တမူထူးခြားစွာရိုက်ကူးထားသည့် ''ဘော်ဘော်ကထှော် '' ရုပ်ရှင်ဇာတ်ကားကြီး လာမည့် ဇူလိုင် ၁၃ ရက်နေ့တွင် မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံများတွင် ရုံတင်ပြသမည်

mdn

နေပြည်တော် ၈ ဇူလိုင်

 

ဇော်မင်း (မြောက်ဒဂုံ)၏ ဇာတ်လမ်းကို ညီညီဘမောင်က မွမ်းမံ၊  ဇာတ်ညွှန်းရေးဖွဲ့ထားပြီး လာဗင်ဒါ ရုပ်ရှင်ထုတ်လုပ်ရေးမှ ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားသည့် ''ဘော်ဘော်ကထှော်''  ရုပ်ရှင်ဇာတ်ကား အထူးပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံတွင် ပြသသည်။

 

အဆိုပါ ရုပ်ရှင်ဇာတ်ကားတွင် အကယ်ဒမီမြင့်မြတ်၊ ရာဇာနေဝင်း၊ ခင်လှိုင်၊ ဂျိုကာ၊ ရွှေသမီး၊ ဆုအိမ့်စံ၊ မုဏ်း၊ အရိုင်း၊ ညောင်ညောင်၊ စိန်သီး၊ ဇီးသီး၊ ကေညီ၊ အိအိတုံ နှင့် အနုပညာရှင်များစွာတို့ ပါဝင်သရုပ်ဆောင်ထားသည်။

 

ဇာတ်လမ်းမှာနှစ်ပေါင်းရာချီပျောက်ဆုံးနေသော ''ဘော်ဘော်ကထှော်''လူမျိုးစု တစ်စုအကြောင်းကို သုတေသနပြုရန် စိတ်ဝင်စားနေသည့် ပရော်ဖက်ဆာကြီး ဒေါက်တာတိုက်ဂါး၊ ဒေါက်တာတိုက်ဂါး၏သမီးသုံးယောက်(ဆောင်းဝေ၊မိုးစွေ၊နွေဝါ)က ဖခင်ကိုကူညီရှာဖွေပေးချင်သည့်အတွက် ဘော်ဘော်ကထှော်  လူမျိုးစုတို့နေထိုင်မည်ဟု ယူဆရသည့် မြိတ်ကျွန်းစုများဘက် ခရီးဆန့်လာခဲ့သည်။

 

ထိုအချိန်တွင် ကျွန်းကြီးတစ်ကျွန်းပေါ်တွင် နေထိုင်သည့် ဘော်ဘော်ကုဆိုသည့် အမျိုးသားလေးမှာလည်း ကျွန်းသူကြီးသမီးကိုသွားတောင်းရာ ပြိုင်ဘက်ရှိလာ၍ကျွန်းသူကြီးက ကျွန်းတွင်မရှိသည့်ပစ္စည်း ရှာနိုင်သူပေးစားမည်ဆို၍ သူငယ်ချင်းဘော်ဘော်ပိနှင့် ဘော်ဘော်ကော်တို့ နှစ်ဦးလိုက်ပါပြီး ဘော်ဘော်ကုနှင့်အတူ ပစ္စည်းရှာထွက်ရာမှ  ဒေါက်တာ တိုက်ဂါး၏ သမီးသုံးဦးနှင့် ကေညီ ဒဏ်ရာရသည့်ကို အကြောင်းပြု၍  ဆုံမိရာမှ ဇာတ်လမ်းဖြစ်ပေါ်လာသည်။

 

ဘော်ဘော်ကထှော် ဇာတ်ကားဖန်တီးသူ ဒါရိုက်တာကိုပေါက်က'' တစ်ခါတလေမှာ ကျွန်တော်တို့တွေက တကယ်လိုအပ်တဲ့အရာတစ်ခုကို အဝေးကြီးမှာ သွားရှာနေကြတယ်၊ တန်ဖိုးအကြီးကြီးလို့လည်း ထင်နေကြတယ်၊ တစ်ခါတလေမှာ လူတစ်ယောက်အတွက် တန်ဖိုးအကြီးကြီးကို အဝေးကြီးမှာ သွားရှာနေဖို့မလိုပါဘူး၊ တခါတလေမှာ ရှင်းရှင်းပြောရရင် တချို့အရာတွေက ကိုယ့်အနီးအနားမှာပဲရှိနေပြီးတော့ တန်ဖိုးရှိတာတွေကို အဝေးကြီးရှာနေယုံနဲ့ တန်ဖိုးမရှိတာတွေက တခြားသူတစ်ယောက်အတွက် တန်ဖိုးရှိတာဖြစ်နေတတ်တယ် ဒါကို ပရိတ်သတ်ကို မက်ဆေ့စ်ပေးချင်တာ'' ဟုပြောသည်။ 

