တင်ဇာမော်၏ 7 Concert Mandalay Show ပွဲ ကျင်းပမည်

မန္တလေး  ၁ အောက်တိုဘာ

 

အဆိုတော် တင်ဇာမော် သီဆိုဖျော်ဖြေမည့် 7 Concert Mandalay ပွဲကြီးကို အောက်တိုဘာလ ၆ ရက်နေ့ မန္တလေးမြို့၊ မဟာမန္တလေးမှာ ပြုလုပ်သွားမည်ဟု တေးသံရှင် တင်ဇာမော်က ပြောသည်။

 

 

"၂၀၁၇ မှာ ရန်ကုန်ပွဲပြီးရင် မန္တလေးပွဲ သွားကြမယ်ပေါ့။ တကယ်တမ်း လက်တွေ့ကြတော့ ဖြစ်မလာခဲ့ကြပါဘူး။ ဖြစ်မလာတဲ့ အချိန်မှာ ၂၀၁၇ မန္တလေး သွားရမယ့် ပွဲက အနောက်ကို ဆုတ်သွားတယ်။ ၂၀၁၈ ဖေဖော်ဝါရီကို ရောက်ခဲ့တယ်၊ တစ်ခါ ဖေဖေါ်ဝါရီ မှာလည်း ထပ်မဖြစ်ခဲ့ဘူး။ မဖြစ်ခဲ့တဲ့ အခါကြတော့ မန္တလေးအတွက် သွားမယ်လို့ ဆုံးဖြတ်ပြီး တည်ထားတဲ့ပွဲ ဖြစ်တဲ့အတွက်ကြောင့် အခုလုပ်ဖြစ်ပြီဆိုတော့ ၂၀၁၈ ခုနှစ် ၁၀ လပိုင်းကို ရောက်သွားတာပါ'' ဟု တင်ဇာမော်က ပြောသည်။ 

 

7 Concert Mandalay ပွဲမှာ ပရိသတ် အကြိုက်သီချင်းတွေနဲ့ သူကြိုက်နှစ်သက်ခဲ့တဲ့ သီချင်း စုစုပေါင်း အပုဒ်ရေ ၂၇ ပုဒ်ခန့် သီဆိုမည်ဖြစ်ကြောင်း သိရသည်။

 

လက်မှတ် ဈေးနူန်းတွေကတော့ Diamond ၇၀၀၀၀ကျပ်၊ Platinum ၅၀၀၀၀ ကျပ်၊ Gold ၃၀၀၀၀ ကျပ်၊ Silver ၁၅၀၀၀ ကျပ်နဲ့ Relax zone ၄၀၀၀၀၀ ကျပ်တို့ ဖြစ်တယ်လို့ သိရပါတယ်။ 

 

''မန္တလေးမှာပဲ ပွဲလုပ်ဖို့ ပထမမူလ ဆုံးဖြတ်ထားတဲ့အတိုင်း လုပ်ဖြစ်လိုက်တာပါ။ မန္တလေးက ပရိသတ်ကြီး အချစ်ကြမ်းတာကို သိပါတယ်။  အဆိုတော် စဖြစ်တဲ့အချိန်မှာ မန္တလေးမှာ ပွဲတွေအများကြီး သွားဆိုခဲ့ဖူးတယ်။ အဲဒီမှာစပြီး မန္တလေးက ပရိသတ်ကြီးနဲ့ ခင်မင်ရင်းနှီးခွင့် ရခဲ့တယ်။  ကြုံခဲ့သမျှ ပွဲတွေမှာတော့ အတားအဆီး မရှိ၊ အထစ်အငေါ့ မရှိ၊ အေးအေးဆေးဆေး ဖြစ်ခဲ့ပါတယ်။အခုလာမယ့် ၆ ရက်နေ့မှာလည်း အေးအေးဆေးဆေးပဲ ပျော်ပျော်ရွှင်ရွှင် သီချင်းတွေ နားထောင်ပြီး ဖြတ်သန်းကြဖို့လည်း ထပ်ပြီး ဖိတ်ခေါ်ချင်ပါတယ်" ဟု တင်ဇာမော်က ပြောသည်။ 

 

အိမို့မို့ခိုင်
photo - Tin Zar Maw facebook