ပြီး ယခုအခါ စီးပွားရေးလုပ်ငန်းများတွင် အောင်မြင်နေပြီ ဖြစ်ပါသည်။  ကျွန်တော်သည်  ဒုတိယနှစ် တွင် ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းအတတ်ပညာကို သင်ယူ ခဲ့ပါသည်။ ကျွန်တော်တို့(၁၀)တန်း အောင်စဉ်က  ဒေသ ကောလိပ်တက်လျှင်   Bio  တွဲနှင့်   Maths   တွဲ ဟူ၍ (၂) မျိုးခွဲထားပါသည်။ Bio တွဲတွင် ဆေးတက္ကသိုလ်မှစ၍ အခြားအသက်မွေးဝမ်းကျောင်း   တက္ကသိုလ်အများစု ရှိပါသည်။ Maths တွဲတွင် စက်မှုတက္ကသိုလ်နှင့် စီးပွားရေး တက္ကသိုလ်တို့သာ အသက်မွေးဝမ်းကျောင်း တက္ကသိုလ် များရှိသည်။ ကျောင်းသားအများစုသည်   ကျွန်တော် အပါအဝင် Bio   တွဲယူလိုက်သဖြင့်  Bio   တွဲတွင် ကျောင်းသားများစုပြီး  ထိုအချိန်က   ဆေးတက္ကသိုလ် ဝင်ခွင့်အမှတ်မှာ တစ်ဘာသာ ပျမ်းမျှ (၈၀.၁၁) မှတ် ဝန်းကျင်ခန့်  ဖြစ်သွားသည်။   ကျွန်တော်သည်လည်း ပျမ်းမျှ (၇၄)မှတ် ဝန်းကျင်ခန့်နှင့် Geology ဘာသာရပ် ကို နောက်ဆုံးအုပ်စုမှကပ်၍ ဝင်ခွင့်ရခဲ့ပါသည်။

365


ကျွန်တော်တို့ အချိန်ကာလတွင် ရန်ကုန်တက္ကသိုလ်ဟု မခေါ်ဘဲ ဝိဇ္ဇာနှင့်  သိပ္ပံတက္ကသိုလ်၊ ရန်ကုန် (Rangoon Arts and Science University – RASU)    အဖြစ် သတ်မှတ်ထားသဖြင့် ကျွန်တော်သည် RASU ရှိ ဘူမိဗေဒ ဘာသာရပ်ကို   တတိယနှစ်နှင့်    စတုတ္ထနှစ်တို့တွင် တက္ကသိုလ်နယ်မြေရှိ မန္တလေးဆောင်၌ သင်ကြားခဲ့ရပါ သည်။ ထိုစဉ်က Geology ဘာသာရပ်တွင် အမျိုးသား များသာ လက်ခံပြီး ကျောင်းသား (၂၀၀) ခန့် လက်ခံခဲ့ရာ  Bio တွဲက ကျောင်းသား   (၁၀၀)  ခန့်၊ Maths တွဲက ကျောင်းသား (၁၀၀) ခန့် သင်ကြားရပါသည်။ ဘူမိဗေဒ ဘာသာရပ်သည်   မြေအောက်ရှိ   ကျောက်လွှာများ၏ ဆက်စပ်တည်ရှိမှုကို သုံးသပ်ရသဖြင့် တွေးခေါ်မြော်မြင်မှု ပိုင်းဆိုင်ရာဖြစ်သော way of thinking ဘာသာရပ်ဖြစ်ပြီး မြေအောက်ရှိ  ရေနံ၊ သဘာဝဓာတ်ငွေ့၊   ကျောက်မျက် ရတနာ၊  ရေနှင့်  သယံဇာတများ၊   သတ္တုသိုက်များကို ရှာဖွေပေးနိုင်စွမ်းရှိသော     ဘာသာရပ်ဖြစ်ပါသည်။ ထိုအချိန်က ဘူမိဗေဒပါမောက္ခမှာ ဦးဘသန်းဟက် ဖြစ်ပြီး ဆရာ ဆရာမများမှာ ဦးစီသက်ပေါ၊  ဦးဉာဏ်သင်း၊ ဦးသော်တင့်၊ ဦးမေတ္တာ၊ ဦးမင်းဆွေ၊ ဒေါက်တာကိုကို၊ ဒေါက်တာမောင်သင်း၊ ဒေါက်တာကျော်ကျော်၊ ဒေါက်တာ တင်သိန်း၊ ဒေါက်တာဖေမောင်သန်း၊ ဒေါက်တာဝင်းနိုင်၊ ဒေါက်တာဒေါ်ရင်ရင်နွယ်၊ ဦးတင်ကျော်သန်း၊ ဦးတင်မောင် ညွန့်နှင့် အခြားဆရာ ဆရာမများ ဖြစ်ပါသည်။ ကျွန်တော် သည်   ဒေါက်တာဖေမောင်သန်း   သင်ကြားခဲ့သော Stratigraphy  (ထရဗေဒ) ဘာသာရပ်အား   အလွန် စိတ်ဝင်စားပါသည်။ ၎င်းဘာသာရပ်သည် ကမ္ဘာမြေကြီး တွင် ကျောက်များ အလွှာလိုက်  ဆက်စပ်တည်ရှိနေပုံကို  လေ့လာရသော   ဘာသာရပ်ဖြစ်ပြီး   ဆရာသည်လည်း သင်ကြားရာတွင်လည်း ရှင်းလင်းပြတ်သားမှု ရှိခဲ့ပါသည်။
ကျွန်တော်  မှတ်မိနေသည်မှာ  ဆရာများက roll-call ခေါ်ရာတွင် ကျွန်တော်တို့    အလှည့်ရောက်သောအခါ ဆရာက  သန်းစောဦး၊   သန်းထွန်းဦး၊  ဇော်ဝင်းဦး၊ အောင်မြတ်ဦး စသည်ဖြင့် ခေါ်ဆိုရာတွင် ကျောင်းသား တစ်ဦးက  မော်တော်ဘုတ်များလာပြီဟု   ပြောလိုက်ရာ အားလုံး 'ဝါး' ခနဲ  ဝိုင်းရယ်ကြပါသည်။  ကျွန်တော်တို့၏ အမည်များသည် ထိုစဉ်က ခရီးသည်တင် မော်တော်ဘုတ် အမည်များနှင့်      ခပ်ဆင်ဆင်တူနေသောကြောင့် ကျောင်းသားများ   နောက်ပြောင်ကြခြင်း   ဖြစ်ပါသည်။ ကျောင်းတွင် Day  ကျောင်းသားနှင့်    အဆောင်နေ ကျောင်းသားများဟူ၍ ရှိသည်။ ကျွန်တော်သည် အိမ်မှ ကျောင်းတက်သဖြင့် Day ကျောင်းသားသာ ဖြစ်သည်။ ကိုမြင့်ဇော်၊ ကိုမျိုးဝင်း၊  ကိုကို၊  ကိုမောင်မောင်ကျော်၊ ကိုတိုးလွင်နှင့်   အခြားသူငယ်ချင်းများတို့သည်  Day ကျောင်းသားများ   ဖြစ်ကြသည်။    ကိုသန်းစောဦး၊ ကိုသန်းထွန်းဦး၊   ကိုမော်ထွဋ်ဝင်း၊    ကိုတင်မောင်၊ ကိုသန်းဦး၊ ကိုအောင်ခိုင်သန်းနှင့်  အခြားသူငယ်ချင်း အချို့သည် အဆောင်နေ ကျောင်းသားများ ဖြစ်ကြသည်။ အဆောင်နေ   ကျောင်းသားများသည်  ဆရာကြီးများ ဖြစ်ကြသည်။ ကျွန်တော်တို့ Day ကျောင်းသားများသည် Lecture များ  မရှင်းလင်းလျှင် အဆောင်သို့ သွား၍ လေ့လာသင်ယူကြရသည်။ အဆောင်နေ ကျောင်းသားများ က ရှင်းလင်းပြောပြပါသည်။ 