 

ဆက်လက်၍ ဒါရိုက်တာ ကိုပေါက်က ''ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်မှာ အများကြီးရှိကြ တယ်၊ မရိုးမသားဖြတ်သန်းကြတဲ့ လူတွေအများကြီးရှိတယ်၊ အဲ့ဒီအခြေအနေ တစ်ခုမှာ ဒီကျွန်းက လူတွေသည် ပညာမတတ်ဘူး၊ သူများတွေလောက်အသိပညာမရှိဘူး၊ ဒါပေမယ့်လည်း လောကကြီးမှာ အရေးကြီးဆုံးသစ္စာတရားက သူတို့ဆီမှာရှိတယ်ဒါကိုလည်းပြချင်တာ'' ဟု ဒါရိုက်တာ ကိုပေါက်ကပြောသည်။

 

 ကျွန်းသားတို့ သီဆိုကခုန်သည့် '' ဟာလာပါအေးလေ၊ အေးလေ အေးလေ' ဆိုသည့် ဇာတ်ဝင်တေးသီချင်းမှာလည်း ပရိသတ်ပါးစပ်ဖျား ရေပန်းစားစေမည်ဖြစ်ရာသရုပ်ဆောင် ခင်လှိုင်က '' ကိုပေါက်က လူရိုင်းနဲ့ ပတ်သက်တဲ့ ဖန်တီးမှုလေး ဘယ်လိုလုပ်ကြမလဲဆိုတာနဲ့ ထိုင်နေရင်းနဲ့ လျှောက်အော်နေတာ။ ''ဟာလပါအေးလေ'' ဆိုတော့မြင့်မြတ်ကပါ ''အေးလေ အေးလေ''ဆိုတယ်၊ နောက်ဂျိုကာကပါ လိုက်ဆိုတယ် ။ တေးရေးဆရာက သီချင်းလေး သဘောမျိုးဖြစ်အောင် တီးလုံးလေးထည့်လိုက်တော့ ကြွသွားတာပေါ့၊ ပရိသတ်ပါးစပ်ဖျားတော့ ရောက်သွားမယ်ထင်ပါတယ်၊ ဒီသီချင်းလေးက ဆိုရတာလွယ်တယ်လေ၊ ဆုအိမ့်စံကို စန္ဒရား ခုံနားမှာ သီချင်းဆိုပြတာဆိုရင် ပါးစပ်ထဲရှိတာ ကောက်အော်လိုက်တာလေ၊ ချစ်စရာကောင်းသွားတာပေါ့၊''ဟုပြောသည်။

 

 

ဘော်ဘော်ကု(မြင့်မြတ်)၊ ဘော်ဘော်ပိ(ခင်လှိုင်)၊ ဘော်ဘော်ကော်(ဂျိုကာ)တို့ နေထိုင်သည့် ကျွန်းပေါ်မှ လူမျိုးစုများ၏ ထူးဆန်းသောဓလေ့ဖြစ်သည့်  တစ်ဦးနှင့် တစ်ဦး ပါးရိုက်နှုတ်ဆက်သည့် အခန်းမှာလည်း ရယ်ရွှင်ဖွယ်ရာဖြစ်သည်။

 

ဇာတ်ညွှန်းဆရာ ညီညီဘမောင်ခေါ် သရုပ်ဆောင် ညောင်ညောင်က '' ပါးရိုက် နှုတ်ဆက် တာက မူရင်းထဲမှာပါပြီးသားပါ။ ဒါပေမယ့် ရိုက်တဲ့အခါမှာတော့ မရိုက်ရဲခဲ့ဘူး၊ ရီစရာ ရိုက်တဲ့အခန်းဖြစ်ပေမယ့် လူကြီးကို ရိုက်နေတယ်ဆို လက်ခံပါ့ မလားပေါ့၊ အရမ်းကြီးရိုက်နှက်နေ တာမျိုးလဲ မဖြစ်စေချင်လို့ပါ။ ဒီကားက ဟာသကားဆိုပေမယ့် ရီစရာတွေအများကြီးလည်း ထည့်မထားပါဘူး၊ ဟာသလေးလည်းပါအောင်၊ ပြောချင်တာလေး သဘောတရားလေး တစ်ခုပါအောင် မျှအောင်ထည့်ထားပါတယ်၊ အားပေးကြပါ''  ဟုပြောသည်။

 

ဇာတ်လမ်းတွင် ကု၊ ပိ၊ ကော်သုံးယောက်ထဲတွင်  ပိနှင့် ကော်မှာ ကျွန်းသို့ မပြန်တော့ဘဲ  ဘော်ဘော်ကုသာလျှင် ပေးထားသည့်ကတိအတွက်  သူကြီး သမီးတောင်းရန် ပြန်လာရာ ကျွန်းသူကြီးသမီးမှာ ပုလင်းအသေးလည်မှာချိတ်ကာ လက်ထပ်ထားသည့်လူနှင့်ထွက်လာသော အခန်းကလည်း ပရိသတ်ရင်ထဲ စွဲကျန်စေမည်ဖြစ်သည်။

