ထားဝယ် ဩဂုတ် ၁၂

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိ အကျိုးဆောင် တောင်သူများအား သဘာဝ မြေဩဇာပေးအပ်ခြင်းနှင့်ထားဝယ် မြို့နယ် အမှတ်(၄) အခြေခံပညာနှင့် စိုက်ပျိုး၊ မွေးမြူရေးအထက် တန်းကျောင်းရှိ မိုးစပါးစိုက်ခင်းတွင် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ ရောနှောကြဲပက်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ကျင်းပသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မင်းမင်းလတ်နှင့် တာဝန်ရှိသူများက ထားဝယ်ခရိုင်အတွင်းရှိ တောင်သူများအား သဘာဝမြေဩဇာ အိတ် ၁၀၀ ပေးအပ်သည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်နှင့် အကျိုးဆောင် တောင်သူများက မိုးစပါးစိုက်ခင်းအတွင်း သဘာဝတွင်း သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိန်ကိုက်၊ အချိုးကျရောနှော ကြဲပက်နေမှု၊ ဟင်းရွက်စိုက်ခင်း၊ တိရစ္ဆာန်အစာပင် နေပီယာ မြက်စိုက်ခင်းနှင့် သီးနှံပင်များအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူ များအား မှာကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှတ်(၄)အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းတွင် သရုပ်ပြ မွေးမြူထားရှိသည့် ဥစားကြက်၊ ဝက်၊ ဆိတ်မွေးမြူရေးခြံများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား ကျောင်းသူများအား ကြက်ဥများ ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)