ကျွန်တော့်သူငယ်ချင်းများတွင်   သူဌေးသားအချို့ လည်းပါသည်။ စီးပွားရေးသမားများလည်း ပါ၏။ ပိုက်ဆံ ကို အထပ်လိုက် သုံးနိုင်သူများလည်းရှိသည်။ ကျွန်တော်မှာ ဖခင်သည် ဝန်ထမ်းဖြစ်သဖြင့် ၎င်းတို့ကဲ့သို့ ငွေကြေးကို များများမသုံးနိုင်၊   မိခင်ပေးသော   မုန့်ဖိုးသာရှိသည်။ ကျောင်းသားအချို့မှာလည်း ကျွန်တော်ကဲ့သို့ပင် ဖြစ်ပုံရပါ သည်။ Canteen ထိုင်ရာတွင်  ငွေကြေးချမ်းသာသော သူငယ်ချင်းများက   ရှင်းကြသည်။   သူငယ်ချင်းများ၏ ကောင်းကွက်များလည်း ရှိပါသည်။ သို့ရာတွင် ဗရုတ်ကျ၍ ဒုက္ခပေးကြသည်ကသာ များပါသည်။ တစ်ဦးနှင့် တစ်ဦး ညီအစ်ကိုအရင်းသဖွယ်   ချစ်ခင်ကြသည်။  ကိုဝေလွင်၊ ကိုဇော်လွင်၊   ကိုအောင်ခိုင်ဆွေဝင်း၊    ကိုမျိုးညွန့်၊ ကိုကျော်ဝဏ္ဏတို့သည် စာတော်သော ကျောင်းသားများ ဖြစ်ကြသည်။  ဂုဏ်ထူးများစွာနှင့်   အောင်မြင်ကြသည်ဟု မှတ်မိနေပါသည်။ 
Recreation Centre (RC) ၊  တက္ကသိုလ် ဘောလုံးကွင်း စသည်တို့တွင် ကျင်းပသော Major ပေါင်းစုံ ပြိုင်ပွဲများ တွင်လည်း ကျွန်တော်တို့ Geology ဘက်မှ အားပေးခဲ့ သည်များမှာလည်း ယနေ့အထိ သတိရနေပါသေးသည်။ ယခုတော့ သူငယ်ချင်းများသည်လည်း ဘယ်သို့ ရောက်နေ ကြမှန်းလည်း မသိတော့။ ကျွန်တော်သည် ၁၉၈၁ ခုနှစ် တွင် ဝိဇ္ဇာနှင့်  သိပ္ပံတက္ကသိုလ်(ရန်ကုန်) မှ   သိပ္ပံဘွဲ့ကို ဘူမိဗေဒ အဓိကဖြင့်   ဘွဲ့ရခဲ့ပါသည်။ ကျွန်တော်သည် နိုင်ငံ့ဝန်ထမ်းအလုပ်ကို ငယ်စဉ်ကတည်းက တန်ဖိုးထား သဖြင့်   ဝန်ထမ်းလောကထဲသို့   ဝင်ရောက်ခဲ့ပါသည်။ 
ကျွန်တော်သည် ရန်ကုန်တက္ကသိုလ်မှ ခွဲခွာခဲ့သည်မှာ နှစ်ပေါင်း (၄၀)နီးပါးခန့်  ရှိပြီဖြစ်ပါသည်။   သို့ရာတွင် တက္ကသိုလ်တွင်နေခဲ့သော  ပုံရိပ်များသည်   မနေ့ကလို ဖြစ်နေပါသည်။ အားလုံးကို မှတ်မိနေပါသည်။ ကျွန်တော် သည် နေပြည်တော်တွင် ၂၀၀၆ ခုနှစ်မှ စတင်တာဝန် ထမ်းဆောင်ပြီးနောက် ရန်ကုန်မြို့သို့ အမြဲတစေ မပြန် နိုင်ခဲ့ပါ။ ပြန်လျှင်လည်း ခေတ္တသာ  အိမ်သို့ပြန်ရသဖြင့် ရန်ကုန် တက္ကသိုလ်နှင့် ဝေးကွာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပါသည်။   မိမိ၏     ဇာတိမြေဖြစ်သော ရန်ကုန်နှင့်   ရန်ကုန်တက္ကသိုလ်သို့   အောက်မေ့တမ်းတ သတိရခြင်းများစွာဖြင့် ကဗျာလည်း မပီ ၊ စာလည်း မမည် သော တေးတစ်ပုဒ်ကို ရေးသားသီကုံးလိုက်မိပါသည်-
