တန်ဇန်းနီးယားနိုင်ငံ၌ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးသူ ၁၆၆ ဦး ရှိလာ

မေ ၁၀

တန်ဇန်းနီးယားနိုင်ငံတွင် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း Hidaya တိုက်ခတ်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့်  ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သဖြင့်  ငါးဦးထပ်မံသေဆုံးပြီး သေဆုံးသူ ၁၆၆ ဦးရှိလာကြောင်း ဝန်ကြီးချုပ် ကက်ဆင်မာဂျာလီဝါက ယမန်နေ့က လွှတ်တော်တွင် ပြောကြားသည်။ အဆိုပါမုန်တိုင်းသည် မေလ ၃ ရက်နေ့က တိုက်ခတ်ခဲ့ပြီး နောက်တစ်နေ့တွင်အားပျော့သွားကြောင်းနှင့် လေပြင်းများတိုက်ခတ်ပြီးမိုးသည်းထန်စွာရွာသွန်းသဖြင့် ခုနစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မာဂျာလီဝါက ပြောကြားသည်။ နေအိမ်အလုံးပေါင်း ၈၇၇ လုံးပျက်စီးပြီး ၅၄၃ လုံးရေနစ်မြုပ်ကာ ၁၈၈၆၂ ဦး ရေဘေးသင့်ခဲ့သည်ဟု သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် Lindi, Mtwaraနှင့် မိုရိုဂိုရိုဒေသများရှိ လမ်းများ၊ တံတားများ၊ ဓာတ်တိုင်များ၊ စာသင်ကျောင်းများနှင့် ကျန်းမာရေးစင်တာများ မျောပါသွားပြီး ငါးလုပ်ငန်း၊ လယ်ယာလုပ်ငန်းကဲ့သို့သော စီးပွားရေးလုပ်ငန်းများရပ်နားထားရသည်။ အစိုးရအဖွဲ့သည် သက်ဆိုင်သူများနှင့်ပူးပေါင်း၍ ရေကြီးရေလျှံမှုကြောင့် ပိတ်မိနေသူများအားရှာဖွေကယ်ဆယ်ခြင်း၊ ပျက်စီးသွားသော အခြေခံအဆောက်အအုံများ ပြင်ဆင်ဆောက်လုပ်ပေးခြင်းနှင့် လိုအပ်သည်များ ထောက်ပံ့ဖြည့်ဆည်းပေးခြင်းတို့အပါအဝင် စီမံချက်များဆောင်ရွက်ပေးခဲ့သည်ဟု မာဂျာလီဝါကဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို