နေပြည်တော် ဩဂုတ် ၄

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဝန်ထမ်းသားသမီး၊ ကျောင်းသား ကျောင်းသူ များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန်၊ အရာထမ်း၊ အမှုထမ်းများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည ဝန်ထမ်း သား သမီး၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ကပညာရေးကဏ္ဍမြင့်မား စေရေး ကြိုးပမ်းဆောင်ရွက် နေချိန်တွင် ကျောင်းသား ကျောင်းသူများအနေဖြင့် ပညာရေးကိုအလေးထားကာ တန်းစဉ်အလိုက် ထူးချွန်စွာ အောင်မြင်ရေး ကြိုးစားကြစေလိုကြောင်း၊ တက္ကသိုလ်ပညာရပ်များကို ယခုကဲ့သို့ ထူးချွန်အောင်မြင်အောင် ကြိုးစားကြရန်နှင့် မိဘများကလည်း သားသမီးများ၏ ပညာရည် မြင့်မားရေးကို အလေးထား အားပေးဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ကြီးဌာနမှ ဝန်ထမ်းသားသမီး၊ ကျောင်းသား ကျောင်းသူများအား ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ဝန်ထမ်း သားသမီး၊ ကျောင်းသား ကျောင်းသူ ဘာသာစုံ ခြောက်ဘာသာ ဂုဏ်ထူး ရှင်နှစ်ဦး၊ ငါးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ လေးဘာသာဂုဏ်ထူးရှင် လေးဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ရှစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ကိုးဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၆ ဦး စုစုပေါင်း ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ ၄၀ ရှိပြီး နေပြည်တော်အပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးရုံးများတွင် ဂုဏ်ပြုဆု ချီးမြှင့်ပွဲ အခမ်းအနားများကို တစ်ပြိုင်တည်း ကျင်းပခဲ့ကြောင်း သိရသည်။

သတင်းစဉ်