ကိုကိုဦး

 

 

ယခုကဲ့သို့ ၂၀၁၂ ခုနှစ်တွင် လယ်ယာမြေဥပဒေအား အတည်ပြုပြဋ္ဌာန်းပေးလိုက်နိုင်သဖြင့် ယခင်အစိုးရ အဆက်ဆက်ကကြွေးကြော်ခဲ့ကြသည့် “လယ်လုပ်သူ လယ်ပိုင်ခွင့်" ဆိုသည့်စကားရပ်ကို တစ်နည်းတစ်ဖုံ အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်သည်။ လယ်ယာ လုပ်ကိုင်သူများအဖို့ မိမိတို့လုပ်ကိုင်သည့် လယ်ယာ မြေများအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ကို လက်ဝယ်ပိုင်ပိုင်ရှိနိုင်ပြီလည်း ဖြစ်ပါသည်။ ဥပဒေပါအခွင့်အရေးများကို အပြည့်အရယူနိုင်ရေးအတွက် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့အနေဖြင့် လိုအပ်သော ညွှန်ကြားချက်များကိုပါထုတ်ပြန်ပေးခဲ့ပါသည်။ ယင်းအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်အား (၁-၆-၂၀၁၉) ခုနှစ်မှစတင်၍ ရောင်းချခြင်း၊ ပေါင်းနှံခြင်း၊ ငှားရမ်းခြင်းလဲလှယ်ခြင်းနှင့်ပေးကမ်းခြင်များကိုလည်း ဆောင်ရွက်နိုင်ကြပြီလည်း ဖြစ်ပါသည်။

ထူးခြားသည့် လုပ်ဆောင်ချက်

တစ်နည်းဆိုသော်၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၏ အားနည်းချက်များကို ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးများတွင် ပြင်ဆင်ရေးဆွဲနေစဉ်ကာလအတွင်း လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ တောင်သူ လယ်သမားများ၏ အခွင့်အရေးများကို တည်ဆဲဥပဒေနှင့်အညီ အပြည့်အဝရယူဆောင်ရွက်နိုင်ရေးအတွက် လက်ရှိ အစိုးရကာလ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ထူးခြားသည့် လုပ်ဆောင်ချက်တစ်ခုဟု ဆိုနိုင်ပါသည်။

ထို့ပြင် လယ်ယာမြေဥပဒေကိုပြင်ဆင်သည့်ဥပဒေကို ၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၂ ဖြင့် ထပ်မံပြဋ္ဌာန်းနိုင်ခဲ့သဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူတို့၏ အခွင့်အရေးများကို ပိုမိုခိုင်မာစေခဲ့ ပါသည်။ ကမ္ဘာပေါ်တွင် လယ်ယာမြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ နည်းလမ်းအမျိုးမျိုးရှိကြရာ အဓိကအားဖြင့်

အောက်ပါအတိုင်း လေးမျိုးလေးစားဖြစ်ကြောင်း လေ့လာတွေ့ရှိရမည်ဖြစ်ပါသည်

(၁) Ownership Right(ဖွဲ့စည်းပုံအခြေခံဥပဒေရ နိုင်ငံတော်ပိုင်သည်။)

(၂) Land Holder Right(consouSE 2008 ထားရှိခွင့်) (ယခုလယ်ယာမြေဥပဒေအရ ပေးသော အခွင့်အရေးသည် ဤအခွင့်အရေးနှင့် ဆင်တူနေသည်။)

(၃) Land Use Right (မြေယာအသုံးချပိုင်ခွင့်) (အချိန်ကာလကန့်သတ်ချက်နှင့်ပေးသော ခွင့်အရေးဖြစ်သည်။ ရောင်း၊ ပေါင်၊ ငှား၊ လဲ၊ ပေး ခွင့်အရေးမျိုး၊ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေဖြင့်သာပေးသော ခွင့်အရေးဖြစ်သည်။

(၄) Land Tiller Right (မြေယာထွန်ယက်ပိုင်ခွင့်)(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေမပေါ်မီ ပေးခဲ့သော အခွင့်အရေးဖြစ်သည်။ လုပ်ပိုင်ခွင့် ဟူ၍လည်း ဖော်ပြလေ့ရှိသည်။)

Ownership Right

Ownership Right နှင့်ပတ်သက်၍ အနည်းငယ် ဆွေးနွေးတင်ပြလိုပါသည်။ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဖွဲ့စည်ပုံအခြေခံဥပဒေ ၂၀၀၈ခုနှစ်) ပုဒ်မ၃၇ တွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်။

နိုင်ငံတော်သည်-

(က) နိုင်ငံတော်ရှိမြေအားလုံး၊မြေပေါ်မြေအောက်၊ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံ ဇာတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်၊