. တက္ကသိုလ်ဝယ် ပျော်ရွှင်ခဲ့ရ
 ပညာအမွေလာရောက်ယူသည်
 သူတာဝန်ကျေပေးဝေခဲ့၏။
. နိုင်ငံ၏ဝန် တို့ကျေပွန်၍ 
 တက္ကသိုလ်မြေ မရောက်နိုင်လည်း
 မျှော်မှန်းတမ်းတ သတိရ၏။
. အချိန်တန်လို့ အိမ်ကိုပြန်လျှင်
 ကံ့ကော်တောဝယ်ပျော်ရွှင်မယ်ဟု
 ရော်ရည်မှန်းဆ မျှော်လင့်ထား၏။
. နောင်သံသရာ ကျင်လည်ရလည်း
 ဘဝတစ်ခု တောင်းဆုပြုသည်
 တစ်ပွင့်ကြွေ၍ တစ်ပွင့်ပြန်တည်
 ဤမြေမှာပဲ ပန်းဖြစ်ချင်သည်။       ။
ကိုးကားစာအုပ်များ
၁။ ကံ့ကော်မြေမှ ရာပြည့်ရန်ကုန်တက္ကသိုလ်
 ရန်ကုန်တက္ကသိုလ်သမိုင်း (၁၉၂၀-၂၀၂၀)
 ဒေါက်တာကျော်ဝင်း၊ သမိုင်းပါမောက္ခ(ငြိမ်း)
၂။ တက္ကသီလာမြကျွန်းသာ (ရန်ကုန်တက္ကသိုလ်သမိုင်း)
 တက္ကသိုလ်ခင်မောင်ဇော်
၃။ ကြေးမုံသတင်းစာပါ အချက်အလက်များ

124


စာရေးသူ၏ ကိုယ်ရေးအကျဉ်း
------------------------
အမည် - ဦးအောင်မြတ်ဦး
ဇာတိ - ရန်ကုန်
မိဘ - ဦးလွင်၊ ဒေါ်စိန်ကြည်
အလုပ်အကိုင်  - ဒုတိယညွှန်ကြားရေးမှူး  ချုပ်၊   နိုင်ငံတော်သမ္မတရုံး 
 (ဒုတိယသမ္မတ- ၁ ဦးစီးရုံး)
ပညာ - B.Sc (Geology) (Yangon,  
အရည်အချင်း 1981 ) 
 - Diploma in Economic  Planning ( Yangon,  
 1995)
 - M.B.A (Republic of 
 Korea,  2001 )
 - International Politics & 
 Economic    for     CLMV 
 သင်တန်းအောင် (Malaysia,
 2004 )
 - Trade   Policy    Develo-
 pment    သင်တန်းအောင်
 (Singapore, 2005 )
 - SME           Development 
 သင်တန်း အောင်    ( Japan, 
 2007 )
 - Tourism   Management  သင်တန်းအောင်( Cambo-
 dia, 2008 )
 - Tourism   Management   
 in   the  GMS    learning      
 programme       သင်တန်း 
 အောင် (China , 2011 )

မြန်မာ့အလင်း