တနင်္သာရီတိုင်းဒေသကြီး၊ ကချင်၊ ရှမ်း၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာမည်

နေပြည်တော် ၁၀ ဇန်နဝါရီ

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်များအရ လွန်ခဲ့သော(၂၄)နာရီအတွင်းက ရန်ကုန်တိုင်းဒေသကြီးတွင် နေရာကျဲကျဲနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။ 

 

ညအပူချိန်များမှာ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှ အပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိနှင့် ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း) နှင့် မွန်ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၅)ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ 

 

ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် (-၁)ဒီဂရီစင်တီဂရိတ်၊ ရမ်ကလောင်းတွင် (၃)ဒီဂရီစင်တီဂရိတ်၊ တီးတိန်မြို့တွင် (၄)ဒီဂရီစင်တီဂရိတ်နှင့် မတူပီမြို့တွင် (၅)ဒီဂရီစင်တီဂရိတ်တို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ လှိုင်းဘွဲ့မြို့တွင် (ဝ.၃၁)လက်မ၊ ကွမ်းခြံကုန်းမြို့နှင့် ဖျာပုံမြို့တို့တွင် (ဝ.ဝ၈)လက်မစီနှင့် မိုင်းယန်းမြို့တွင် (ဝ.ဝ၄)လက်မတို့ ဖြစ်ကြပါသည်။

 

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။

 

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာမည်။ 

 

ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

 

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၅)ပေခန့် ရှိနိုင်ပါသည်။

 

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ညအပူချိန်များ လျော့နည်းနေမည်။

 

နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။

 

MDN