(ခ) နိုင်ငံပိုင် သယံဇာတပစ္စည်းများအား စီးပွားရေးအင်အားစုများက ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲကြီးကြပ်နိုင်ရန် လိုအပ်သည့် ဥပဒေပြဋ္ဌာန်းရမည်။

(ဂ) နိုင်ငံသားများအား ပစ္စည်းပိုင်ဆိုင်ခွင့်၊အမွေဆက်ခံခွင့်၊ ကိုယ်ပိုင်လုပ်ကိုင်ခွင့်၊ တီထွင်ခွင့်နှင့် မူပိုင်ခွင့်တို့ကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ခွင့်ပြုရမည်။

အထက်ပါ ပုဒ်မ ၃၇(က)အရ Ownership Right ကို နိုင်ငံတော်မှ ရရှိပြီးဖြစ်ပါသည်။ မိမိတင်ပြ ဆွေးနွေးလိုသည် မှာ၃၇(ခ) နှင့် (ဂ) တို့ဖြစ်ပါသည်။ ၃၇(ခ) တွင် နိုင်ငံပိုင် သယံဇာတပစ္စည်းများအား စီးပွားရေးအင်အားစုများ ထုတ်ယူသုံးစွဲခြင်းကို ကြီးကြပ်ရန် ဥပဒေပြဋ္ဌာန်းရန်လိုကြောင်း ဖော်ပြပြီး ၃၇(ဂ)သည် နိုင်ငံသားများ၏ အခွင့်အရေးများကို ဥပဒေအရ ကာကွယ်စောင့်ရှောက်ရန်ဖြစ်ပါသည်။ ဥပဒေ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုတွင် “ဥပဒေ ဟူသည် အဖွဲ့အစည်းတစ်ခု၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို ကာကွယ်ထိန်းသိမ်းရန်ရည်ရွယ်ချက်ဖြင့် ဖြစ်စဉ်တစ်ခုချင်းအလိုက် တိကျစွာလိုက်နာ ဆောင်ရွက်ရမည့် စည်းမျဉ်း၊ စည်းကမ်းများ၏ အစုဖြစ်သည်" ဟု ဆိုသည်။

ဤအဓိပ္ပာယ်ဖွင့်ဆိုချက်တွင် မိမိတို့လူ့အဖွဲ့အစည်၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အတွက် ဥပဒေသည် မရှိမဖြစ် လိုအပ်ကြောင်း တွေ့မြင်ရသည်။ ဥပဒေများသည် မိမိတို့၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အတွက် တစ်နည်းတစ်လမ်းအားဖြင့် ကာကွယ်ရန် ဖြစ်ပါသည်။

ဥပဒေသည် မိမိတို့အတွက် လုံခြုံမှုကိုပေးနိုင်

“ဥပဒေရှိရန်မလို" ဟု ဆိုသူများအတွက် ငယ်စဉ်က ကြားဖူးသော၊ အများသိခဲ့ပြီး ဖြစ်မည့် ပုံပြင်တစ်ပုဒ်ကို ပြန်လည်တင်ပြလိုပေသည်။ “ရွာတစ်ရွာရှိမြေးအဘိုးတစ်စုတို့ နေထိုင်ရာအိမ်တစ်ခုတွင်အခြေပြုသည်။ တစ်နေ့ ဖေ လုပ်သူက အိုမင်းမစွမ်းဖြစ်သောဖခင် (ကလေးတို့၏ ဘိုး) ကို တောင်းတစ်လုံးတွင်ည့်၍ တောသို့စွန့်ပစ်ရန် တောင်းကိုပခုံးထက်ထမ်း၍ ထွက်သည်။ ထိုအခါ သားဖြစ်သူက အဖေလုပ်သူကို မှာသောစကားဖြစ်သည်။ အဖေ-အဘိုကို ပစ်ပြီးအပြန်ကြရင် ဒီတောင်းကိုပြန်ယူခဲ့ပါ။ အဖေ့အလှည့်ကျရင် သားပစ်ဖို့ တောင်းမရှိမှာ စိုးလို့" ဟူ၍ဖြစ်သည်။ ဥပဒေမရှိဘဲ နေလိုသူများအတွက် တစ်ချိန်တွင် မိမိကပြုသူဖြစ်၍ အခြားအချိန်တစ်ခုတွင် မိမိက အပြုခံရသူအဖြစ်သို့ တစ်ပြန်တစ်လှည့်ကျရောက်မည်မှာ အမှန်ပင်ဖြစ်သည်။ ယင်းအချိန်နှစ်ခုစလုံးအတွက် ဥပဒေသည်သာ ထိန်းကျောင်းပေးနိုင်ပါသည်။ ဥပဒေသည် မိမိတို့အတွက် လုံခြုံမှုကိုပေးနိုင်သလို မိမိတို့၏ အခွင့်အရေးကိုလည်း ဥပဒေနှင့်အညီ အကာအကွယ်ပေးမည်ဖြစ်သည်။ သို့ဖြစ်၍ ဥပဒေသည် လူ့အဖွဲ့အစည်း၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် မရှိမဖြစ်လိုအပ်သည့် အရာဖြစ် ပါသည်။ ထို့အတူ လူတိုင်းအနေဖြင့် မိမိတို့၏ဆောင်ရွက်မှုတိုင်းသည် ဥပဒေနှင့်အညီဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါသည်။

ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကြေညာစာတမ်းတွင်လည်း “လူ့အခွင့်အရေးများကို ဥပဒေဖြင့် ကာကွယ်ပေး သည်” နှင့် “ဥပဒေအောက်တွင်လူသားအားလုံး တူသည်" ဟူသောဖော်ပြချက်များသည် ဥပဒေ၏အရေးပါမှုကိုဖော်ပြနေပေသည်။ နိုင်ငံသူ၊ နိုင်ငံသားတိုင်း ဥပဒေကိုလေးစား လိုက်နာဖို့လိုသလို မိမိပတ်ဝန်းကျင်ရှိ လူအားလုံးကိုလည်း ဥပဒေကိုလိုက်နာစေရန် ဆောင်ရွက်ရေးကိုလည်း နိုင်ငံသား တို့၏မွေးရာပါတာဝန်တစ်ရပ်အဖြစ် မှတ်ယူသင့်ပါသည်။

လယ်ယာမြေဥပဒေအရ လယ်လုပ်သူ တောင်သူလယ်သမားများအတွက် ယခုကဲ့သို့ Land Holder Right (လက်ဝယ်ကိုင်ဆောင်ထားရှိခွင့်) ပိုင်ဆိုင်မှုများ ပေးအပ်ပြီးဖြစ်သော်လည်း တောင်သူလယ်သမားများအနေဖြင့် မိမိတို့လက်ဝယ် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော လယ်ယာမြေများအား လက်ဝယ်ပိုင်ဆိုင်ခွင့်ရရှိရေးအတွက် ဥပဒေ နှင့်အညီ ကိုယ်တိုင်လျှောက်ထားရယူရန်လည်း လိုအပ်ပါသည်။ ထိုသို့ ကာယကံရှင်များက လျှောက်ထားလာမှသာလျှင် ဌာနဆိုင်ရာအပိုင်းအနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ထုတ်ပေးခြင်းအား ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့်အညီ ရပ်ကွက်/ကျေးရွာအုပ်စု မြို့နယ်၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်မှ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ ထုတ်ပေးခြင်းကိုဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်။

ထုတ်ပေးပြီးစီး

လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)ထုတ်ပေးခြင်းကို (၁-၁-၂၀၁၃)ရက်နေ့မှ စတင်ပြီး ဆောင်ရွက် ပေးလျက်ရှိရာ (၃၀-၄-၂၀၂၀) ရက်နေ့အထိ အမှန်ထုတ်ပေးနိုင်မည့် လျာထားချက် ဦးပိုင်ပေါင်း၏ (၉၉၂၇၂၆၇)ခု၊ ရာခိုင်နှုန်းအားဖြင့် ( ၉၈.၁ % အား ထုတ်ပေးပြီးစီးခဲ့ပြီး ဖြစ်ပါသည်။

လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်ယာ လျှောက်ထားရန်လို

ယနေ့ကာလတွင် လယ်ယာမြေဥပဒေပုဒ်မ ၁၂ ပါ ပြဋ္ဌာန်းချက်တွင်ပါဝင်သည့် စည်းမျဉ်း၊ စည်းကမ်းဖြစ်သော “လယ်ယာမြေကို ခွင့်ပြုမိန့်ရရှိဘဲအခြားနည်းသုံးစွဲခြင်းမပြုရ “ဟူသော အချက်ကိုချိုးဖောက်၍ နေအိမ်၊ ဈေးဆိုင် ဂိုဒေါင်စသည့်စိုက်ပျိုးခြင်းမဟုတ်သည့် လုပ်ဆောင်ချက်များဆောင်ရွက်နေသည်ကို တွေ့ရှိရပါသည်။ ထိုသို့ဆောင်ရွက်ခြင်းကြောင့် ဆောင်ရွက်သူ ကာယကံရှင်များကိုယ်တိုင် ဥပဒေကိုဖောက်ဖျက် ကျူးလွန်မှုကြောင့် ပုဒ်မ ၁၉ ပါပြဋ္ဌာန်းချက်နှင့်အညီ အရေးယူအပြစ်ပေးမှုခံစားရမည့်အပြင် ပတ်ဝန်းကျင်၌ ဥပဒေပါပြဋ္ဌာန်းချက်နှင့်အညီ အေးချမ်းစွာစိုက်ပျိုးလုပ်ကိုင်နေသော အခြားတောင်သူ လယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းကိုလည်း ထိခိုက်မှုဖြစ်သွားစေနိုင်မည်မှာ မလွဲဧကန်ဖြစ်ပါသည်။ ထို့အတွက် ဥပဒေပါအခွင့်အရေးများကို အကျိုးရှိရှိအမိအရ လုပ်ကိုင်ဆောင်ရွက်သလို ဥပဒေပါ စည်းမျဉ်း၊ စည်းကမ်း များကိုလည်း လေးစားလိုက်နာရန် အထူးလိုအပ်ပါသည်။

ယခုအခါ တောင်သူလယ်သမားများအနေဖြင့်လည်း ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပြင်ဆင်သည့်ဥပဒေ ပေါ်ထွက်လာပြီဖြစ်သဖြင့် ဥပဒေနှင့်အညီ အခွင့်အရေးများ အချိန်နှင့်တစ်ပြေးညီ အပြည့်အဝခံစားရရှိနိုင်ရေးအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) အား လက်ဝယ်ကိုင်ဆောင်ထားရှိပြီးဖြစ်ရန် လိုအပ်ပါသည်။ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇ မရှိသေး ပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ထံ၌ လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်လွှာ ပုံစံ(၁)အား အခမဲ့ရယူ၍ လျှာက်ထားနိုင်ပါကြောင်းနှင့် လယ်ယာမြေလုပ်ကိုင်သူ တောင်သူလယ်သမားများအနေဖြင့် နိုင်ငံတော်မှ တရားဝင်လယ်ပိုင်ယာပိုင် ဖြစ်စေရေးဆောင်ရွက်ပေးမှုကို လက်လွတ်မခံဘဲ အလျင်အမြန် လျှောက်ထားရန် လိုအပ်ပါကြောင်း အသိပေး တင်ပြလိုပါသည်။

လယ်ယာမြေမှတ်ပုံတင်ခြင်းကိစ္စရပ်သည် “လယ်ယာမြေ” ဆိုသောစကားရပ်တွင် အကျုံးဝင်သော စိုက်ပျိုး မြေများကိုသာ စိုက်ပျိုးလုပ်ကိုင်ခွင့်ပေးရန် ရည်ရွယ်ဆောင်ရွက်ပေးသော လုပ်ငန်းစဉ်ဖြစ်ပါ၍ လယ်ယာ မြေဆိုသောစကားရပ်နှင့် အကျုံးမဝင်သောမြေများအတွက် လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်းကိစ္စရပ် အား ဆောင်ရွက်ပေး၍ မရပါကြောင်းလည်း ရှင်းလင်းအသိပေးအပ်ပါသည်။ သစ်တောကြိုးဝိုင်းမြေ စားကျက် မြေ၊ လယ်ယာမြေ အခြားနည်း အသုံးပြုခွင့် (လ/န-၃၉၊ လယ ၃၀ (က၊ ခ) စသည်ဖြင့်) ခွင့်ပြုထားသောမြေ အစရှိသောမြေများသည် လယ်ယာမြေဟူသော စကားရပ်၌ အကျုံးမဝင်ပါ၍ အဆိုပါမြေများကို သက်ဆိုင်ရာဝန်ကြီးဌာနက လုပ်ထုံးလုပ်နည်းနှင့်အညီ မူလအမိန့်အား ပယ်ဖျက်ပေးလိုက်မှသာ လယ်ယာမြေ ဟူသောစကားရပ်အတွင်း အကျုံးဝင်နိုင်မည့် ကိစ္စရပ်မျိုးဖြစ်ပါသည်။ လယ်ယာမြေဟု လုပ်ထုံးလုပ်နည်းနှင့်အညီ သတ်မှတ်ပြီးမှသာလျှင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များ လျှောက်ထားရယူနိုင်မည်ဖြစ်ပါကြောင်းနှင့် အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်ပါက သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်ဦးစီးဌာနရုံးများသို့ လည်းကောင်း၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ရုံးဖုန်း(၀၆၇၄၁၁၂၉၁) သို့လည်းကောင်း ဆက်သွယ်တင်ပြကြရန် အသိပေးအပ်ပါသည်။ ။

မြန်မာ့အလင်း