 

ထိုဇာတ်ကားတွင် ကျွန်းသူကြီးသမီး သွား တောင်းသည့် အခန်းတွင် ကျွန်းသူကြီးသမီးကို  မြင်သည့်အခါ  '' လှလိုက်တာကွာ'ဆိုသည့် မြင့်မြတ်၏ ဟန်ပန်နှင့် ပြောပေါက်ဆိုပေါက်ကလည်း  ပရိသတ်နှစ်ခြိုက်စေမည်ဖြစ်သည်။ 

 

ထို့ပြင် ချောမောလှပသည့် မိန်းကလေးနှင့် တွေ့ကြုံရသော်လည်း ကျွန်းပေါ်တွင် ကတိပေးခဲ့သည့် စကားအတိုင်း မိမိနှင့် လက်ထပ်မည့် မိန်းကလေးဆီပြန်သည့် သစ္စာရှိ ကတိတည်သူအဖြစ်မြင့်မြတ်၏ သရုပ်ဆောင်ချက်များ သည် ပရိသတ်ရင်ကို ဖမ်းစားနိုင်မည်ဖြစ်သည်။

 

ဇာတ်လမ်းတွင် ဒေါက်တာတိုက်ဂါး(အရိုင်း)နှင့် ရန်ဘက် လိုင်းရင်း(ရာဇာနေဝင်း)က ကု၊ပိ၊ကော် လူရိုင်းသုံးယောက်ကို မရရအောင်ယူရန် ကြိုးပမ်းသည့် ဇာတ်ကွက်များ၊ ကု၊ ပိ၊ကော်တို့၏ ရယ်ရွှင်ဖွယ်ရာ သရုပ်ဆောင်ပုံများ၊ အနုပညာရှင်များစွာ၏ ထောင့်စေ့သော သရုပ်ဆောင်ကွက်များ ကို အဆိုပါ ဇာတ်ကားတွင် ကြည့်ရှုရမည်ဖြစ်သည့်အပြင် ရေးမြို့နှင့် ၁၅ မိုင်ခန့်အကွာ ကဗျာ၀ ကမ်းခြေတွင် သွားရောက်ရိုက်ကူးထားသည်ဖြစ်ရာ လှပသော ပင်လယ်ရှုခင်းများ ကိုပါ ကြည့်ရှုခံစားရမည်ဖြစ်သည်။

 

မြင့်မြတ်၊ ခင်လှို်င်၊ ဂျိုကာတို့ နှင့် မင်းသမီး သုံးဦး လျှောက်လည်သည့်အခန်းများတွင် သရုပ်ဆောင် ခင်လှိုင်က ရုတ်တရက် ခုန်တက်သည့် ဇာတ်ဝင်ခန်းနှင့် ပတ်သက်၍ သရုပ်ဆောင် ဆုအိမ့်စံက ''အမှန်တိုင်းပြောရရင် အဲ့ဇာတ်ဝင်ခန်းက လုံးဝမထင်ထားဘူး၊ ပြီးလည်းပြီးရော သူ့ဟာသူ ဝုန်းကနဲ ခုန်တက်တာ လန့်သွားတာ၊ ဒီကားလေးက တခြားကားတွေနဲ့မတူ ထူးထူးခြားခြားလေးဖြစ်တယ်ပေါ့၊ လာကြည့်ဖို့ဖိတ်ခေါ်ပါတယ်"'ဟုပြောသည်။

 

နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသော ဘော်ဘော်ကထှော် လူမျိုးစု၊ အဆိုပါ လူမျိုးစုကို ရှာဖွေနေသည့် ပရောဖက်ဆာ ပြိုင်ဘက်နှစ်ဦး၊ မြို့ပေါ်ရောက်သွားသည့် ကု၊ပိ၊ကော်တို့ သုံးယောက်၏ အရိုင်းဆန်သောပြောဆို နေထိုင်ပုံများ၊ အလွဲလွဲအချော်ချော်များ၊လူ့သဘာ၀ တွေးတော ဆင်ခြင်ဖွယ်ရာများစွာဖြင့် ရုပ်ရှင်ချစ်ပရိသတ်ကြီးအတွက် တမူထူးခြားစွာ ရိုက်ကူးထားသည့်  ဘော်ဘော်ကထှော်  ရုပ်ရှင်ဇာတ်ကားကြီးကို လာမည့် ဇူလိုင် ၁၃ ရက်နေ့တွင် မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံများတွင် ရုံတင်ပြသတော့မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။ 

 

သတင်း- သီသီမင်း

 

ဓာတ်ပုံ- ဟန်နီ

 

SHARE THIS ON SOCIAL MEDIA