တန့်ဆည် ၂၂ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ် တန့်ဆည်-ပုတီး-ညောင်ကိုင်း လမ်းပေါ်ရှိ ပေါင်ကတောင် ချောင်းကူး ယာယီတံတား ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အဆိုပါတံတား၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဦးစီးနာယက ဆရာတော်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးနှင့် ရဲမှူးသန်းစိုးတို့က ယာယီတံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ပေါင်ကတောင်ချောင်းကူး ယာယီတံတားကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးအရအဖွဲ့မှ လှူဒါန်းငွေကျပ် သိန်း (၂၀ဝ)နှင့် သံဃာတော်များ၊ အလှူရှင်များ၊ ကျေးရွာပြည်သူ လှူဒါန်းငွေတို့ဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ဆောက်လုပ်ခဲ့ပြီး မတ် ၂၇ ရက်တွင် ပြီးစီးခဲ့သည်။
“တံတားပြီးသွားလို့ မိုးရာသီသွားလာရေး စိတ်အေးရပြီ၊ ယခင်က ချောင်းရေလာလျှင် ဆိုင်ကယ် တစ်စီး ၅၀ဝ၀ ကျပ်မှ ၁၀ဝ၀ဝ ကျပ်အထိ ရေအနည်းအများအလိုက် ကူးခပေးရတယ်။ နွားလှည်း၊ ဆိုင်ကယ်နှင့် အသက်ဆုံးရှုံးမှုများရှိကြောင်း၊ ယခုအခါ အလွယ်တကူ သွားလာနိုင်သည့်အတွက် ဝမ်းသာမိကြောင်း” ဒေသခံပြည်သူတစ်ဦးက ပြောသည်။
အဆိုပါ ယာယီတံတားသည် ပင်မတံတားအရှည် ၃၂၀ ပေ၊ အကျယ် ၁၆ ပေရှိပြီး အမျိုးအစားမှာ သစ်သားတိုင် သံယက်မ သစ်သားအခင်းဖြစ်ပြီး စုစုပေါင်း ကုန်ကျငွေကျပ် သိန်း (၈၀ဝ)ဖြစ်ကြောင်း တံတားဆောက်လုပ်ရေး ကော်မတီထံမှ သိရသည်။
ငြိမ်းမင်းထွန်း(တန့်ဆည်)


